Wednesday, May 23, 2012

ဘာသာခြားများ မေးခွန်းအတွက် အဖြေများ (၅)


မေးမြန်းသူ- လမင်းထွန်း
ဖြေကြားသူ- ကိုသူရ


မေး-

(၁) ပရမတ်စစ်က ဘာကိုဆိုလိုတာလဲခင်ဗျာ..။

(၂) မုဟမ္မဒ်သည် ဉာဏ်စဉ်ဆောင်ဖြစ်၍ ကမ္ဘာ၌ ပွင့်ပေါ်ခဲ့ သော ဉာဏ်စဉ်ဆောင်များကို တစ်ပြေးညီ တန်ဘိုးထား မြတ်နိုးရမည်ဟု ခံယူရခြင်း ဆိုတဲ့ဆုံးမစကားကို နှစ်သက်ပါတယ်...။ ဒီဆုံးစကားကို အခုမှကြားဖူးတာ ပါ...။ တကယ့်အပြင်က အစ္စလာမ်ဘာသာဝင်တွေကရော တခြားသော ဥာဏ်စဉ်ဆောင် များကို တန်းတူတန်ဖိုးထား ကြပါသလား..။ ကျွန်တော်မသိလို့မေးတာပါ ခင်ဗျာ..။ ဘယ်လိုမျိုးတန်ဖိုးထားကြသလဲ..။

(၃) အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘာပါလဲ..။ အမြင့်ဆုံးပန်းတိုင်က ဘယ်လိုပါလဲခင်ဗျာ...။ အဲဒီပန်းတိုင်ကို ဘယ်လိုရောက်အောင် နေထိုင်ရပါမလဲ...။ ကျင့်ကြံရပါမလဲ...။ အခြားဘာသာရေး ခေါင်းဆောင်ကြီးများကို ဥာဏ်စဉ်ဆောင်ဟု သတ်မှတ်သလို အခြားဘာသာဝင် (နောက်လိုက်သူ/ ကိုးကွယ်သူ)  တွေကို ရော ဘယ်လိုသတ်မှတ်ပါသလဲ...။  အနှစ်သာရကို ရှာဖွေခြင်းသာဖြစ်ပါသည်...။

(၄) ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးတွေကိုကြည့်ရင် များသောအားဖြင့် အစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့နိုင်ငံတွေမှာ ဘာကြောင့် မကြာခဏဆိုသလို အသေခံဗုံးခွဲမှုတွေ ရှိနေရတာလည်း...။ သူတို့ကိုးကွယ်ကြတဲ့ ဘာသာတရားက သူတို့ရဲ့အဲဒီလိုလုပ်ရပ်တွေအပေါ်မှာ ဘယ်လိုမျိုး သက်ဆိုင်မှု / သက်ရောက်မှုရှိပါလဲ..။ ဒါမှမဟုတ် လူမျိုးရေးအရ လုပ်နေတာလား..။ ဘာသာရေးနဲ့ရော မသက်ဆိုင်ဘူးလား / သက်ဆိုင်တယ်လား...။ ဒါလေးကိုရော ကျွန်တော်တို့နားလည်အောင် ဖြေပေးပါဦးဗျာ...။

ဖြေ-

(၁) ပရမတ်စစ်စစ်

ပရမတ်စစ်ကိုသာ ကိုးကွယ်စေခြင်း ဆိုတဲ့ မြန်မာဝါကျမှာ ကိုးကွယ်တယ် ဆိုတာလေးကို အရင် ရှင်းပြသင့်တယ် ထင်ပါ တယ်။ အာရ်ဗီစကားလုံးကို မြန်မာ ဖလှယ်တဲ့အခါ အားနည်းကောင်း နည်းနိုင်လို့ပါ။ အခု မြန်မာမူဆလင် ပညာရှင် များက ကိုးကွယ်တယ်လို့ ဘာသာပြန်ထားတဲ့ ဝေါဟာရက အာရ်ဗီမှာ အဗဒ လို့ ခေါ်ပါတယ်။ အမှုဆောင်သည်၊ နာခံ၍ပြုလုပ် သည်။ ၀န်ထမ်းသည် လို့ အဓိပ္ပါယ်ကို ပေးပါတယ်။

ဒီလိုထပ်ပြော လို့ “ကောင်းကင်မှာ ဘုရားကြီးတစ်ပါးရှိတယ်- သူက မိန့်ဆိုသမျှကို နာခံဝတ်ဖြည့် လိုက်လုပ်နေရတယ်၊” မထင်မှတ်သင့်ပါ။ အစ္စလာမ်ဘာသာဝင်တိုင်းက အဲ့ဒီလို ယူဆခံစားထားတာ မရှိပါ။ တကယ်တော့ အစ္စလာမ် တွေ ခံစား ယုံကြည်တဲ့ ဘုရား ဆိုတဲ့ အရာက- ဗုဒ္ဓဘာသာစကားလုံးနဲ့ ပြောရင် ဓါတ်သဘော ဖြစ်ပါတယ်။ ယေဘုယျနော်။- ဟိုး-ပကတိအစ ဇစ်မြစ်ဖြစ်ပါတယ်။ သူကို “လူပုံစံ- ခံစားလို့ မရသလို၊ မမြင်ရတဲ့ နတ်မင်းကြီး ပုံစံလည်း ခံစားလို့ မရပါ။” အဲ့ဒီအရာ (ဘာသာရေး စကားလုံးနဲ့တော့- အဲ့ဒီ အရှင်ပေါ့ဗျာ) ဟာ အစ္စလာမ်တွေက မူပိုင်ဆွဲထားတဲ့ အရာ မဟုတ်သလို၊ အဲ့ဒီအရာရဲ့ ဖြန့်ကျက်နေတဲ့ ဓါတ်တော်တွေဟာ အစ္စလာမ်ဖြစ်သူကိုပဲ ကိန်းဝပ်၊ ကိန်းသက်နေတာ မဟုတ်ပါ။ အဲ့ဒီ အရာ ရှိတယ်လို့ ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ- သူ့ရဲ့ ဓါတ်တော်တွေက စကြ၀ဠာအနှံ့ ကိန်းသက်နေပါတယ်။ အဲ့ဒီ အရာဟာ ပကတိဓါတ်သဘော အားဖြင့် မြဲပါတယ်။ အသင်္ခတ ဖြစ်လို့ သဗ္ဗေသင်္ခါယာ အနိစ္စ ဆိုတာက လွတ်ကင်းပါတယ်။ ဒါကို အာရ်ဗီစကားနဲ့ အလ္လာဟ်လို့ ခေါ်ပါတယ်။

သူ့ရဲ့ ဂုဏ်တော်တွေကို ကုရ်အာန် အခန်း ၁၁၂ မှာ ၀ါကျသုံးကြောင်းနဲ့ ဖေါ်ပြပါ တယ်။ (၁) အလ္လာဟ်သည် တည်းတည်း ဖြစ်တော်မူ၏။ (၂) မှီတည်မှုကင်း၏။ (၃) ကိုယ်ပွားမရှိ၊ ကိုယ်ပွားခံ မဟုတ်။- ဒီနေရာမှာလည်း အာရ်ဗီစကား တစ်ချို့ကို ထပ်ဆင့် ရှင်းရမယ် ထင်ပါတယ်။ တည်းတည်း ဖြစ်တော် မူ၏။ ဆိုတာကို အဟာ့ဒ် လို့ ခေါ်ပါတယ်။ အချို့ဆရာတော်တွေက တစ်ဆူးတည်း လို့ ပြန်ဆိုကြပါတယ်။ ဒါပေမယ့် အာရ်ဗီစကားမှာ တစ်ဆူးတည်း၊ တစ်- ကို ၀ါဟက်ဒ် လို့ခေါ်ပါတယ်။ အဟာ့ဒ် ဆိုတာလည်း တစ် သဘောပါ။ အလင်းရောင်ကို ကြည့်လိုက်ပါ။ အဲ့ဒီ အလင်းရောင်ဟာ တစ်ခု ကိန်းလို ဖြစ်နေပါလိမ့်မယ်- သို့သော် အစ၊ အဆုံးမရှိတဲ့ သဘော၊ ကြားခံကို ဖယ်လိုက်ရင် သူဟာ နေရာတိုင်း မှာ ပြန့်နှံ့တဲ့သဘော- တစ်ခုဖြစ်ပါတယ်။ (၂) မှီတည်မှုကင်း၏- ဆိုတာကို ဆွမာ့ဒ် လို့ ခေါ်ပါတယ်။ ဆိုလိုတာက ဥပမာ- လူတစ်ဦး ဆိုပါတော့ သူဟာ အသက်ရှင်ဘို့ အစားအစာ၊ အသက်ရှုရာလေ၊ ­ စသည်ဖြင့် မှီတည်နေရပါ တယ်။ အလားတူပဲ နေ- ဆိုပါတော့ သူဟာလောင်ကျွမ်းခြင်းကို မှီတည်နေရတယ်။ ဒါပေမယ့် အလ္လာဟ် ဆိုတဲ့ အရာက ဘယ်အရာကိုမှ မှီတည်နေခြင်း မရှိဘူးလို့ ဆိုပါတယ်။ (၃) ကိုယ်ပွားမရှိ- ကိုပွားခံ မဟုတ်- ဆိုတာ တော့ ဗုဒ္ဓဘာသာများ နားလည်လောက်မယ် ထင်ပါတယ်။ ဥပမာ ဓမ္မစင်စစ်မျိုးပါ။

ဒါကြောင့် အဲ့ဒီ ပရမတ်စင်စစ်က လူအဖြစ် ၀င်စား၍ တရားဟောပြော ကယ်တင်ခြင်း သို့မဟုတ် လူတစ်ဦး တစ်ယောက်ထဲအပေါ်မှာ မေတ္တာဓါတ်တော်များ သီးသန့်ကျရောက်ခြင်း- စတာများကို အစ္စလာမ်များက လက် မခံပါ။  လူတစ်ဦး တစ်ယောက်ခြင်းစီရဲ့ စိတ်ကောင်း စေတနာကောင်း၊ မေတ္တာနဲ့ အနစ်နာခံမှု အပေါ်မှာ အဲ့ဒီ လူရဲ့ လုံ့လအလျှောက် ညီမျှတဲ့ အကျိုးတရားတွေ ရှိပါတယ်။ ကျွန်တော်က အစ္စလာမ် ဆိုပေမယ့်- မေတ္တာဓါတ် တော်ဟာ အစ္စလာမ် မဟုတ်ဘူးလို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာဝင်များထံမှာလည်း ကျွန်တော့ထက်ပိုပြီး ကိန်းဝပ်နိုင်ပါ တယ်။ အစ္စလာမ် ဗုဒ္ဓဘာသာ ခရစ်ယာန် ဆိုတာတွေက မိတ်ဆွေတို့ ကျွန်တော်တို့ ပညတ်တာလေ။ ပရမတ်စင်စစ်က ပညတ်တာ မဟုတ်ဘူး။ ပရမတ်စင်စစ်ဟာ ပရမတ်စင်စစ်ပါ- သူက သူ့အလုပ်ဖြစ်တဲ့ စကြ ၀ဠာအနှံ့ ဓါတ်တော်ဖြန့်ကျက်ခြင်းကိုပဲ အစဉ်အပြတ်လုပ်နေတာပါ။ မိုးရွာတာ အတူတူ မိုးရေခံတဲ့လူက ရေရမှာ ပေါ့။ တရုတ်ဖြစ်ဖြစ်- ကုလားဖြစ်ဖြစ် ဘာမှ မဆိုင်ပါ။

အဲ့ဒီပရမတ်စင်စစ်က သူ့အလုပ်သူလုပ်နေတဲ့ စီးကြောင်းမှာ ကိုယ်က အလိုက်သင့် နေထိုင်တတ်ခြင်းကို ကိုးကွယ် တယ် လို့ ခေါ်ပြပါတယ်။  နောက်တစ်ခုက လောကဓမ္မပညတ်တွေ ဖြစ်တဲ့ နေ ဆိုပါတော့- သူ့ကို ကိုးကွယ်သူတွေက သူ့ကို မသုံးရဲဘူးလေ- ကိုးကွယ်တော့ အစွဲဖြစ်တယ်။ အစွဲဖြစ်တော့ သူ့ကို သုံးမိရင် နေနတ်သားကပဲ ဖမ်းစားမလား လို့ အယူဖြစ်တယ်။ ဒီတော့ အဲ့ဒီလို အယူရှိတဲ့ သူက နေစွမ်းအင်ကို သုံးစွဲဘို့ ၀န်လေးလာတယ်။ တဖြေးဖြေး မျိုးဆက်ကြာလာတော့ ခေတ်နောက်ကျသွားတယ်။

အစ္စလာမ်ကတော့ စကြာ ၀ဠာ အနှံ့ အရာအားလုံးဟာ ပရမတ်စစ်စစ်ရဲ့ ဆင့်ပွားဓါတ်များ ဖြစ်တယ်။ လူသားက အဲ့ဒီ အရာ အားလုံးကို သင့်လျှော်တဲ့နည်းနဲ့ အသုံးပြုခွင့် ရှိတယ်။ လူဟာ ပရမတ်စင်စစ်ကို သိလေ- သူ့ရဲ့ ဆင့်ပွား ဓါတ်တွေရဲ့ သဘောကို နားလည်လေ- ပိုပြီး သုံးနိုင်လေ လို့ဆိုပါတယ်။ လောကအပေါင်းမှာ ရှိသမျှသော အရာများရဲ့ သဘောတရားကို သိအောင်လေ့လာနေခြင်း အသုံးချနေခြင်းကို ကိုးကွယ်တယ်လို့ အစ္စလာမ်က ဆိုပါတယ်။

(၂) ဉာဏ်စဉ်ဆောင်ရဲ့ သဘောတရားကိုလည်း ရှင်းပြလိုပါတယ်။ လောလောဆယ်တော့- ကုရ်အာန်ထဲမှာ ဉာဏ်စဉ်ဆောင်များအကြား တစ်ပါးနှင့် တစ်ပါး မခွဲခြားရ- ဆိုတာကို ၂း၂၈၅ မှာ ပြောထားကြောင်း အစ္စလာမ် သာသနာဝင် အားလုံးက လုံးဝ လိုက်နာကြောင်း ပြောပါရစေ။

ဒါကြောင့် မုဟမ္မဒ်၊ ယေရှု၊ ဂေါတမလို့ အစ္စလာမ်မှာ ခေါ်ခွင့်မရှိပါ။ ကိုယ်တော် ထည့်ခေါ်ရမယ်လေ။ သို့မဟုတ် အာရ်ဗီလိုခေါ်ရင် ဟာသရာ့သ် အီဆာ (အလိုင်းယ်ဆလမ်) ဟာသရာ့သ် ဗုဓ် (အာလိုင်ယ်ဆလမ်) လို့ ခေါ်ရပါတယ်။ မည်သူမဆို အဲ့လိုပဲ ခေါ်ရပါတယ်။ မိတ်ဆွေများ သတိထားမိသလားတော့ မသိဘူး ကျနော့် ဘလော့က ပိုတ်စ့်တွေမှာ ဘယ်လို သုံးနှုံး ခေါ်ဆိုခဲ့တယ်ဆိုတာ ပြန်လေ့လာနိုင်ပါတယ်..အပြောတမျိုး အလုပ်တမျိုးမဟုတ်ခဲ့ပါဘူး...

မိတ်တွေအနေနဲ့ ကြုံရင် ဆရာတော် ဦးဉဏ်နိသရ ကိုမေးကြည့်ပါ။ ဆရာတော် ဗုဒ္ဓဂါယာကိုသွားတော့ ပါကစ္စတန်က ဗုဒ္ဓဥယျဉ်ကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ဗုဒ္ဓ မြတ်စွာကို ဘယ်လိုခေါ်သလဲ။ ကိုယ်တော်ရဲ့ အမွေတော်တွေ ကို ဘယ်လို ထိန်းသိမ်းထားသလဲ ပြောပြပါလိမ့်မယ်။ (ဆရာတော်ကတော့ ဖုံးကွယ်ထားမယ် မထင်ပါ)။

(၃) အလွန်မေးသင့်ပြီး အလွန်ကောင်းတဲ့ မေးခွန်းလေးပါ... မိတ်ဆွေ အခု လို ရင်ကျယ်ကျယ်နဲ့ ဆွေးနွေး လက်ခံပေးနိုင် တာကိုလည်း လေးစားပါတယ်...ရည်ရွယ်ချက်ကို အချုပ်ပြောမယ်နော်...

အစ္စလာမ်မှာ လူဖြစ်ရခြင်းရခြင်း ရည်ရွယ်ချက်က- လောကအပေါင်းအတွက် အုပ်ချုပ်စိုးမိုးတဲ့ ပုဂ္ဂိုလ်ဖြစ်ဘို့၊ တနည်းအား ဖြင့် လူသားတိုင်းဟာ လူသားဘုရား ဖြစ်ဘို့ ရည်ရွယ်ပါတယ်။ (ကုရ်အာန် ၆း၁၆၆)

နောက်ဆုံးပန်းတိုင်က လာခဲ့ရာ ဇစ်မြစ်ဆီသို့ တစ်လုံးတစ်ဝတည်း ပြန်လည်ဖြစ်စေဘို့ ဖြစ်ပါတယ်။

 ဉာဏ်စဉ်ဆောင်များရဲ့ နောက်လိုက်များကို အဲ့ဒီ ဉာဏ်စဉ်ဆောင်ရဲ့ အွမ္မတ် (နောက်လိုက်များ) လို့ ခေါ်ပါတယ်။ အစ္စလာမ် ရော အစ္စလာမ် မဟုတ်သူရော- လူသားအားလုံးကို ကုရ်အာန်ကျမ်းတော်မှာ အို- လူသားများလို့ ခေါ်ဆိုပြီး ပြောပါတယ်-။ မူဆလင်များကို ပြောရင်- အို ယုံကြည်သူများလို့ ပြောပါတယ်။ အိုယုံကြည်သူများလို့ ပြောတိုင်းမှာ သီလပညတ်တွေကို ချမှတ်ပေးပါတယ်။ အို လူသားများလို့ ပြောတိုင်းမှာ လူသားကျင့်ဝတ်တွေကို ပြောဆိုပါတယ်။ ဘယ်ဉာဏ်စဉ်ဆောင်ကိုမှ မှားတယ်လို့ ကုရ်အာန်က မပြောဘူး။ တပည့်နောက်လိုက်များရဲ့ အချင်းချင်း မနာလိုဝန်တိုမှုကြောင့် ဂိုဏ်းတွေကွဲခဲ့ရတယ်။ မင်းတို့ အဲ့လို မဖြစ်စေနဲ့လို့ ဆုံးမတာတော့ရှိတယ်။ တပည့်နောက်လိုက်များရဲ့ တရားတော်အပေါ်မှာ ဖေါက်ပြားမှုကြောင့် ဉာဏ်စဉ် ဆောင်ဟောပြောခဲ့ရာ မူလဓမ္မမှ လွဲချော်သွားခဲ့ရတာ ရှိတယ်။ မင်းတို့တွေ အဲ့လို မဖြစ်စေနဲ့လို့ ဆုံးမတာ ရှိတယ်။ ဉာဏ်စဉ်ဆောင်တိုင်းဟာ သူ့ခေတ် သူ့ကာလမှာ မိရိုးဖလာ အမှောင်ထုကြီးကို အခက်အခဲမျိုးစုံ- ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ပြီး အမှန်တရားအတွက် ရပ်တည်ခဲ့ရတယ်။ မင်းတို့လည်း အဲ့သလို ရပ်တည်ကြလို့ ဆုံးမတယ်။ အဲ့ဒီ ဉာဏ်စဉ်ဆောင်တိုင်းမှာ အသက်ပေးရပ်တည်တဲ့ လက်ရင်းသာဝက တပည့်တော်ကြီးများ ရှိတယ်။ အဲ့ဒီ သာဝကကြီးများ ဟာ လူသားတွေအတွက် သက်သေခံ- စံနမူနာပြုထိုက်သူတွေ ဖြစ်တယ်လို့ ကုရ်အာန်က သွန်သင်တယ်။

လူသားတွေကြားမှာ ဘုရားတစ်ဆူဝါဒကို ထူထောင်ဘို့- လူလူချင်း ညီရင်းအစ်ကိုလိုနေဘို့၊ အယူမတူတိုင်း ရန်သူလို့ မသတ်မှတ်ဘို့၊ လူတစ်ချို့က လူသားတွေရဲ့ ငြိမ်းချမ်းရေးကို စော်ကားလာရင်တော်လှန်ဘို့- ဂျူးဘုရားကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဗလီ စတဲ့ ဘုရား တရား သတိရရာ နေရာများကို စော်ကားရန်ရှာလာသူတိုင်းကို တော်လှန်ဘို့- ကုရ်အာန်ကျမ်းတော်က သွန်သင်ပါတယ်။

ကျန်တဲ့- လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဥပဒေ တွေကတော့ အများကြီးပေါ့ဗျာ။ ဒီမှာလည်း မူဆလင်ဟုတ်သူနဲ့ မဟုတ်သူ ဆိုပြီး ဥပဒေက တစ်ဘက်စောင်းနင်း မရှိဘူး။ လေ့လာကြည့်ပေါ့ဗျာ။

အခုနောက်ပိုင်း အစ္စလာမ်မဟုတ်သူတွေက ကုရ်အာန်ကို ဖြတ်ညှပ်ကပ်လုပ်ပြီး အစ္စလာမ် မုန်းတီးရေး မှိုင်းသွင်းလာတာ တွေတွေ့ရပါတယ်... အဲ့လိုမျိုးတွေဖတ်မိသိမိရင်လည်း အမြဲတမ်း ပြန်လည်မေးမြန်းနိုင်ပါတယ်...

အခုလို မေးမြန်းလာသူ မိတ်ဆွေကို ကျနော်ဖြေရင်းနဲ့ တင်ပြခဲ့တဲ့ ကုရ်အာန် အပိုဒ်တွေကို ကြည့်ရင် လူတွေပြောသလို မတရား မှု တွေ မပါဘူးဆိုတာ အနည်းငယ်တော့ သတိထားမိမှာပါ...

(၄) မိတ်ဆွေ မေးတာကို ကျနော်ပွင့်လင်းစွာနဲ့မေးခွန်းကိုထိရောက်အောင် ဖြေချင်တယ်ဗျာ... ပြောတဲ့နေရာမှာ တစ်ခု သတိပြုစေချင်တာက ကျနော်က ဘယ်ဘာသာဝင်ကိုမှ ဘယ်လူမျိုးကိုမှ အစွဲတစ်ခုနဲ့ ပုတ်ခတ်စော်ကားလိုခြင်း မရှိကြောင်း ပြောချင်ပါတယ်..

အမေးတစ်ခုကို ဖြေရာမှာ လိုအပ်တဲ့ အချက်အလက်တွေ ပြန်ပေးရင်း မလိုလားစရာတွေ ပါလာရင် နားလည်စေချင်တယ်.. ဒီထဲမှာ က အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ မဟုတ်တော့ အခြားသူတွေ နားလည်မှု မလွဲစေချင်လို့ပါ... စိတ်ရှည်စွာနဲ့ ဖတ်ပေးစေချင်ပါတယ.်..

အမျိုးသားရေး၊ နိုင်ငံရေး၊ ဘာသာရေး ဆိုတာ ခွဲမရအောင် ရှုပ်ထွေးနေတတ်ပါတယ်။ အထူးသဖြင့်တော့ ကျူးကျော်ခံရတဲ့ နိုင်ငံ၊ ဒေသ၊ လူမျိုး တွေဟာ ဒီလိုစိတ်မျိုး ရောပြွန်းတတ်ပါတယ်။ ဗုဒ္ဓဘာသာလူများစု ဖြစ်တဲ့ ဗီယက်နမ်ကို အမေရိကန်တို့ ကျူးကျော်တော့-- အသေခံခဲ့တဲ့ တပ်ရင်းတွေ ရှိပါတယ်။ ဥပမာ Vietnam Rose  ဆိုတဲ့ ဗီယက်နာမ် အမျိုးသမီးတပ်ရင်း ဆိုရင်-- သူတို့ကိုသူတို့ ကာလသားရောဂါ ဖြစ်စေမယ့် ဆေးတွေကို သောက်ပြီး- အမေရိကန် စစ်သားတွေကို မြှူဆွယ်- လိင်အပန်းဖြေဘို့ ညှို့ခဲ့တယ်။ သူတို့နဲ့ လိင်ဆက်ဆံပြီးရင် ၃ လ၊ သို့မဟုတ် ၆ လ လောက်မှာ အဲ့ဒီ အမေရိကန် စစ်သား ဟာ ကာလသားရောဂါ စဖြစ်တော့တာပဲ။ ဒီတော့ အဲ့ဒီ အမေရိကန်စစ်သားလည်းသေ၊ (မသေရင် နူနာရောဖြစ်)၊ ဗီယက်နမ် အမျိုးသမီးလည်း နိုင်ငံအတွက် ပေးဆပ်ရင်း သေသွားခဲ့ရတာပဲ။

မြန်မာနိုင်ငံကို ကိုလိုနီကျူးကျော်တော့- ပြန်လည်တော်လှန်တဲ့အခါမှာ ရဲဘော်မသေ၊ သေသော်ငရဲ မလားလို့ ဆောင်ပုဒ် တွဲပြီး- တိုက်ပွဲဝင်ရတာပဲ။ တိုက်ပွဲဝင် ရဲဘော်များက အမျိုး၊ ဘာသာ၊ သာသနာ အတွက်လို့ ရင့်ကျူး ခဲ့ရတာပဲလေ။ (နယ်ချဲ့ကို တိုက်ရင်း ပေးဆပ်ခဲ့ရတဲ့ အထဲမှာ- မြန်မာဗုဒ္ဓဘာသာ ပြီးရင် ဒုတိယ အများဆုံးက မြန်မာမူဆလင်များ ဖြစ်ပါ တယ်။- သမိုင်းကို စနစ်တကျ သိလိုရင်လည်း သိထားသမျှ ဗဟုသုတအဖြစ် ရှင်းလင်း ပေးလိုပါတယ်။)

အခုခေတ်မှာ- ကျူးကျော်ခံရတာက မူဆလင်နိုင်ငံများ ဖြစ်ပါတယ်။ ကျူးကျော်ချင်တော့ ၉-၁၁ဆိုတဲ့ လုပ်ဇတ်ကို စနစ် တကျ ပြုလုပ်ခဲ့တယ်။ (သူတို့ရဲ့ လုပ်ဇတ်ဖြစ်ကြောင်း- အထောက်အထား ရှိပါတယ်)- ကျူးကျော် သူတွေက သတင်း မီဒီယာ အားကောင်းတယ်။ ကမ္ဘာ့ ကုလသမဂ္ဂကို ခါးပိုက်ထဲ ထည့်ထားတယ်။ ငွေကြေး အားကောင်းတယ်။- သမ္မတကြီး ဂျော့ဒဗယူဘုခ်ျရဲ့ ဘာသာရေးဆရာတော်- ဟီးဂဲလ် ကိုယ်တိုင်က “လူတို့ အနေနဲ့ ခရစ်ယာန်မဖြစ်သမျှ- သူတို့ကို တိုက်ခိုက်ချေမှုန်း သတ်ဖြတ်ခွင့်ရှိတယ်။ အဲ့ဒီ အတွက် ဘုရားသခင်က အပြစ်မယူဘူး၊” လို့ ဓမ္မသတ်ပေးခဲ့တယ်။ (အခုထိ နက်ထဲမှာ အဲ့ဒီ ဓမ္မသတ် ရှိနေပါတယ်။)

သူတို့က လက်နက်အားကိုးနဲ့ စစ်တိုက်ပြီး- အဲ့ဒီ စစ်ဒေသတိုင်းမှာ သာသနာပြုတွေ တွဲပြီး စေလွတ်ထည့်ပေးတယ်။ မြန်မာပြည်မှာ ပြည်နယ်လိုက် ဘာသာပြောင်းကုန်တာ သတိထားမိမှာပါ..ဆင်းရဲတဲ့ လူတွေကို အ၀တ်အစားပေး၊ အစားအသောက်ပေး၊ ကရုဏာတွေပြတယ်။ စစ်တပ်ကတော့ လူထုရော- အရပ်သားရော လေယဉ်နဲ့ဗုံးကြဲတယ်။ ဗီယက်နမ်စစ်တုံးက ဗီယက်နမ် ၃ သန်းကျော်သေတယ်။ အခု အီရတ်တစ်နိုင်ငံထဲမှာ အရပ်သား ၂ သန်းလောက် သေနေပြီ။ အာဖဂန်၊ ပါကစ္စတန် မပါသေးဘူးနော်။

သူတို့ရဲ့ ရှေ့တန်းသုံး ရိုင်ဖယ်က လျှို့ဝှက် သင်္ကေတ အဖြစ် JN 8:12 လို့ ရေးထားတယ်။ အဓိပ္ပါယ်က သမ္မာကျမ်း ဓမ္မသစ်ကျမ်း ရှင်ယောဟန် ၈း၁၂ ဖြစ်ပြီး အဲ့ဒီရဲ့ စာသားက “တဖန်ယေရှုက၊ ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်ကို လိုက်သော သူသည် မှောင်မိုက်သို့ မသွားမလာ၊ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ သည်၊” လို့ ဆိုထားတယ်။

ဒီလို ကျူးကျော်သူတွေဟာ- မြန်မာနိုင်ငံကို ရောက်လာမယ်ဆိုရင်- မေးမြန်းသူမိတ်ဆွေအနေနဲ့ ဘယ်လို သဘောထား မလဲ။ ငါတို့ကတော့ ပါဏာတိပါတကံကို မကျူးလွန်ဘူး- သူတို့ကျူးလွန်တာ- နောင်ဘ၀ အဆက်ဆက်မှာ သူတို့ဟာ ကံသင့်ပါစေလို့ ခံစားပြီး ဒီအတိုင်း လွတ်ပေးထားမလား စဉ်းစားစေချင်တယ်။ (ကျွန်တော်တို့ ကုရ်အာန်ကတော့ ကျူးကျော်လာရင် ကျူးကျော်သူသည် မူဆလင်ဖြစ်စေဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ မည်သူ့ကို မဆို တူညီတဲ့ တုံ့ပြန်မှုနဲ့ တုံ့ပြန်ခွင့် ရှိတယ်လို့ သွန်သင်ပါတယ်။

အနုမြူဗုံး၊ ဓါတုဗုံးများနဲ့ ကျဲချနေလို့ အလကား အသေခံရမယ့် အစား- အပြစ်မဲ့ ပြည်သူများဘက်က ရပ်တည်ပြီး ကျူးကျော်သူများ ရပ်တန့်သွားအောင် ရတဲ့နည်းနဲ့ ဖြေရှင်းတာကို မှားတယ်လို့ သတ်မှတ်ဘို့ရာ မဖြစ်နိုင်ဘူးလို့ လည်းထင်ပါတယ်။

အမေရိကန်ရဲ့ ပေါ်လစီမှာ မူဆလင်များကို အရင်မျိုးဖြုတ်ရမယ်။ ပြီးတော့- တရုတ်နဲ့ အန္ဒိယကို အပွေးသပ်ရမယ်။ ပြီးမှ ပြောင်းရွှေ့ immigrants တွေကို ထိန်းချုပ်ထားရမယ်။ ဒါမှ အမေရိကန်ဟာ ဆက်လက် ရပ်တည်နိုင်မယ်လို့- ရီပါ ပလက်စ်ကင် အထက်လွှတ်တော်အမတ်ကြီး တစ်ဦးက လူသိရှင်ကြား စာအုပ်ပါ ထုတ်ထားပါတယ်။

ဒီတော့ဗျာ--၊ နိုင်ငံရေး အရ ကြည့်ရင်-- ကျူးကျော်ခံရသူ မူဆလင်နိုင်ငံများထဲက အသေခံတွေပေါ်လာတာ ခင်ဗျားတို့ ကျွန်တော်တို့ အင်အားစုနည်းတဲ့ နိုင်ငံငယ်လေးတွေ သက်သာသွားတယ်လို့ ပြောရမှာပါ။ သူတို့ မျိုးဖြုတ်ချင်တဲ့ မျိုးမပြုတ် ဘဲ- အသေခံ နှစ်ယောက် တစ်ပိုင်းလောက်က (ကမ္ဘာ့မူဆလင် လူဦးရေး သန်းပေါင်း ၂၀၀၀ လောက်ထဲက လူပေါင်း ၂၀၀၀၀ (၂သောင်း) လောက် ဆိုတော့ နှစ်ယောက်တစ်ပိုင်းလို့ ပြောပါရစေ) အသေခံလိုက်တာ ကမ္ဘာ့ထိပ်သီး စစ်အင်အားကို ပိုင်ဆိုင်ပြီး ကျူးကျော်လိုသူတွေ ဦးကျိုးသွားတာတော့ သေချာပါတယ်။

ပိုပြီး အသေးစိတ် တစ်ခုချင်း ပြောပြလိုပါတယ်။ စာဖတ်ရသူများ အချိန်ကို အားနာလို့ပါ။

အပေါ်က ရှင်းပြခဲ့တာ နိုင်ငံရေး ရှုဒေါင့်က များပါတယ်။ ဘာသာရေး ရှုဒေါင့်ကလည်း မြောက်များစွာပါ။ ဒီ လိုရှင်းပြ လိုက်တဲ့အတွက် မြန်မာပြည်တွင်းက ခရစ်ယာန်သာသနာဝင်များ အပေါ်မှာလည်း စိတ်မကွက်စေချင်ပါ။ တကယ်တော့ အာဖဂန်­ အီရတ် တို့ကို ကျူးကျော်သူတွေဟာ အာဏာပိုင်များက ခရစ်ယာန်များ၊ စစ်သားအများစုက ခရစ်ယာန်များ ဖြစ်ပေမယ့်- အမေရိကန် ရေတပ်ထဲမှာ တပ်ရင်းလိုက်၊ တပ်မလိုက် မူဆလင်စစ်သားတွေလည်း ရှိနေပါတယ်။ (ရေတပ် မဟာ ၆ ပေါ်မှာ စစ်သားတွေ ဘုရားရှိခိုးဘို့ ဗလီနဲ့ ဗလီဆရာတောင် ထားပေးတယ်၊) ကျူးကျော်သူဘက်မှာလည်း အမိန့် ကို မလွန်ဆန်နိုင်တဲ့ စစ်သားများ ရှိသလို၊ ခုခံသူဘက်မှာလည်း အမိန့်ကို မလွန်ဆန်နိုင်တဲ့ စစ်သားများ ရှိနေမှာပါ။ (သဘာဝ အတိုင်းသာ မြင်သင့်ပါတယ်)။

တစ်ခါတစ်လေတော့လည်း ဘာသာရေးက နိုင်ငံရေးအောက်မှာ ပြားပြားဝပ်နေရတာပဲလေ။ ဘယ်တတ်နိုင်မလဲ မိလိန္ဒ အမေးအဖြေ စာအုပ်ကို ဖတ်ကြည့်ပေါ့။ မိလိန္ဒမင်းကြီးကို ရှင်နာဂသိန် က ဟောပြောတော့ မိလိန္ဒမင်း ကြီး သတိသံဝေဂ တွေ ရသွားတယ်။ သူဟာ စစ်ပွဲပေါင်းများစွာကို တိုက်ခဲ့ လူပေါင်းများစွာကို သတ်ခဲ့တော့ နောင်တတွေ ရခဲ့တယ်။ ဒါကို အပြစ်ကြီး တစ်ခုလို မြင်ပြီး ယူကြုံးမရဖြစ်တော့-- ရှင်နာဂသိန်က “မင်းကြီး သတ်ခဲ့တဲ့အထဲမှာ လူက နှစ်ယောက် တစ်ပိုင်း ပဲ ပါခဲ့တာ။ ကျန်တာတွေက လူလို့ ခေါ်အပ်တဲ့ အဆင့်ကို မရောက်သေးဘူးတဲ့။ ဘာကြောင့်လဲ ဆိုတော့ ငါးပါး သီလမြဲမှ လူဖြစ်တာတဲ့။ မင်းကြီး သတ်ခဲ့တဲ့ အထဲမှာ ငါးပါးသီလ မြဲသူ နှစ်ဦး။ သီလ နှစ်ပါးလောက်ပဲ မြဲသူ တစ်ဦးပဲ ပါတာတဲ့။ ဒီတော့--မင်းကြီးက ရေတွင်းရေကန် ဆောက်ပြီး လှုလိုက်ရင် ကျေသွားမယ်တဲ့။” ကဲ-- မိတ်ဆွေရေ-- စဉ်းစားတော့ဗျာ။ (ရှင်နာဂသေနလို သာသနာ့ ၀န်ဆောင် တစ်ပါးက- လူပေါင်း သောင်း သိန်း ချီသတ်ခဲ့တာကို စာရင်းမထည့်ဘဲ- ငါးပါးသီလမြဲသူ နှစ်ဦးနဲ့ နှစ်ပါးသီလလောက်လ မြဲသူ တစ်ဦးကိုပဲ- စာရင်းထည့်ခဲ့တာလေ။)

အခုလည်း စစ်တိုက်နေတာမှာ နှစ်ဘက်လုံးမှာ ရှိတဲ့ အာဏာရ လက်ပါးစေ ဘာသာရေးခေါင်းဆောင်တွေက မင်းတို့ သတ်နေတာ လူတွေ မဟုတ်ဘူး- အာဏာရှင်တွေ၊ သူခိုးတွေ၊ ဓါးပြတွေ၊ မုဒိန်းကောင်တွေ၊ သောင်း ကျန်းသူတွေ၊ သူတို့ကို သတ်လို့ အပြစ်မရှိဘူးလို့-- ပြောချင်ပြောနေမှာပေါ့ဗျာ။

ဆက်ပြောရင် တော်တော်ရှည်နေမယ်..လက်မခံနိုင်စရာတစ်ခုပါတာနဲ့ကျန်တာတတွေလည်းလက်မခံနိုင်ဘူးဗျာဆို ကျနော်ရေးမောဖြစ်နေပါအုံးမယ်...

Credit: အဖြူရောင်မိသားစု ဘာသာရေးဖိုရမ်မှ ဘဲဥကို အစရှာမှာလား... အနှစ်ရှာကြည့်ရင်ရော ဆိုတဲ့ ဆွေးနွေးချက်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)