Tuesday, May 22, 2012

ဘာသာခြားများ မေးခွန်းအတွက် အဖြေများ (၄)


မေးမြန်းသူ - ရာဇာ
ဖြေကြားပေးသူ - ဦးဌေးလွင်ဦး

အမေး။     ။အကို ကျွန်တော်တခုမေးချင်တယ်ဗျ။ လောကကြီးမှာပေါ့အကို ဘုရား ဆိုတာကို ဘယ်လိုလက်ခံကိုးကွယ်လဲ။ အကို့ ကို မေးတာဆိုပေမယ့် အကိုက လေ့ လာမှူအားကောင်းတော့ အကိုအမြင်ကို သိချင်တာရယ်၊ လူသားတွေ ကိုးကွယ်သင့်တဲ့ ဘာသာတရားဟာ ဘယ်ဘာသာဖြစ်သင့်တယ် ဆိုတာကို အကျိုးအကြောင်း ဆီလျော်စွာလေး အကိုသိသလောက် ညီလေးကို မျှဝေပေးနိုင်မလား။

အဖြေ။    ။
အတော်လေး နက်ရှိုင်းတဲ့ မေးခွန်းပါ။ လူတွေက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဆိုပြီး ပညတ်ခေါင်းစဉ်အောက်မှာ ပျော်ပါး သိမ်မွေ့နေတာပါ။ တစ်ကယ်တော့ ဒါတွေအားလုံးက ပညတ်တွေလို့ အကိုမြင်ပါတယ်။ ပကတိ အမှန် (ပရမတ်) ဆိုတာ စကားလုံးတွေထဲမှာ မရှိဘူး (အကို လေ့ကျင့်၊ လေ့လာမိသလောက် ပြောတာပါ။)

လောကကြီး တစ်ခုလုံးမှာ ထင်သာမြင်သာ ရှိတဲ့ အရာအားလုံးက မာယာ (အနိစ္စ) တွေသာ ဖြစ်တယ်။ တနည်းအားဖြင့် အနီးရှိ ထိစပ်ခံစားမှုသာ ဖြစ်တယ်။ အဲ့ဒီ ထိစပ်ခံစားမှုများနဲ့ စုဖွဲ့ထားတဲ့ မာယာ အစုအဖွဲ့လေးများကို အထာမပျက်ရလေ အောင် တစ်ကယ့် ပရမတ်ကို သိတဲ့ ဉာဏ်ရပုဂ္ဂိုလ်များက သူတို့ခေတ်နဲ့ သူတို့သိသော ဓမ္မအားဖြင့် လမ်းတည့်ပေးတာပါ။

အဲ့ဒီ ဆင့်ပွားလာတဲ့ အခုခေတ် ပြောနေတဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဆိုတာ တွေက ဥပဒေပြုယူဘို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်။  တနည်းအားဖြင့် ဘာသာရေးဆိုတဲ့ အထဲမှာ အာဏာတွေ၊ ရမက်တွေ၊ မက်မောမှုတွေ၊ ငါသာ အမှန်ဆိုတာတွေ ရောပြွန်း ရှုပ်ထွေးနေတယ်။ ဒါကြောင့် သက်ဆိုင်ရာ နိုင်ငံတိုင်းမှာ လူများစု ခေါင်းစဉ်ကို လိုက်ပြီး နိုင်ငံရေး သမားတွေက သူတို့ အရောင်ကို မျက်နှာသာပေး အုပ်ချုပ်ကြတော့တယ်။

မွတ်စလင်နိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ- သူတို့ လုပ်ချင်သလို လုပ်နေတာ ကို အစ္စလာမ်က လုပ်ခိုင်းလို့- ဆိုပြီး ထင်အောင် သရုပ်ဆောင်နေကြတယ်။ ခရစ်ယာန် နိုင်ငံတွေလည်း ဒီအတိုင်းပဲ “ခရစ်တော်ကို မယုံကြည်သူများကို လောကကြီးက ချုပ်သွား လုပ်ဆောင်တာ ကုသိုလ်ရတယ်- လို့” ဆိုတယ်။ ဖေါ်မပြောပေမယ့် တစ်ကယ့်ကို လုပ်ဆောင်နေတာပါ။ (ဥပမာ သမ္မတကြီး ဂျော့ဘုခ်ျရဲ့ ဘာသာရေးဆရာ ပါ့စ်တာ ဟေဂါယ် က- အဲ့ဒီ အတိုင်း ဖေါ်ပြောလို့-၊ သမ္မတကြီးက အာဖဂန်နဲ့ အီရတ်ကို တိုက်ခဲ့တာပါ။ သူတို့ အစီအစဉ်မှာ အာဖဂန် အီရန် ပြီးရင်-၊ ပါကစ္စတန်၊ အီရန်၊ ဆီးရီးယား၊ လက်ဗျား၊ အီဂျစ်၊ နောက်ဆုံး မက္ကာဟ်ကို အပြီး ဖြိုဖျက်ပစ်ဘို့ အစီအစဉ်တွေ ရှိတယ်။) ဗုဒ္ဓဘာသာ နိုင်ငံတွေကိုတော့ ငွေနဲ့ ပေါက် သာသနာပြုမယ်ပေါ့။ 

တစ်ကယ်လည်း တောင်ကိုးရီးယား ဆိုရင် ခရစ်ယာန် လူများစု ဖြစ်သွားခဲ့ပြီ။ (ဒါဟာ မကြာမှီကာလက ဖြစ်လာတာလေ။) ဂျပန်လည်း ဒီအတိုင်းပဲ- ဗုဒ္ဓဘာသာ လျှော့လာပြီး ခရစ်ယာန်က အရှိန်အဟုန်နဲ့ တိုးလာနေတယ်။ တစ်ကယ်တော့ ဒါတွေအားလုံးက ဘာသာရေး မဟုတ်ဘူး။ အာဏာ မျှသာ ဖြစ်တယ်။


မာယာလောကကို စုဖွဲ့ ထိန်းချုပ်စေမယ့်၊ စုဖွဲ့ထိန်းချုပ်ပေးတဲ့ စွမ်းအား တစ်ခုရှိတယ်။ အဲ့ဒီ စွမ်းအားက ပကတိ စင်စစ် အမှန် ပရမတ် အဖြစ်တည်နေတယ်။ ဒါကို အာရ်ဗီစကားလုံးနဲ့ ဟာ့က် လို့ခေါ်တယ်။ ဟာ့က်ရဲ့ ဇာတိဇစ်မြစ်ကို အလ္လာဟ်လို့ ခေါ်တယ်။ (ဒါတွေက ညီလေး အနေနဲ့ ၀ိပဿနာမှာ ရင့်ကျက်မှာ သိလာနိုင်မှာပါ)။

လောလောဆယ် မာယာ အစုအဖွဲ့ထဲမှာ ရစ်နှောင်တည်ရှိနေတဲ့ ညီတို့ အကိုတို့က ကိုယ်စုဖွဲ့ဖြစ်တည်လာရာ ဇာတိမြေ၊ ဇာတိဝန်း ကျင်၊ ဇာတိမျိုးနွယ်၊ ဇာတိ စိတ်-၊ ဇာတိခံစားမှု- တွေကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ-၊ ဆိုတာက အဖြေတစ်ခုပါ။ ဒါကို မဆင်ခြင်နိုင်ဘဲ- အားလုံးက မာယာပါကွာ၊ အလကားပဲ လို့ ပစ်လိုက်ပြန်ရင်-၊ အခြားမာယာ အုပ်စုကြီးက ကိုယ်တွေကို မြိုသွား ဦးမယ်။ 

ဒီအခါ ပညတ်နယ်ထဲမှာ ရှိတဲ့ မာယာ အစုအဖွဲ့သည်လည်း လောလောဆယ်မှာ အမှန်တရားဖြစ်တယ်၊ အဲ့ဒီ လောလောဆယ် အမှန်တရားကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲ၊ အဲ့ဒီ လောလောဆယ်ထဲက လူ့အစုအဖွဲ့ တိုင်းပြည်ကို ဘယ်နည်းနဲ့ ကာကွယ်စောင့်ရှောက်မလဲ-- ဆိုတာကို ဆက်လက် ဆင်ခြင်ရပါမယ်။ အဲ့လို မဆင်ခြင်ရင်-

(၁) လက်ရှိ အမှန်တရားထဲမှာ မတရားမှုတွေ မင်းမူလာမယ်၊ “လူ”ဖြစ်နိုင်တဲ့ “လူလျှောင်းလျှာတွေ” လူဖြစ်ခွင့် ဆုံးရှုံးကုန်မယ်။ 

(၂) ပတ်ဝန်းကျင်ကြီးက အနိုင်ကျင့်လာမယ်-၊ စသည်ဖြင့် ဆိုးကျိုးတွေက တန်းစီလာလိမ့်မယ်။

ဒီတော့ လူသားအတွက် ကိုယ်စားပြုဘို့ရာ- ရုပ် (မာယာ) လောကကိုလည်း ဆောင်ကြည်းကာကွယ်ပေးနိုင်တဲ့၊ နာမ် (ပရမတ်)ကိုလည်း ဆောင်ကြည်းပေးနိုင်မယ့် ဘာသာမျိုးကို အကိုနှစ်သက်ပါတယ်။ ဒီမာယာလောက ရပ်တည်ဘို့ အတွက် မာယာ ဆိုတဲ့ အခြားပတ်ဝန်းကျင်က ထိတွေ့ ဆက်စပ်နေရမှာမို့- မာယာလောကကိုလည်း အခိုက်အတန့်မှာ ပစ်ပါယ်လို့ မရနိုင်ကောင်းပါ။

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)