Monday, March 19, 2012

ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ (၈)

ဗုဒ္ဓဟူသည်-

ဓမ္မသဘောထက် ပုဂ္ဂိုလ်ဇောင်းပေး သိဒ္ဓိတင်လိုသူ တစ်ချို့၏ ၀ါဒဖြန့်ချီမှုများကြောင့် ယခုအခါ- ကျွန်ုပ်တို့၏ မြန် မာ ဗုဒ္ဓဘာသာဝင် ညီအစ်ကိုများ၏ စိတ်တွင် ဗုဒ္ဓသည် ဂေါတမ၊ ဂေါတမသည် ဗုဒ္ဓ ဖြစ်သည်ဟု စွဲမှတ် ယုံ ကြည်လာသည်ကို တွေ့ရသည်။ တနည်း အားဖြင့် ဗုဒ္ဓ ဟူသည့် ဂုဏ်ပုဒ် ၀ိသေသအား လူပုဂ္ဂိုလ်တစ်ဦး အတွက် မူပိုင်ဆွဲထားခြင်း တစ်မျိုး ဖြစ်တော့သည်။ သို့ဖြင့် ပုဂ္ဂိုလ်ရေး အစွဲများ စွန်းထင်လျှက်- ထိုပုဂ္ဂိုလ်တစ်ဦး တည်း၌ သာ ယစ်တွယ်နေတော့သည်။

အမှန်တကယ်တွင် ဗုဒ္ဓ၊ ခရစ်၊ နဗီ ဆိုသည့် ဝေါဟာရများမှာ သမ္မတ၊ အဓိပတိ၊ ဦးသျှောင် ဟူသည့် ဝေါဟာရ များကဲ့သို့ ဘွဲ့ ဂုဏ်ပုဒ် များပင် ဖြစ်ပေသည်။ မိမွေးတိုင်း ဘမွေးတိုင်း သဘာဝ လူသားတစ်ဦးသည်- မွေးက တည်းကပင် သမ္မတ ဟူသည့် ဂုဏ်ဒြဗ်ဘွဲ့တံဆိပ်နှင့် ပူးတွဲမွေးဘွားလာခြင်း မဟုတ်ချေ။ သမ္မတ တစ်ဦးအဖြစ် ရွေးချယ်ခံရမှသာလျှင် သူသည် သမ္မတဟူသည့် ဘွဲ့အား ရနိုင်လေသည်။

အလားတူပင် ဗုဒ္ဓ ဟူသည့် ဘွဲ့မှာ ကိုယ်တော်ဂေါတမ မွေးဘွားလာမှ ကိုယ်တော် ဂေါတမ နှင့်အတူ ပေါ်ပေါက် လာခဲ့သော ဘွဲ့ မဟုတ်သလို- ကိုယ်တော်ဂေါတမ၏ အမည်နာမလည်း မဟုတ်ချေ။ ထို့ပြင် ဤကမ္ဘာ၌ ကိုယ် တော်ဂေါတမ တစ်ဦးတည်းသာ ရသင့်ရထိုက် ဖြစ်ခဲ့သော တစ်ဦးတည်းပိုင်ဆိုင်ခွင့် ဘွဲ့လည်း မဟုတ်ပေ။

လောက၌ ဗုဒ္ဓအဆူဆူပွင့်ပေါ်ခဲ့ပြီ ဟု ဗုဒ္ဓဘာသာတိုင်း နားလည်လက်ခံပြီးသား ဖြစ်သည်။ ဗုဒ္ဓဘွဲ့ကို ဆွတ်ခူးရန် ဗောဓိဆုသုံးမျိုးကို ပန်ဆင် ဖြည့်ဆီးရသည်ဟုလည်း ဗုဒ္ဓဘာသာတိုင်း နားလည်လက်ခံထားပေသည်။ ဥပမာ အားဖြင့် လူတစ်ဦးသည် သမ္မတ တစ်ဦး ဖြစ်ရန် သမ္မတဖြစ်နိုင်သည့် အရည်အချင်းများ ပြည့်မှီရန် အဘက် ဘက်မှ ကြိုးစားခဲ့ရသည်၊ သမ္မတ ဂုဏ်အရည်အချင်း ကို ဖြည့်ဆီးရသည်။

သို့တိုင် လူတိုင်း လက်ခံချင်မှ လက်ခံမည်။ အတိုက်အခံများမှ ဟုတ်သည် မဟုတ်သည် အားလုံးကို စုပေါင်းလျှက် ပုတ်ခတ်တိုက် ခိုက်နေဦးမည်ပင်။ ကိုယ်တော်ဂေါတမက သူ့ကိုယ်သူ ဗုဒ္ဓဘွဲ့ ဆွတ်ခူးသည်ဟု ရင့်ကျူး စေကာမူ- သူ၏ အနီးစပ်ဆုံး အဖေါ် ဒေ၀ဒတ် အပါအ၀င် ထိုခေတ်ကာလမှ အများစုကြီးမှာ သူ့အား ဗုဒ္ဓ ဘွဲ့ ဆောင် အဖြစ် အသိအမှတ် မပြုခဲ့ချေ။ အလားတူ ပင် ကိုယ်တော်ယေရှုက သူ့ကိုယ်သူ ခရစ်တော် ဖြစ်သည်ဟု ကြွေကြော်ငြားလည်း သူ့ခေတ်မှ လူသား အများစုကြီးက လက်မခံ ခဲ့ချေ။ (သူမတိုင်မှီ နှစ်ငါးရာ စောသော ကိုယ်တော်မူဆာကလည်း ခရစ်တော် ဖြစ်သည်ဟု ဆိုခဲ့သည်။ ဟေဗြဲသြ၀ါဒ ၁၁း၂၅-၂၆) ကိုယ်တော် မုဟမ္မဒ် သည်လည်း အလားတူပင် သူ့ကိုယ်သူ နောက်ဆုံးပွင့် ဉာဏ်စဉ်တော်ဆောင်၊ သတင်းတော်ဆောင် ဖြစ်သည် ဟု မည်မျှပင် ၀န်ခံသော်လည်း- သူ့အား လက်ခံသူသည်သာ လက်ခံ၍- လက်မခံ အသိအမှတ်မပြုသော လူသား ထုမှာ ဒုနှင့်ဒေး ပင် ဖြစ်သည်။

ထိုအခါ- ကိုယ်တော်ဂေါတမအား ထောက်ခံသူများ၊ ကိုယ်တော်ယေရှုအား လက်ခံသူများ၊ ကိုယ်တော်မုဟမ္မဒ် အား လိုက်နာသူများ က- မိမိတို့၏ ခေါင်းဆောင်များသည်- ဗုဒ္ဓစင်စစ်ဖြစ်ကြောင်း၊ ခရစ်တော်အမှန်ဖြစ်ကြောင်း နဗီ ဧကန် ဖြစ်ကြောင်း အထပ်ထပ် အလီလီ ပြောဆို သက်သေခံရာမှ- ထိုဘွဲ့များသည် တစ်ဦးတည်ပိုင် နာမ်ကဲ့ သို့ ဖြစ်လာခဲ့သည်။

အဆိုပါ ကိစ္စများ၌ ကိုယ်တော်မုဟမ္မဒ်မတိုင်မှီ လူမျိုးတိုင်းအတွက် ရစူလ်၊ နဗီပွင့်ပေါ်ခဲ့သည်ဟု လက်ခံယုံကြည်သော အစ္စာလမ် သာသနာ၏ သွန်သင်မှုအရ မူဆလင်များက ကိုယ်တော်မုဟမ္မဒ် တစ်ပါးတည်းသာလျှင် နဗီ မဟုတ်၊ ကိုယ်တော်မတိုင်မှီခေတ်များ က လူသားတို့အား သွန်သင်လမ်းပြရန် နဗီ၊ ရစူလ် (တသင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင်)များ ပွင့်ပေါ်ခဲ့ပြီးဖြစ်၍-  ထို ပုဂ္ဂိုလ်တိုင်းတွင် နောက်လိုက်ဒကာ (အွန်မတ်)များ ရှိခဲ့သည် ဟု ရိုးရှင်းစွာ လက်ခံနိုင်သော်လည်း–၊ အစ္စလာမ်မတိုင်မှီ ရှေး ဘာ သာဝင်တို့မှာ မိမိတို့၏ လက်ခံယုံကြည်ရာ ပုဂ္ဂိုလ်မှအပ အခြားအခြားသော လူသားပုဂ္ဂိုလ်တို့သည် သက်ဆိုင်ရာ ဘာသာတရားက ချမှတ်သည့် အမြင့်ဆုံး သော ဘွဲ့ (ဗုဒ္ဓ၊ ခရစ်) ဆိုသည်များမှာ အခြားသော တစ်စုံတစ်ယောက်နှင့် မသက်ဆိုင်သကဲ့သို့ ဖွင့်ဆိုမှု များ ပြု လေတော့သည်။

ထိုသို့ ဖွင့်ဆိုပေးမှုမှာ မိမိ၏ ခေါင်းဆောင်အပေါ်၌ ပုဂ္ဂိုလ်ရေး တန်ဘိုးထားသည်မှာ မှန်သော်လည်း နောက် လိုက်တကာများ အတွက် လမ်းစ ပိတ်သကဲ့သို့သာ ဖြစ်သွားရသည်မှာ ၀မ်းနည်းစရာပင်-။ အကယ်၍ ကိုယ် တော်ဂေါတမ၏ နောက်ပိုင်း အခြားသော ပုဂ္ဂိုလ်တစ်ဦးက ဗုဒ္ဓဟူသည့် ဘွဲ့အား ဆွတ်ခူးနိုင်ခဲ့သည် ရှိသော်- သို့ မဟုတ် ကိုယ်တော်ယေရှု၏နောက်ပိုင်း အခြားသော တစ်စုံတစ်ဦးက ခရစ်တော် ဟူသည့် ဘွဲ့အား ဆွတ်ခူးနိုင် ခဲ့သည် ရှိသော်–၊ လမ်းစပိတ်ခံထားရသော လူသားများ အနေဖြင့် ခေတ်ကာလနှင့် ညီညွတ်သည့် စ၊လယ်၊ ဆုံး ပြည့်စုံကောင်းမွန်သည့် တရားတော်အား နာကြားခွင့်- တရားဒေသ နာတော်ဖြင့် အလှမ်းဝေးရတော့မည်သာ ဖြစ်ပေသည်။

ဗုဒ္ဓ ဆိုသည်မှာ သိခြင်း၊ သိမြင်ခြင်း ဟု အနက်ကို ပေး၍-၊ တရားဒေသနာ လောကဓမ္မအား မှန်ကန်ညီညွတ်စွာ သိမြင်နားလည်နိုင် စွမ်း ရှိခြင်းကို ဆိုလိုသည်။ များစွာသော အထကထာများ၌ ဗုဒ္ဓ ဟူသည်– ၀ိသေဿ ဗုဒ္ဓါတိ သဗ္ဗညုတ ဉာဏော တဿ အ နန္တော အနန္တ အတ္တော၊ ၀ိသေသအားဖြင့် ဗုဒ္ဓ ဆိုသည်မှာ သဗ္ဗညုတ ရွှေဉာဏ် တော်ကို ခေါ်၍ ထိုရွှေဉာဏ်တော်သည် အနန္တော အနန္တ အစ အဆုံး မရှိ- ထိုကြောင့် မံဿမျက်လုံးဖြင့် မမြင် နိုင်ဟု ဖွင့်ဆိုကြပေသည်။

သို့သော် သက်တမ်းအားဖြင့် အကန့်အသတ်ရှိနေသော၊ တွေးခေါ်သိမြင်မှု၌ အကန့်အသတ်ရှိနေသော ကိုယ် တော်ဂေါတမသည်- သူသိလိုရာအား စူးစိုက်သိလိုသော အခါတွင်မှ အများသူငါထက် သိနိုင်အား သုံးဆ ပို၍ ရှိ ခဲ့သူသာ ဖြစ်သည်။ (မစ္ဈိမနီကယ် တေ ၀ဇ္ဇသုတ်) အခါမလပ် အချိန်မရွေး အစဉ်တစ်စိုက် သိနေသော အသိကို ရခဲ့သူ မဟုတ်ချေ။ ကျွန်ုပ်တို့အနေဖြင့် ကိုယ်တော်ဂေါတမ သည် ကျွန်ုပ်တို့ထက် ပိုမို၍သိ၏ ဆိုခြင်းအား ရိုး သားစွာ လက်ခံရမည်။ သို့သော် အစဉ်သိနေသော ဗုဒ္ဓဟူသည့် ဂုဏ်ပုဒ်အား အစဉ်မူပိုင် ပိုင်ဆိုင်ထားသူ မ ဟုတ် ဟူသည်ကိုလည်း ရိုးသားစွာပင် နားလည်ခံစားပေးရပေမည်။

ထို့ပြင် ကိုယ်တော်ဂေါမကိုယ်တိုင်က ခုဒ္ဒကနီကယ် ထေရာအပဒါန် ဗုဒ္ဓ၀ဂ် ၆၉ ၌ “လောက၌ ဆယ်ပါးသော အဘို့ရှိသော အရပ် မျက်နှာတို့သည် ရှိကုန်၏၊ ထိုအရပ်မျက်နှာတို့သို့ သွားသောသူအား အဆုံးသည် မရှိ၊ ထိုထို အရပ်မျက်နှာအဘို့၌ ဗုဒ္ဓခေတ်တို့သည် မရေ တွက်နိုင်ကုန်။” ဟု ဗုဒ္ဓ ဘွဲ့အား ဆွတ်ခူးသူများ ရှိခဲ့ကြောင်းကို ပြောဆိုထားသည့် အပြင်၊ ဒီဃနီကယ် စက္က၀တ္တိသုတ်၌ စ၊လည်၊ဆုံး ကောင်းခြင်းဖြင့် ပြည့်စုံသော နောက်ဗုဒ္ဓ တစ်ပါး ပွင့်ပေါ်ဦးမည်ဟု ဆိုထားသည်ကိုလည်း မမေ့အပ်ချေ။

မည်သို့ ဆိုစေ- ကိုယ်တော် ဂေါတမသည် ဗုဒ္ဓဘွဲ့ဆောင် တစ်ပါး ဖြစ်၏။ သို့သော် ဗုဒ္ဓ ဟူသည် ကိုယ်တော်ဂေါမ မဟုတ် ဟူသည့် အချက်အား သမ္မာသမ္မတ်ကျစွာဖြင့် ဆင်ခြင်သင့်တော့သည်။

 (အကယ်၍ ကိုယ်တော်ဂေါတမသည် အရှေ့အလယ်ပိုင်း အရပ်ဒေသတွင် ပွင့်ပေါ်ခဲ့ပါမူ­ သူ့အား မည်သည့် ဂုဏ် ပုဒ်နှင့် ခေါ်လေ မည်နည်း– ဟု လည်း ပညာရှင်များ အနေဖြင့် မမေ့ထားသင့်သည့် အချက်တစ်ချက်ပင် ဖြစ်သည်။)

1 comment:

  1. ((လူသားများ အနေဖြင့် ခေတ်ကာလနှင့် ညီညွတ်သည့် စ၊လယ်၊ ဆုံး ပြည့်စုံကောင်းမွန်သည့် တရားတော်အား နာကြားခွင့်- တရားဒေသ နာတော်ဖြင့် အလှမ်းဝေးရတော့မည်သာ ဖြစ်ပေသည်။)ဘာတွေကောင်းတယ်ဆိုတာလေးကိုတစ်ချက်လောက်ပြောပြပေးပါလား..ဘယ်လို ကိုယ်ကျင့်တရားတွေကောင်းဖို့သွန်သင်ထားသလဲ..ဆိုတာလေးအရင်ပြောပြပေးပါ.. (( သို့သော် အစဉ်သိနေသော ဗုဒ္ဓဟူသည့် ဂုဏ်ပုဒ်အား အစဉ်မူပိုင် ပိုင်ဆိုင်ထားသူ မ ဟုတ် ဟူသည်ကိုလည်း ရိုးသားစွာပင် နားလည်ခံစားပေးရပေမည်။)) အစဉ်သိနေတာမဟုတ်ဘူးဆိုပဲ..သိချင်လို့.အကြောင်းအရာတစ်ခုကို ဆင်ခြင်လိုက်တာနဲ့..သိနေမှတော့..ဗုဒ္ဓ မဟုတ်ဘူးတဲ့လားဗျာ..
    (( နောက်ဗုဒ္ဓ တစ်ပါး ပွင့်ပေါ်ဦးမည်ဟု ဆိုထားသည်))နောက်ပွင့်မဲ့ အရိမေတ္တယျ ဘုရားက ဘယ်လို အချက်တွေနဲ့ပွင့်မယ်ဆိုတာလေးပါထည့်ပြောလေ..ဗျာ..နောက်ပွင့်မှာရှိသေးတယ်ဘုရားဆိုတာနဲ့..မတန်မရာ ကောင်နဲ့နှိုင်းတာတော့တော်တော်ဆိုးတယ်..ခရစ်တော်ရဲ့မေတ္တာတရား ထားပုံလေးကြောင့်..ထင်တယ်ဆိုရင်တစ်မျိုးအခုတော့..သည်ခံမှု မေတ္တာဆိုတာဘာမှန်းတောင်သိပုံမရတဲံ့လူနဲ့များနှိုင်းရတယ်လို့ကွာ..မရှက်ကြဘူးလားဟေ..

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)