Tuesday, March 13, 2012

ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး

“ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။

ပထမတစ်မျိုးက လက်နက်ကိုင်ပြီး တိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေး လုပ်နိုင် တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့် အငတ်ခံနှိင်တယ်။ တတိယ အမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံ ရဲ အဆင်းရဲ အငတ်အပြတ်လည်း မခံနှိင်ဘူး၊ ခပ်ကြော ကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာ လုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့ လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျာကို ကျုပ်တာဝန်ပေးစရာ ရှိတယ်။””

အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇) တောင်တန်း နယ်ဒေသနှင့် ပြည်မ ပူးတွဲ လွတ် လပ်ရေးရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့လွတ်လပ် ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက်္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ ပြည့် နှစ် တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်သင်း အမှုဆောင် မဂ္ဂဇင်းအယ်ဒီတာနေရာအတွက် မဲပြိုင် ခဲ့ကြ ဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့သိရှိခဲ့သည်။

ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ် ကာလအထိ သူတို့နှစ် ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလတစ်လျှောက် တောင်ကြီးမြို့တွင် နေထိုင်ကာ တောင်တန်းဒေသ တိုင်းရင်း သားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများ နောင်ရေးကို စိုးရိမ် စိတ်ထားနေမိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ် အလုပ်အ မှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ် လည်း ကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ် တာဝန်ပေး ခန့်အပ်ခဲ့သည်။

 ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှ ဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း” အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်း သားပြည်သူများအား သွေးခွဲအုပ်ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ ရေးအတွက် အစွမ်းကုန်ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင် တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံ မတက် ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေး သည့် ဦးဖေခင်အား ဗိုလ်ချုပ် အနေဖြင့် ယုံကြည်စွာတာဝန်ပေးခဲ့ ခြင်းပင်ဖြစ်ပါသည်။

ဦးဖေခင် အဆိုတင်သွင်းရာတွင် ဆာဒေါ်မာန်စမစ်၏ ဆင်းမလား စက္ကူဖြူစာတမ်းသည် တောင်တန်းဒေသများ ကို ချန်လှပ်ထားပြီး ဆက်လက်ခြယ်လှယ်ဖို့ ၄င်းတို့၏ အလိုတော်ရိ ပဒေသရာဇ်တို့ ရာသက်ပန် တည်မြဲစေ ဖို့အတွက် နယ်ချဲ့၏ မဟာဗျူဟာတစ် ရပ်ဖြစ်ကြောင်း၊ နယ်ချဲ့အင်္ဂလိပ်တွေက  နှစ်ပေါင်း (၇၀) နီးပါး အုပ်စိုးခဲ့ ပြီးမှ ယင်းနယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက် တန်သေးဟုဆိုလျှင် နောင်နှစ်ပေါင်း (၁၀၀) ကြာသည် အထိ စောင့်ရဦးမည်လားဟု မေးလိုကြောင်း၊ မိမိတို့သည် ကျွန်ဘ၀ကို အတူတူရောက်ခဲ့သည့်အတွက် လွတ် လပ်သည့်အခါတွင်လည်း အတူတူပင် တစ်ပြိုင်တည်း လွတ်လပ် ချင်ကြောင်း၊ ပြည် မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးသည် အင်္ဂလိပ်နယ်ချဲ့တို့၏ ဆုံးဖြတ်ရန်ကိစ္စမဟုတ်ဘဲ၊ မိမိတို့အချင်းချင်း လွတ်လွတ် လပ်လပ် ကူးလူးဆက်ဆံ ညှိနှိုင်းဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း ရှမ်းပြည်လူထုကြီးကလည်း ပဒေသရာဇ် စော်ဘွား တွေ၏ ဖိနှိပ်ချုပ်ချယ်မှုများအား ဆက်လက် သည်းမခံနိုင်တော့ကြောင်း ပြောကြားသွားခဲ့သည်။

ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်္ဂလန်သို့သွားရောက်ကာ နန်းရင်းဝန်မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေး ရယူရာတွင် တောင် တန်းနှင့် ပြည်မပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာ တောင်းဆိုခဲ့ ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးနေကြစဉ် တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦးအမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင် တစ်ဦးသာဖြစ်ကြောင်း” ကြေး နန်းစာတစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသ လွတ်လပ်ရေးအ တွက် ရတက် မအေးဖွယ်အခြေအနေပင်။

ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်း ဆောင်ရွက်မှုကြောင့် တောင်ကြီး မြို့၌ ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေ သအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင် တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆို ရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေး သားဖော်ပြနိုင်ခဲ့သည်။

လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန်ပါးနပ်စွာ ကိုင် တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှု အောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကား လျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည် ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေးအတွက် အဓိကအကျဆုံး လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်ခဲ့ပါ သည်။ တိုင်းပြည်အတွက် အလွန်အ ရေးကြီးသည့် “တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လု ထုခေါင်းဆောင်တစ်ဦး အဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက် (ဗမက)  ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

 
နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စ တန်၊ ထိုင်း၊ ဖိလစ် ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေး ရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည် တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရ ကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အ ရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။

(ကိုးကား - ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၌ ရေးသားခဲ့သော အခန်း ဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ်)
 ----------------------------------------------------------------------------------------------------------------------------------

ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်သည့် လူထုခေါင်းဆောင်နောက်တစ်ဦးအဖြစ် တင်ပြလိုသူမှာ ဦးရာရှစ် ဖြစ်ပါသည်။ ဦးရာရှစ်သည် လည်း ဗိုလ်ချုပ် (ထိုစဉ်ကသခင်အောင်ဆန်း)၊ သခင်နုတို့နှင့် ကျောင်းနေဖက်တစ်ဦးဖြစ်သည်။ ဗမာ့အမျိုးသားရေးလှုပ်ရှားမှုတွင် ကနဦးအစကတည်းက ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ် လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သူ။ သခင်အောင်ဆန်း အယ်ဒီတာအဖြစ် ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် “ငရဲ ခွေးကြီး လွတ်နေပြီ” အမည်ရှိ ဆောင်းပါးဖော်ပြခဲ့မှုအတွက် သခင်အောင်ဆန်း ဖမ်းဆီးခံ ထားရချိန်တွင် သခင်နု နှင့်အတူ တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်းသားသပိတ် ပေါ်ပေါက်ရေးအတွက် အဓိကတာဝန်ယူ ဦးဆောင် ခဲ့ သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် ဖွဲ့ စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ တကသ ကိုယ်စားလှယ် ကောင်စီလူကြီး အဖြစ် ပထမဆုံး တာဝန်ယူလုပ်ဆောင်ခဲ့သည်။
 
 ဗိုလ်အောင်ကျော် ကျဆုံးသည့်အမှုတွင် ကျောင်းသားများဘက်မှ ရှေ့နေလိုက်ခဲ့သူလည်း ဖြစ်သည်။ ဝတ်လုံ တော်ရရှေ့နေ တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ ထွက်ပြေးခဲ့ရာ ဂျပန် ခေတ်တစ်လျှောက်လုံး အိနိ္ဒယနိုင်ငံ ၌ရှိနေစဉ် သခင်သိန်းဖေ (စာရေးဆရာ တက်ဘုန်းကြီး သိန်းဖေမြင့်) နှင့် အခြားမြေအောက် နိုင်ငံရေးသမားများအား မိမိအိမ်၌ အခမဲ့တည်းခိုနေထိုင်စားသောက်စေ၍ ဂျပန်ကို ပြန်လည် တော်လှန်မည့် မဟာမိတ်အင်္ဂလိပ်တို့နှင့် ဆက်သွယ်ရန် ကူညီပေးခဲ့ သည်။  ဗိုလ်ချုပ်တို့ မဟာမိတ်တို့နှင့် ပူး ပေါင်းကာ ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေး အရယူရန် ပြင်ဆင်နေ ချိန်တွင် ဗိုလ်ချုပ်ကိုယ်တိုင်က ဦးရာရှစ်ကို ဆက်သွယ်၍ “ဗမာပြည်ပြန်လာပါ။ ခင်ဗျားအကူအညီ ကျုပ်တို့ လို တယ်” ဟုဆိုကာ တိုင်းပြည်တည်ထောင်ရေးအတွက် ပြန်လည်ခေါ်ယူခဲ့သည်။ လေဆိပ်သို့ပင် ဗိုလ်ချုပ်ကိုယ်တိုင် ကြိုဆို ခဲ့သည်။


 ဖဆပလအဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြုကော်မတီ တွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့လွှတ်တော်တွင်၎င်း၊ လူမျိုးစု လွှတ်တော်တွင် လည်းကောင်း အမတ်အဖြစ် ပါလီမန် ဒီမိုကရေစီခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ နိုင်ငံတော်အစိုးရအဖွဲ့များ တွင် ပြည်သူ့အိုး အိမ်၊ ဆောက်လုပ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး (၁၉၅၂)၊ ကုန် သွယ်မှုဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တု တွင်းဌာနဝန်ကြီး (၁၉၅၆-၅၈)၊ အမျိုးသားစီမံကိန်း ဝန်ကြီးနှင့် စက်မှု၊ သတ္တုနှင့် အလုပ်သမားဝန်ကြီး (၁၉၆၀) စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။ အလုပ်သမား နှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ် လည်းကောင်း၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေးအဖွဲ့၊ အမျိုးသားအိုးအိမ်အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့နှင့် အမျိုးသား လူငယ်ကောင်စီများတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့ အမျိုး မျိုးတွင်   ခေါင်းဆောင်အဖြစ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း လိုက်ပါခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်လည်းကောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေးကောင်စီတွင် လည်းကောင်း တာဝန်ထမ်းရွက်ခဲ့သည်။ ဖဆပလ နှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB (Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေး သမဂ္ဂကောင်စီ) တွင် ဒုဥက္ကဌ ဖြစ်ခဲ့သေးသည်။ အိန္ဒိယသွေးပါသူ ဦးရာရှစ်အား နေရာပေးမှုအပေါ် သြဇာ အကြီးဆုံး အသိုင်းအ၀ိုင်းက အပြင်းအထန်ဖိအားပေးလင့်ကစား သူ၏မဆုတ် မနစ် ခေါင်းဆောင်မှုကြောင့် အရာမကျခဲ့ပေ။ ဦးနုက (အတိုက်အခံများနှင့် ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု   ပြောင်းရန် တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး သူ့နာမည်ရှေ့တွင် “ဦး” ကိုသာ တပ်ခဲ့သည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာအမ်၊အေ၊ရအူးဖ်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနတွင် သံအမတ် တစ်ဦး ဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ် စောစောပိုင်းကာလများတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီး တာဝန် ထမ်းဆောင်သွားခဲ့သည်။

ဤနေရာတွင် ဦးရာရှစ်နှင့် ပတ်သက်သော တိမ်မြုပ်နေသည့် ဖြစ်ရပ်တစ်ခုကို ပြန်လည် မျှဝေလိုပါသည်။ သမိုင်းကို မှတ်တမ်းတင် ရာတွင် အထောက်အထား၊ အတိအကျ ကိုးကားဖော်ပြနိုင်ခြင်းမရှိသည့် အချက်သည် မော်ကွန်းတင်ထိုက်စရာ၊ မှတ်ကျောက်တင် ခံနိုင်စရာ အထောက်အထား မဟုတ်နိုင်ကြောင်း ကောင်းစွာ နား လည်ပါသည်။ သို့သော် မိမိဖတ်မှတ် ကြားသိထားသည့် အချက် ကို မဖော်ထုတ်ဘဲ ထိန်ချန်ခြင်းသည်လည်း သမိုင်းကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု ခံယူမိသည့်အတွက် ဤအချက်ကို ရေး သားဖော်ထုတ်ပါမည်။ ၁၉၈၀ ပြည့်လွန်နှစ်များက သခင်အောင်ကြီး (ပေါင်းတည်) ပေဖူးလွှာမဂ္ဂဇင်းတွင် အခန်းဆက်ရေးသား ခဲ့သော “ကျွန် တော်အညာသားပါခင်ဗျား” ဆောင်းပါး ရှည်တစ်နေရာတွင် ဤဖြစ်ရပ်ကို ဖော်ပြခဲ့ဖူးပါသည်။

သိမီသူများ ဖြည့်စွက်ဆွေးနွေးအတည်ပြုစေလိုပါသည်။

ဦးနု ဦးဆောင်သည့် ဖဆပလအစိုးရ တိုင်းပြည်အုပ်ချုပ်စဉ်ကာလက ဖြစ်ပါသည်။ တစ်တိုင်းပြည်လုံး ရောင်စုံ သူပုန်များနှင့် တိုင်းရင်းသားခွဲထွက်ရေးသူပုန်များ ထကြွနေချိန်ဖြစ်သဖြင့် အစိုးရ၏ အာဏာစက် နယ်ပယ်ကျဉ်း မြောင်းနေချိန် “ရန်ကုန်အစိုးရ” ဟူ၍ပင် သမုတ်ခံနေရစဉ် ကာလအချိန် ဖြစ်သည်။ အစိုးရအနေဖြင့် တစ်တိုင်း ပြည်လုံးရှိ သူပုန်အနေအထားကို စိုးရိမ်နေရချိန်၊ တပ်မတော်တွင်း၌လည်း လက်နက်အင်အားနည်းပါးသဖြင့် ဒုက္ခကြုံလျက်ရှိပါသည်။ ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ်နေရူးထံ လျှို့ဝှက်ဆက်သွယ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံ ရေးအတွက် တစ်တပ်တစ်အား ကူညီခဲ့ရဖူးပါသည်။ 

ဘာသာရေးကိုအသုံးချတတ်သော ဦးနုသည် အိနိ္ဒယနိုင်ငံမှ ဗုဒ္ဓစွယ်တော်နှင့် ဗောဓိပင် ပင့်ဆောင်သည်ဟု အကြောင်းပြကာ အိနိ္ဒယမှ သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်စေပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ သူပုန်များမသိစေဘဲ အိနိ္ဒယမှ တပ်ရင်းသုံးခုစာမျှ စစ်လက် နက်များ ပြည်တွင်းအစိုးရထံသို့ လျှို့ဝှက်တင်သွင်းခဲ့ရဖူးပါသည်။ သခင်အောင်ကြီးသည် ဤလျှို့ ၀ှက်စစ်ဆင် ရေး၏ အခန်းကဏ္ဍတစ်ခုတွင်ပါဝင်ခဲ့ရပြီး နောက်တစ်ခေတ်တွင် ပြန်လည် ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။
------------------------------------------------------------------------------------------------------------------------------

ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်ခဲ့သော အမျိုးသားခေါင်းဆောင်နောက်တစ်ဦးမှာ ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးသွားသော မြန်မာ့ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ဖြစ်ပါသည်။

ဦးရာဇတ်ကို တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ပလုတ်ခေါ် ဒေါ်ငြိမ်းလှတို့မှ မွေး ဖွားသည်။ သားသမီး ၁၃-ယောက် အနက် စတုတ္ထသားဖြစ်သည်။ ဆရာကြီးကို ၁၈၉၈-ခု ဇန်န၀ါရီလ ၂၀ ရက် တနင်္လာနေ့၌ မိတ္ထီလာမြို့တွင် ဖွားမြင် သည်။ မောင်မောင်ကြီး ဟူသော အမည်ရှိသော်လည်း မတွင်ခဲ့ပါ။

 
မိသားစုသည် အလုပ်တာဝန်ကြောင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ရသောအခါ ဆရာကြီးသည် မန္တလေးမြို့ ၀က်စလီ ယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှစ၍ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်မြင်သောအခါ ၀က်စလီယန်   ယောကျာ်းလေးကျောင်းသို့ ပြောင်းရွှေ့သင်ကြားသည်။ ထူးချွန်သဖြင့် အတန်းကျော်၍ တက္ကသိုလ်ဝင်တန်းသို့ တင်ပေးရ သည်။ ၁၉၁၂-ခု တက္ကသိုလ်ဝင်စာမေးပွဲကို ထိုကျောင်းမှ အောင်မြင်သည်။ ၁၉၁၇-ခုနှစ် ရန်ကုန်မြို့ ကောလိပ်သိပ္ပံကျောင်းတွင် အိုင်အေ အထက်တန်းတက်နေချိန် အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာပထမဆုရရှိ၍ ဘိုင်မြား (Bhai Meah) ရွှေ တံဆိပ်ဆု ချီးမြှင့်ခြင်း ခံရသည်။ အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည်နယ်မှ ၃၆-ကောင်ထီ အကြောင်း ဆောင်း ပါး ရေးသားပေးပို့ခဲ့ရာ ပထမတန်းဆောင်းပါးဆု ရရှိသည။် ဆရာကြီးသည် စာပေပညာတွင် ထူးချွန်ရုံ မျှမက ခရစ်ကက်၊ လက်ဝှေ့၊ တင်းနစ်၊ ဘောလုံး စသည့် အားကစားများတွင် တက္ကသိုလ်က သတ်မှတ်ပေး သည့် Blue အဆင့်ရရှိသည်။ ဘောလုံး တွင် College First Eleven Player တစ်ဦးဖြစ်သည်။

ဆရာကြီးသည် ဗိုလ်ချုပ်တို့ထက် နှစ်နှစ်ဆယ်နီးပါး အသက်ကြီးသည်။ ထို့ကြောင့် မြန်မာ့အရေး လှုပ်ရှားခဲ့ရာတွင်လည်း ဗိုလ်ချုပ် တို့ထက် စောသည်။ အမျိုးသား ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည် မှာလည်း မန်္တလေးမြို့တွင်ဖြစ်သဖြင့် ဗိုလ်ချုပ်နှင့် အနီးကပ်လက်တွဲ မလုပ်ကိုင်ခဲ့ရပါ။

ဂျပန်ခေတ် ဂျပန်ကိုတော်လှန်ရန် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး (ဖတပလ) ဖွဲ့စည်းစဉ်က မန္တလေးမြို့တွင် (ရက်စက်ကြမ်းကြုတ်လှသော ဖက်ဆစ်ဂျပန်၏ အန္တရာယ်ကို ကြောက်၍) မည်သူမျှ ဥက္ကဋ္ဌ အဖြစ် တာဝန်မယူဝံဖြစ်နေစဉ်တွင် ဆရာကြီးက ရဲရဲဝံ့ဝံ့ခေါင်းခံကာ မန္တလေးခရိုင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ နောင်ဂျပန်ကို အောင်မြင်စွာတိုက်ထုတ်နိုင်ပြီးနောက် ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး (ဖဆ ပလ) ပြန်လည်ဖွဲ့စည်းချိန်တွင် အများစုက ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် ပြန်လည်အဆိုပြုကြချိန်တွင်မူ ပုဂ်္ဂိုလ် အချို့က မြန်မာမင်းနောက်ဆုံးစံခဲ့ရာ မင်းနေပြည်တော် မန္တလေးမြို့မှာ ကပြားသွေးနှောတစ်ဦးက ဥက္ကဋ္ဌ ဖြစ် ထိုက်ပါ့မလားဟု ကန့်ကွက်ကြရာ ရဟန်းတော်များကပင် “တခြားဘယ်သူမှ တာဝန်မယူ ရဲတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့တာဝန်ခံခဲ့တဲ့ ဒကာကြီး ရာဇတ်ပင် ဥက္ကဋ္ဌဖြစ်ထိုက်ကြောင်း”  ပြတ်သားစွာထောက်ခံခြင်းကြောင့် မန္တလေး ခရိုင် ဖဆပလဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

၁၉၄၇ ခုနှစ် မတ်လတွင် မန္တလေးမြို့မှ ကျော်ကြားထင်ရှားပြီး မျိုးချစ်စိတ်ဓာတ်ရင့်သန်သည့် ကျောင်းထိုင် ဆရာတော်ကြီးများ ဦးဆောင်ကာ လက်မှတ်ရေးထိုးကြပြီး ဖဆပလအစိုးရအဖွဲ့တွင် ဆရာကြီး ဦးရာဇတ်အား ၀န်ကြီးတစ်နေရာ ခန့်အပ်ပေးရန် ဗိုလ်ချုပ်အောင်ဆန်းထံသို့ တောင်းဆိုခဲ့ရာ ယင်းစာကို လက်ခံရရှိပြီးသည့် နေ့ နံနက် (၁၁) နာရီတွင် ကျင်းပသည့် ဖဆပလ အစည်းအဝေးမှာပင် ဆရာကြီးအား ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ဖဆပလ ၀န်ကြီးအဖြစ် ဗိုလ်ချုပ်တို့နှင့်အတူ အနီးကပ်လက်တွဲ လုပ်ဆောင်စဉ်အတွင်း ဗိုလ်ချုပ်သည် ဆရာကြီး၏ ခံယူချက် သဘောထား၊ မျိုးချစ်စိတ်နှင့် စွမ်းရည်တို့ကို လက်တွေ့ပိုမိုသိမြင်လာခဲ့ရာ မကြာမီပင် “အမျိုး သားစီမံကိန်း ” ၀န်ကြီးအဖြစ်ပါ ပူးတွဲခန့်ထား ယုံကြည်စွာတာဝန်ပေးခဲ့ပါသည်။

“အမျိုးသားစီမံကိန်းဆိုတာ အင်မတန်ကျယ်ဝန်းတယ်။ အရေးလည်းကြီးတယ်။ တိုင်းပြည်တစ်ခုလုံးရဲ့ တိုးတက် ရေးကို ရှေးရှုပြီး ကြီးပွားရေး၊ စီမံရေး၊ လူမှုရေး အကုန်လုံးခြုံပြီး အုတ်မြစ်ချတဲ့ ဌာနကြီးတစ်ခု ဖြစ်တယ်။ ဒီဌာနမှ ကိုင်ရတာ ဆရာကြီးအဖို့ တာဝန် လည်းကြီး အပင်ပန်းလည်းအခံရဆုံးပဲ။ သူမပြောနဲ့ဗျာ ဒီဌာနကြောင့် ကျွန်တော်တောင် ထမင်းလွတ်၊ ဟင်းလွတ် ရုံးတက်ရတဲ့ အခါလည်းရှိ၊ ည (၉) နာရီ (၁၀) နာရီမှ ရုံးဆင်းရတဲ့ အခါတွေလည်းရှိပုံတွေ စာရေးရင် မျက်လုံးထဲပေါ်နေတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာကြီးအပေါ် ဘယ် လောက်အထင်ကြီးခဲ့တယ်၊ ဘယ်လောက်ယုံကြည် ကိုးစားခဲ့တယ်ဆိုတာ ဒီအမျိုး သားစီမံကိန်းဌာနကို လွှဲအပ် အကိုင်ခိုင်းတာသာ ကြည့်ပေတော့။ ဒါကြောင့် ဆရာကြီးဦးရာဇတ်သည် ပညာရေးဝန်ကြီးဖြစ်တဲ့ အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဖြစ်ကြောင်းကို ကြေညာမောင်းခတ်ပေးပါဗျာ ”

(ဆရာကြီး ဦးရာဇတ် ၏ အတွင်းရေးအတွင်းဝန် အမျိုးသားကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးချစ်ဆွေ ၏ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် ဆောင်းပါး၊ ဗဟိုစည်သတင်းစာ ၊ ၁၉ ဇူလိုင်၊ ၁၉၆၄ မှ)
---------------------------------------------------------------------------------------------------------------------------------


ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တိုင်းပြည်အရေးအတွက် ယုံကြည်စွာရွေးချယ်ခဲ့သော အထက်ပါ လူထုခေါင်း ဆောင်များသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အနေနှင့် ထိုခေါင်းဆောင်ကြီးများနှင့် အတူ တကွလက်တွဲကာ တိုင်းပြည် ထူထောင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေစဉ် ကာလတစ်လျှောက် သူတို့၏ တိုင်းပြည်အပေါ်ထားသည့် မျိုးချစ်စိတ်ကို ပိုမိုနားလည်လာမိသည်။ ရံဖန်ရံခါ ဘာသာရေးနှင့် ပတ် သက်၍ပင် မိမိသိလိုသည်ကို မေးမြန်းဆွေးနွေးလေ့ရှိခဲ့သည်။

ထို့ကြောင့် ရွေးချယ်ပိုင်ခွင့်မရှိသော မွေးရာပါအနေအထားအရ “သွေးနှော”  ဖြစ်ကောင်းဖြစ်နေကြသော်လည်း မိမိတို့ရွေးချယ်ပိုင် ခွင့်ရှိသော ကိုယ်ကျိုးစီးပွားနှင့် အများအကျိုး တိုင်းပြည်အကျိုးတွင်မူ အများအကျိုးကို ရွေးချယ်ကြသည့် မြန်မာမွတ်စလင်မ်များ၏ အခန်းကဏ္ဍကို သတိပြုမိလာသည်။ မြန်မာမွတ်စလင်မ်တို့ကလည်း မိမိတို့သာသနာ၏ အဆုံးအမဖြစ်သော ““ဇာတိမြေကို ချစ်မြတ်နိုးခြင်းသည် သာသနာ့ယုံကြည်မှု၏ အစိတ် အပိုင်းဖြစ်သည် ” “ သင်တို့ထဲမှ အကောင်းဆုံးသူသည် ဝေနေယျတို့အကျိုး သယ်ပိုးသူများဖြစ်သည် ”  အစရှိသည့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ) ၏ ဆုံးမသြ၀ါဒများကို ဖ၀ါးခြေထပ်လိုက်နာလျက် တိုင်းပြည် ရေးအတွက် ကဏ္ဍအသီးသီးမှ တက်ကြွစွာ တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်။ ယင်းအချက်ကို ကောင်းစွာ သိ နားလည် ခဲ့သော ဗိုလ်ချုပ်၏ လူမျိုးရေးရာ သဘောထားအမြင်ကို ရွှေတိဂုံစေတီ အလယ်ပစ္စယံ ဖစပလ ညီလာ ခံ သဘင်ကြီးတွင် မိန့်ကြား ခဲ့သော အောက်ပါ မိန်.ခွန်းက ထင်ဟပ်ပေါ်လွင်နေပါလိမ့်မည်။

“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ်  အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ် မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ် ကိုး ကွယ်သည့် ဘာသာတရား ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနု ရက္ခိတ တရားသည် တည်နေပေသည်။”

ဒီးဒုတ်သတင်းစာ ဧက ဒသမတွဲ နံပါတ် ၄၁ ဇူလိုင်လ ၂၇ ရက်၊ ၁၉၃၅၊ စာမျက်နှာ ၅၊ ၆ တွင်လည်း ဗိုလ်ချုပ် အောင်ဆန်းက အမျိုးသားစိတ်ဓာတ်နှင့် ပတ်သက်၍ “သွေးတူခြင်းထက် စိတ်ကူးတူခြင်း ရှေးဟောင်း နှောင်း ခေတ်တွင် ဒိုးတူဘောင် ဘက် ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားစိတ်ကို ပိုမိုဖန်တီးလေသည်။” ဟု ရေးသားခဲ့ပါသည်။

ထို့အတွက်ကြောင့်ပင်လျှင် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ  လူထုအစည်း အဝေးပွဲကြီး၌ ဖဆပလအဖွဲ့မှ ဆရာကြီး ဒီးဒုတ်ဦးဘချိုမှ အဆိုအမှတ် (၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို တင်သွင်းရာ တွင်-

“ ဗမာမွတ်စလင်မ်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားသွား ခဲ့ပါသည်။

 
အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို အပြည့်အစုံ-

၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ  လူထုအစည်းအဝေးပွဲကြီးသို့ အမျိုးသား တပ်ပေါင်းစု အ သွင်ဖြင့် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ခဲ့ကြပါသည်။ ယင်းအဖွဲ့အစည်းများတွင် အာဇာ နည်ခေါင်းဆောင်ကြီး ဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်တို့ ဦးဆောင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာ မွတ်စလင်မ်ကွန်ဂရက် (ဗမက) လည်း အပါ အ၀င် ဖြစ် သည်။ ထိုညီလာခံသဘင်ကြီး၌ ဖဆပလအဖွဲ့မှ ကိုယ် စားလှယ် ဆရာကြီးဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့သည့် အဆို အမှတ် (၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့် အဆိုအကြောင်းကို ၄၊ ၂၊ ၁၉၄၆ ရက်စွဲထုတ် ဒီးဒုတ်ဂျာနယ် တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ ပါသည်။ (စာလုံးပေါင်းအား မူရင်းစာသားအတိုင်း ကူးယူဖော်ပြထားပါသည်။)


ဗမာမူဆလင်သည် ဗမာ

“ကျွန်တော်၏ စာဆို စတုတ္ထပိုင်းကတော့ ဗမာမူဆလင်များနှင့် ပတ်သက်ပါတယ်။ ဗမာမူဆလင်များဟာ ရှေးက ဗမာများနှင့် အယူ ဘာသာခြားရုံနှင့် မိမိတို့ကိုယ်ကို နိုင်ငံခြားသားများစာရင်းတွင် သွတ်သွင်းကာ ဗမာနိုင်ငံရေး တွင်မပါဝင်ဘဲ လျစ်လျူရှုခဲ့ကြပါ သည်။ ယခုစီးပွားရေး ပေါင်းသင်းဆက်ဆံရေး၊ ယဉ်ကျေးမှုအစစမှာ ဗမာတို့နှင့် ခွဲလို့မရသော မြန်မာလူမျိုးများပင်ဖြစ်နေကြောင်း၊ အယူမှန် အမြင်မှန်သို့ ရောက်ရှိလာကြသည့်အတိုင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ဗမာမူဆလင် ပျဉ်းမနားကွန်ဖရင့်ကြီးက ငါတို့သည် ဗမာများပင်ဖြစ်သည်ဟု ကြွေးကြော် ဆုံးဖြတ်ခဲ့ကြသည်ကို ဤညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း၊ ဤသို့သဘော ထားကြသော ဗမာ မူဆလင်များကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်သော အခွင့်အရေးများကိုပေးရန် သဘောတူကြောင်း ဟူသော အဆိုဖြစ်ပါတယ် ””။

မူလာအစ်စမေလ်

ဤကိစ္စနှင့်စပ်လျဉ်း၍ ကျွန်တော် ပြောလိုသည့်မှာ ကျွန်တော်တို့ကို သွေးခွဲသူမှာ နယ်ချဲ့စနစ်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်၌ သက်ဦးဆံပိုင် မြန်မာဘုရင်များ အုပ်စိုးစဉ်က လူနည်းစုံများကို မနှိမ်ခဲ့ပါ။ ကုလားလူမျိုး များထဲမှ မူလာအီစမေလ်သည် မြန်မာ ဘုရင်ထံတွင် အမှုတော်ကို ထမ်းရွက်သောအခါ ဘောဂသေဋ္ဌိ သူဌေးဘွဲ့ ကို အပ်နှင်းခဲ့သည့်ပြင်၊ ကျောက်ရဲမြို့ကို အပိုင်စားပေး၍ အထောက်တော်ဝန် ခန့်ထားခဲ့ပါသည်။ ထိုအခါမှစ၍ ၎င်းတို့၏ အဆက်အနွယ်များသည်၊ မြန်မာထီးနန်း ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများကို လိုက်နာကျင့်သုံးစွဲခဲ့ ကြခြင်းဖြင့် အယုဘာသာမျှသာ ကွာခြားသော ဗမာလူမျိုးများဖြစ်လာကြပါသည်။ မြန် မာပြည်တွင် မင်းတုန်းမင်း တရားကြီး သီပေါမင်းတရားကြီးလက်ထက် မင်း (၂) ဆက်တွင် စောင်းနှင့် အမှုတော် ထမ်းခဲ့ ရသော စောင်း ဆရာကြိး ဒေ၀ဣန္ဒာ၏ တပည့်ရင်းမှာ မူလာအစ်စမေလ်တို့၏ အနွယ်အဆက် စောင်းဆရာကြီး မောင်မောင်လတ် ဟူသော ဗမာမူဆလင်ပင်ဖြစ်၍ ယခု မန္တလေးတွင် ထင်ရှားရှိနေပါသည်။ မြန်မာစောင်းပညာကို ထိုပုဂ္ဂိုလ် ကြီးထံမှ သင်ယူလေ့ လာကြရပါသည်။ ထိုမှတစ်ပါး မဟာဂီတကျမ်းဝင် ရွှေနားတော်သွင်းဖြစ်သော မြန်မာရှေး သီချင်းကြီးများကို ကောင်းစွာ တတ် ကျွမ်းကြသော  ကျိုက်လပ် ဦးအီစမာအင်၊ ကြည့်မြင်တိုင် ဦးဘူးတား၊ ဟင်္သာတ ဦးဘအိုစသော ဂီတပါရဂူတို့မှာ ဗမာမူဆလင် များဖြစ်ကြပါသည်။ ဗမာမူဆလင်တို့မှာ ဤသို့ပင် ဗမာ့အလှယဉ်ကျေးမှုများကို လေ့လာလိုက်စားခဲ့ကြခြင်းဖြင့်ပင် ဗမာလူ မျိုးဖြစ်ကြောင်း သက်သေခံကြီး ထင်ရှားလှပါသည်။

ဗမာမူဆလင် ထိမ်းမြားပွဲ

မြန်မာလူမျိုးတို့၏ လက်ထပ်ထိမ်းမြားပွဲကား ဘာသာရေးမဟုတ် ပေါင်းသင်းဆက်ဆံရေး သက်သက်မျှ ဖြစ်ပါသည်။ မူဆလင် ဘာ သာဝင်တို့ကား ဘာသာတရားအရ လက်ထပ်ရပါသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ တွံတေးမြို့ ၌ ခေတ္တနေစဉ်က ကျွန်တော်တွေ့ခဲ့ ရသော ၀မ်းမြောက်ဖွယ်တစ်ရပ် ကို အစီရင်ခံလိုပါသည်။ မူလာအစ်စမေလ်၊ မူလာဒါဝတ်တို့၏ အဆက်အနွယ်များဖြစ်သော ဗမာ မူဆလင်လက်ထပ်ပွဲတစ်ခုတွင်၊ နံနက်ပိုင်း၌ မူဆလင် ဘာသာတရား ပညတ်ချက်အရ လက်ထပ်ပြီးစီးသောအခါ မြန်မာ ယဉ်ကျေး မှုဆိုင်ရာ မြန်မာတို့ ထုံးတမ်းအရ အမျိုးသမီးကလေးမှာ ဗမာထဘီ အင်္ကျီလက်ရှည် ဆံမြိတ်ချနှင့် သတို့သားမှာလည်း ပုဆိုးတောင်ရှည်၊ ရင်ဖုန်း အင်္ကျီခေါင်းပေါင်းနှင့် ၀တ်ဆင်လျှင် မြန်မာပီပီပွဲထုတ် ဧည့်ခံကျွေးမွေး ထိမ်းမြာခြင်းပြုသဖြင့် ကျွန်တော် ကိုယ်တိုင်ပင် ၀မ်းမြောက်ဝမ်းသာ သြဘာစာများ ဘတ်ကြားချီးမြှင့်ခဲ့ပါသည်။ ဤသို့ ဗမာမူဆလင်များသည် မိမိတို့သည် ဗမာ လူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေး မည်ဖြစ်ကြောင်း ဤညီလာခံကြီးက ကြွေးကြော်လိုက်ပါသည်။

(ကိုးကား - အံ့ဖွယ် အက္ကဆာကျောက်ဖျာနှင့် အစ္စလာမ့်သုတ မဂ္ဂဇင်း)

အိနိ္ဒယနိုင်ငံသို့ ဆရာကြီးဦးရာဇတ် မြန်မာ့ကိုယ်စားလှယ်ပညာရေး ၀န်ကြီးအဖြစ် သွားရောက်စဉ် အိနိ္ဒယနိုင်ငံ မှ “ မြန်မာနိုင်ငံ တွင် အစ်္စလာမ် ဘာသာဝင်လူနည်းစု အခန်းကဏ္ဍဘယ်လိုရှိပါသလဲ ” ဟု မေးမြန်းသည်ကို ဆရာကြီးက “We don’t regard ourselves as minority; we merge with the majority… ကျွန်တော်တို့ကိုယ့်ကိုယ်ကို လူနည်းစုလို့ သဘောမထား လူများ စုနဲ့ ပေါင်းလိုက်တယ်  ...” ဟု ပြန်ဖြေခဲ့ခြင်း သည် ဗမာမွတ်စလင်မ်တို့၏ ရပ်တည်မှုပင် ဖြစ်ပါသည်။

 တိုင်းပြည်အပေါ် သစ္စာစောင့်သိသော အခြားဘာသာဝင် လူနည်းစုများအပေါ်တွင် ထားရှိသည့် ဗိုလ်ချုပ်၏ သာတူညီမျှ အခွင့် အရေးပေးလိုမှုကို ဖော်ညွှန်းသည့် အခြားမိန့်ခွန်းတစ်ခုကိုလည်း  ဖော်ပြလိုပါသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် ဖဆပလ ပဏာမပြင်ဆင်မှု ညီ လာခံကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့် အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းရန် သင့်ကြောင်း အဆိုတင်သွင်းသည်။ ဤအဆိုနှင့် ပတ်သက်၍ ဆွေးနွေးကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းက ဦးဘချိုကို အောက်ပါ အတိုင်း ချေပ ပြောဆိုခဲ့ပါသည်။

“…သည်မှာ ဆရာ ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။ သည်လို မဟုတ်မဟတ် ကိုယ် ထင်ရာတွေ   လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သား ပေါက်ဖြစ်သွားမှာဘဲ။ ကျွန်တော် တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက မူဆလင်တွေရှိ တယ်။ ဘရင်ဂျီတွေရှိတယ်။ အစတုန်းကရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်းတန်းသားတွေရှိတယ်။ အဲသည် တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တချို့ခရစ် ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။ သူတို့တစ်တွေဟာ အားလုံးနိုင်ငံသားတွေပဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်း မဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။ ယခု ကျွန်တွင်းက လွတ်မည်မကြံသေးဘူး သူတို့ တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမည်လို့ လုပ်လိုက်လျှင် ကျွန်တော်တို့ ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့ဆရာ။ တိုင်းပြည် ကို တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနှင့်။ ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်၊ ... ယခုအ ချိန်မှာလိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့် လူတွေ ပေါ်မလာစေဘဲ နိုင်ငံရေး စိတ် ဓာတ် တစ်ခုတည်းရှိအောင် သွင်းပြီး စည်းလုံးဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓ ဘာသာ လုပ်ချင်ရင် ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ဒါယကာတော် တက်လုပ်။ ပြီးတော့ စည်ကုံးခရိုင်နဲ့တကွ စိုးမိုးအုပ်ချုပ်တော်မူသော သီရိပဝရဓမ္မရာဇာ ဘဝရှင်မင်းတရားကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာဟာ ဆရာကြေညာ၊ ကျွန်တော်မပါဘူး ။” 

 (ပြည်ထောင်စုမြန်မာနိုင်ငံတော် (ပါလီမန်) တတိယပြည်သူလွှတ်တော်ညီလာခံမှတ်တမ်း၊ စာတွဲ ၅၊ အစည်း အဝေး အမှတ်-၃၊ ရန်ကုန်၊ အစိုးရပုံနှိပ်တိုက်၊ ၁၉၆၂၊ စာ ၃၇၀- ၃၇၁ ။)

(မှတ်ချက်။       ။ ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်၏ သာတူညီမျှစိတ်ဓာတ်ကို ဖော်ညွှန်းလိုခြင်းသာဖြစ်ပြီး နိုင်ငံတော် ဘာသာပြဋ္ဌာန်းခြင်း ကောင်း၏ဆိုး၏ သုံးသပ်ချက် မဟုတ်သည့်အတွက် ထိုအကြောင်းအရာ ကို မဆွေးနွေးလိုပါ။)

ကြာခဲ့ပါပြီ... ဗုဒ္ဓဘာသာဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိုတို့၏ သွေးများ၊ အစ္စလာမ်ဘာသာဝင် ဆရာကြီး ဦးရာဇတ်၊ ခရစ် ယာန်ဘာသာဝင် မန်းဘခိုင်တို့၏ သွေးများ စုစည်း၍ သွေးချောင်းစီးခဲ့ရသည်ပင်လျှင် နှစ်ပေါင်း (၆၀) ကျော်ခဲ့ပါပြီ။ ခေတ်စနစ် အလီလီလည်း ပြောင်းခဲ့ရပြီးပါပြီ ...။

ထင်သာမြင်သာရှိလှသော နိုင်ငံရေးအပြောင်းအလဲများစွာဖြင့် အမျိုးသားရင်ကြားစေ့ရေး သာတူညီမျှ လူ့အခွင့် အရေးအများ အတွက် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီခေတ်သစ်ကာလတွင် ...

ဗိုလ်ချုပ်တို့ပေးချင်ခဲ့သည့် သာတူညီမျှအခွင့်အရေး၏ အငွေ့အသက်မျှဖြစ်ဖြစ်တော့ ခံစားလိုပါသည်။ အနည်းဆုံးအဆင့် ဒီမြေ မှာမွေး၊ ဒီမြေမှာပင်ကြီးကာ ဒီမြေတွင်ပင်သေကြရမည့် ကျွန်တော်တို့အတွက် နိုင်ငံသား အခွင့် အရေး အပြည့်အ၀ရရှိစေရန် အထူးလိုအပ်ချက်တစ်ခုဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်များ ယခုထက် လွယ်ကူစွာ ချပေးခံကြရလိုပါသည်။ နိုင်ငံသားမဖြစ် ထိုက်သူများ နိုင်ငံသားကတ်ထုတ်မပေးမိစေရန် စစ်ဆေးရမည်မှာ အမှန်ပါ။ သို့သော် ဘိုးဘေးဘီဘင် ဒီမြေမှာ နေလာကြသူ တို့အဖို့မူ “ယခင်က ရှိခဲ့သော၊ ယခုရှိမရှိ မသေချာ လှသေးသော” မလိုအပ်သည့် ကြန့်ကြာမှု၊ အခက်အခဲများ၊ လျော့နည်း သွားစေ လိုလှပါသည်။ ဘိုးဘေး အဆက်ဆက် နှစ်ပေါင်းရာကျော်အတွင်း နိုင်ငံခြားသွေးနှောမှု တိုက်ရိုက်မည်သို့မျှ ရှာမတွေ့နိုင် သည့် သူများ အားလည်း မိဘဘိုးဘွားအားလုံး၏ မှတ်ပုံတင်တွင် လူမျိုးဗမာ ကိုးကွယ်ရာဘာသာ အစ္စလာမ်အဖြစ် ဖော်ပြခံခဲ့ ကြရာမှ မိမိတို့လက်ထက်ရောက်ကာမှ အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်မိသည့်အတွက် နိုင်ငံသား စိစစ် ရေးကတ်တွင် အိနိ္ဒယ သို့မဟုတ် ပါကစ္စတန်လူမျိုး၊ သွေးနှောအဖြစ် ဇွတ်အဓမ္မ အထည့်ခံရသည့်ဝဋ် ဒုက္ခမှ လည်း ကင်းဝေးလိုပါသည်။ (ဤအကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည်ကိုလည်း သီးခြားထပ်မံ၍ မျှဝေပါဦးမည်။)

ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသား၊ မြန်မာမွတ်စလင်များ အနေနှင့်လည်း ရှေးအထက်ထက် က မိမိတို့ဘိုးဘေး များ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သည့်နည်းတူ တာဝန်ကျေရန် ကြိုးပမ်းကြရပါဦးမည်။ သူတို့ကိုပေးခဲ့သော အခွင့်အရေးမျိုး ကျွန်တော်တို့ လက်ထက်တွင်ခံစားလိုပါက သူတို့ကဲ့သို့ စိတ်မျိုးထား ကာ ကိုယ်ကျရာကဏ္ဍမှာ အကောင်းဆုံး တာဝန်ကျေပွန်ကြ ရပါမည်။ ကျွန်တော်တို့ အမြဲနှလုံးသွင်း၊ ဆင်ခြင် အပ်သည့် တမန်တော်မြတ်၏ သြ၀ါဒတစ်ခုဖြစ်သည့် “အထက်လက် သည် အောက်လက်ထက်မြတ်သည်” ဆို သည့် သြ၀ါဒကို မျှဝေလိုပါသည်။ စာလုံးနည်းနည်းနှင့် အဓိပ္ပါယ် အလွန်လေးနက်လှ သည့် သွန်သင်ချက် ဖြစ်ပါ သည်။ ကိုယ့်ဘက်က ရယူသူ သက်သက်မဟုတ်ဘဲ၊ ပေးဆပ်သူ၊ မွတ်စလင်မ်ဟူသော ဂုဏ်ပုဒ်နှင့်အညီ ငြိမ်း ချမ်းရေးကို လက်တွေ့ဖော်ကြူးသူ၊ မုဟ်စင်န် ခေါ် လောကကို အလှဆင်သူများ အမှန်တကယ် ဖြစ်လာစေရန် ကျွန်တော်တို့ ၏ တာဝန်ဖြစ်ပါသည်။

ပတ်ဝန်းကျင်တွင်လူပိုများမဖြစ်စေရန် ကြိုးစားကြရပါမည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုး အတွက် အများနှင့်သဟဇာတဖြစ်ကာ စံပြလက်တွဲ၍ ဦးဆောင်ကြရပါမည်။ အစ္စလာမ့်အဆုံးအမ နှင့် လားလားမျှ တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသော တိုင်းတပါး အိမ်နီးချင်းနိုင်ငံမှ လူမျိုးရေး ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများအား ပုံတူကူးချ ကျင့် သုံးခြင်းသည်လည်း မိမိတို့ကို နားလည်မှု ပိုမိုလွဲမှားစေရာဘက်သို့ ဦး တည်နိုင်ကြောင်းကိုလည်း သတိပြုသင့်ပါသည်။ အစ္စလာမ့်အဆုံးအမအရ မိမိကြမ္မာကို မိမိသာလျှင် ဖန်တီးရမည်ဖြစ်ကြောင်းကိုလည်း သတိပြုစေလိုပါသည်။

 “မုချဧကန် လူ့အစုအဝေးတစ်ရပ်သည် မိမိကိုယ်မိမိ မပြုပြင် မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာအရှင်မြတ်ကလည်း   ပြုပြင်ပြောင်းလဲပေးမည်မဟုတ်” (ကျမ်းမြတ်ကုရ်အာန်၊ ၁၃း၁၁)

အချို့ကလည်း ဆိုကြပါသည်။ တို့ဘိုးဘေးများ လက်ထက်ကလည်း ဤအရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ကြိုးပမ်းခဲ့သမျှလည်း သဲထဲရေသွန်ဖြစ်ခဲ့ရပြီး ဒုံရင်းဒုံရင်းပင်ဖြစ်သည့်အတွက် ကြိုးပမ်းလိုစိတ်မရှိတော့ပါ။ ရှိသ လိုပင် လက်ခံလိုက်ကာ ခပ်ဝေးဝေးနေ ကြရုံပေါ့ဟု ပြောကြပါသည်။ ဖတ်မှတ်ခဲ့ဖူးသော အသုံးအနှုန်းလေးကိုပင် ပြန်လည်ဝေမျှလိုပါသည်။ ကျွန်တော်တို့သည်လည်း “ချောတိုင်တက်” နေကြခြင်းပင်ဖြစ်ပါသည်။ ပန်းတိုင် ရောက်လုနီးပါးဖြစ်ပြီးမှ ပြုတ်ကျခဲ့ရဖူးသော်လည်း အကြိမ်ကြိမ် မဆုတ် မနစ်ကြိုးပမ်းက တစ်ချိန်ချိန်တွင်တော့ အရောက်လှမ်းနိုင်ပါလိမ့်မည်။ သေချာသည်ကတော့ ကျွန်တော်တို့အားလုံးယခုထက်ပို ကြိုးစားကြရပါဦးမည်။

မြန်မာမွတ်စလင်တို့၏ သမိုင်းဝင်ဓါတ်ပုံများ (MMSY ညီကိုမောင်နှမများ၏ ကြိုးစားအားထုတ်မှု့)

စီစဉ်တင်ပြသူ …ကိုကျော်မိုးအောင်

အထက်ပါ ပိုတ်စ့်ကို Pdf အဖြစ် သိမ်းထားလိုသူများ ဒီ မှာ ဒေါင်းပါ.....

Source:  http://news.mmsy.info/news/1583

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)