Tuesday, June 5, 2012

မမေးလည်းဖြေ (၄) – ဘာကြောင့် ကုလားမဟုတ်ချင်တာလဲ

ဒီကြွေးကြော်ချက်နဲ့  စချင်ပါတယ်။ ကုလားမဟုတ်  မြန်မာမွတ်စလင်မ်ဖြစ်သည်။

တောင်ကုတ်မှာ ဗုဒ္ဓဘာသာ ရခိုင်အစွန်းရောက်တွေ ရက်ရက်စက်စက် အကြမ်းဖက်အသတ်ခံလိုက်ရတဲ့ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကိစ္စ သတင်းကြေညာ ရာမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာသတင်းစာတွေက “မူစလင် ကုလား” ဆိုတဲ့ စကားလုံးကို တွင်တွင် သုံးပြီး ကြေညာသွားပါတယ်။ ဒါကို မြန်မာမွတ်စ လင်မ်တွေက မကျေနပ်လို့  မကျေနပ်တဲ့အကြောင်း ဆန္ဒထုတ်ဖော်တော့ ကုလား မလို့ ကုလားခေါ်တာဘာဖြစ်လဲတို့ ၊ ကုလားလို့  မခေါ်ရင် ဘယ်လို ခေါ်ရလဲ လို့  ရိုးရိုးသားသားမေးတဲ့လူရှိသလို ဒီလောက် ပူလောင်နေတဲ့ အချိန်မှာတောင် ကုလားကို ရမရာမရှိ မိဘမောင်နှမများရှေ့  မပြောရဲတဲ့ စကားလုံးများနဲ့  ဆက်ပြီး ဆဲနေတာတွေတွေ့ ရတယ်။


ဘာကြောင့် ကုလားဆိုပြီး အခေါ်မခံချင်ကြတာလဲ။

ဒီမေးခွန်းကို ကုလားဆိုပြီး မွေးကတည်းက အခေါ်ခံ အနှိမ်ခံလာရတဲ့ ကျနော်တယောက် ရှင်းပြပါမယ်။ ကျနော်ပြောတာ မသိလို့ လေ့လာချင်လို့ ဆိုရင် ဆက်ဖတ်ပါ။ လူတယောက်တည်းမဟုတ်ပဲ လူပေါင်းများစွာရဲ့  ခံစားနာကျည်းချက်ကို သူတို့  အားလုံးကိုယ်စား ကျနော်ပြောပါမယ်။ မွတ်စလင်မ်တွေ ကျနော်ပြောတာ လက်ခံရင် ခံစားချက်ချင်းတူတယ်ဆိုရင် Like လုပ်ခြင်း၊ Share ပေးခြင်း၊ ယဉ်ကျေးစွာ ကော်မန့် ချခြင်ဖြင့် ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ပြပါ။

ဘာကြောင့် ကုလားဆိုတဲ့ စကားလုံးကို မုန်းတာလဲ။ မဖြေခင် မေးခွန်းတခုမေးပါမယ်။ သင်သိပ်ချစ်ရမဲ့ သင့်သားလေးကို သန်းရွေ ဆိုပြီး နာမည်ပေး မလား။ သန်းနဲ့  ရွှေ စကားလုံး ၂ လုံးအကောင်းချည်းပဲ။ ဒါပေမဲ့ အဲ့ဒီနာမည်ပေးမလား။ ဒါနဲ့ တင် ပြည့်စုံပါပြီ။ အဲ့ဒီ စကားလုံးတွေရဲ့  နောက်ကွယ်က အဓိပ္ဗါယ်တွေကြောင့် အဲ့ဒီနာမည်ကို မထားချင်တာ မဟုတ်ဘူးလား။ ဒီလိုပါပဲ —

ရုပ်ရှင်ဒါရိုက်တာဆိုတဲ့ ပညာတတ် နိုင်ငံခြားမှာလဲ နေနေတဲ့ မြန်မာတယောက်တောင် ကုလားလို့ ခေါ်တာ လက်မခံနိုင်တဲ့ လူတွေ က မခေါ်ပါနဲ့ လို့  ပြောတာတောင် သူ့ စိတ်ထဲဘာမှမရှိလို့  ဆက်ခေါ်မယ်ဆိုမှတော့  နိုင်ငံခြားလည်းမရောက်ဘူး၊ ပညာလည်းအား နည်းတဲ့ မြန်မာအများစု နားလည် မပေးနိုင်တာလောက်တော့ မဆန်းပါဘူး။ ခံရတဲ့လူမဟုတ်တော့ ဘယ်နာပါ့မလဲ။ နာတဲ့လူတွေ နာတယ်လို့ အော်တာလည်း ဘယ်ကြားပါ့မလဲ။  ပညာရှိ သတိဖြစ်ခဲလား ငါအသိအတတ်ဆိုပြီး သူများတကာရဲ့  နေ့စဉ်နဲ့ အမျှ ထိတွေ့ ခံစားချက်ကို နားမလည်နိုင်အောင် အသိတရားတွေ စိုင်ခဲနေပြီး အသည်းမာကြောတာလားတော့ ပြောမတတ်ပါ။


ဒါပေမဲ့ မြန်မာတွေဟာ ယဉ်ကျေးပျူငှာပြီး အေးချမ်းတဲ့ လူတွေမလို့  နားမလည်သေးတဲ့ ကျနော်တို့  ခံစားချက်ကို နားလည်ပေးအောင် တတ်နိုင်သလောက်ရှင်းပြပါမယ်။

ကုလားဆိုတာ ဘယ်ကလာတယ်ဆိုတာ အမျိုးမျိုး အဓိပ္ဗါယ်ဖွင့်ကြတယ်။

အနောက်ဖက်ကနေ မြန်မာပြည်ကို ကူးလာတဲ့လူတွေမလို့  ကုလားလို့ ခေါ်တာလို့ ပြောရင်-

(၁) ကျနော်တို့ ဟာ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးတာပါ။ မိဘ မပြောနဲ့  အဖိုးအဖွားတွေတောင် မြန်မာပြည်မှာ မွေးကြ တာ။ မကူးလာတဲ့ အတွက် ကျနော်တို့ ကုလားမဟုတ်ပါ။

(၂) ကျနော်တို့ က ကုလားတွေဆိုရင် နှစ်ရာပေါင်းများစွာက တိဘက်၊ အန္ဒိယ၊ မွန်ဂို၊ တရုတ်တောင်ပိုင်းကနေ စတင်အခြေခံ ဆင်းလာတဲ့ ဗမာတွေရော တိုင်းရင်းသားတွေရော အားလုံး တနေနေရာက ကူးလာတာမလို့  ကုလားတွေချည်းမဟုတ်ဘူးလား။

(၃) ထိုင်းနဲ့ မလေးရှားမှာ မြန်မာပြည်ကကူးလာတဲ့ ဗမာတွေ တိုင်းရင်းသားတွေရှိတယ်။ သူတို့ လည်း ကူးလာတဲ့ ကုလားတွေ မဟုတ်ဘူးလား။ ဒါတွေထားလိုက်ပါ။ အဲ့ဒီစကားလုံး ဘယ်ကလာလာ ကျနော့်ကို ကုလားလို့ ခေါ်ရင် အသေနာတယ်။ အရင်က အဲ့ဒီလောက်မနာပေမဲ့ ခုဆိုရင် ရင်ထဲ အသည်းထဲကထိနာတယ်။ ဘာကြောင့်လဲ။ အွန်လိုင်းပေါ်မှာ ကုလားကို အကောင်းဖက်က ဘယ်တုန်းက သုံးလို့ လဲ။ ကုလားဆိုရင် Negative တွေက အလိုလို ပါပြီးသားပဲ။

ကုလားပြီး အမေနှမတွေနဲ့ ကိုင်ဆဲတယ်။ (သီးခံပါ) အခုဆိုရင် မအေ -ိုးကုလား၊ ငါ -ိုးမကုလား။ သောက်ကုလား၊ -ီး ကုလား၊ ခွေးကုလား  ဆိုပြီး တွင်တွင်ကြီးဆဲနေကြတာ အားလုံးအသိပဲ။

နေ့ တဓူဝ အပြင်လောကမှာလည်း ဆဲချင်ရင် ကုလားလို့ သုံးတယ်။ ချစ်တီးကုလား၊ ကုလားကျင့် ကုလားကြံ၊ ကလေးကုလား၊ သောက်ကုလား စသဖြင့်။ ကုလားဆိုတဲ့ စကားလုံးမှာ မကောင်းတဲ့အနေနဲ့  Negative အနေနဲ့ ပဲ သုံးတော့တယ်။ သီချင်းထဲမှာတောင် ကုလားတို့ စိတ်ဓာတ် အားကြီးမုန်းတယ်ဆိုပြီး ဆိုသမား ဆိုတယ်မလား။ ရုပ်ရှင်တွေထဲမှာလည်း ကုလားဆို နှိမ်ဖို့ လောက်ပဲ ပြောကြတယ်။

ကုလားလို့ အခေါ်ခံလိုက်ရရင် နာမ၀ိသေသနာ ဘာမှမပါရင်တောင် နှိမ်ချပြီး ခေါ်သလို ခံစားရတယ်။ ဆဲတဲ့ စကားလုံးတွေ အော်တိုပါပြီးသားလို ခံစားရ တယ်။ အလွန်အမင်းနှိမ်ချပြီး ခေါ်တဲ့အခေါ်အဝေါ်လို့ ပဲ ခံစားရတယ်။

ငယ်ငယ်တုန်းကတည်းက သူငယ်ချင်းတွေက ကုလားဆိုပြီးဆဲတယ်။ ဆရာဆရာမတွေကလည်း ဟဲ့ကုလား ဆိုပြီး ခေါ်တယ်။ ကုလားလေး ကုလားလေးဆိုပြီး သူငယ်ချင်းတွေက နောက်တယ် ပြောင်တယ်။ သူငယ်တန်းကအစ ၁၀ အောင်ပြီး အဲ့ဒီသူငယ်ချင်းတွေနဲ့  လမ်းခွဲတဲ့အထိပဲ။

ကုလားဆိုတာ အနောက်တိုင်းမှာ အာဖရိကတွေကို ခေါ်တဲ့ နစ်ဂါတို့  နီဂရိုး လို ခွဲခြားတဲ့အသုံးအနှုန်းဖြစ်တယ်။ အနောက်တိုင်း မှာ နေ့ တဓူဝမှာတောင် သူငယ်ချင်း အချင်းချင်းကြားမှာတောင် နစ်ဂါလို့ ခေါ်လို့ မရဘူး။ သတင်းတွေ စာတွေ ရုပ်ရှပ်တွေမှာ သုံးရင် တရားစွဲခံရသလို အလုပ်လဲပြုတ်တယ်။

ဒါပေမဲ့ မြန်မာပြည်မှာတော့ ကုလားဆိုတာကို နေရာတိုင်းမှာ တွင်တွင်ကြီးသုံးနေလေရဲ့ ။ အစိုးရသတင်းစာမှာရော အတိုက်အခံသတင်းဌာနတွေမှာပါ သုံးနေလေရဲ့ ။

ကုလားဆိုတဲ့ အသံကြားရင် အဆဲခံရသလို ခံစားရတဲ့အတွက် မွတ်စလင်မ်တွေအားလုံး ကုလားဆိုပြီး အခေါ်ခံရရင် ရင်ထဲအသည်းထဲကထိနာတယ်။ ဒါကြောင့် မြန်မာတွေ ကိုယ်ချင်းစာစိတ်ဓာတ်ရှိတယ်ဆိုရင် ကျနော်တို့  ကို ကုလားလို့ မခေါ်ကြပါနဲ့ ။

ဒါဆို ဘယ်လိုခေါ်ရမှာလဲ —

လွတ်လပ်ရေးကာလတုန်းက အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေကို ဗမာမွတ်စလင်မ်လို့ ခေါ်တယ်။ ဗမာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ် သူတွေလို့ ဆိုလိုတာပါ။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ကိုယ်တိုင် အဲ့ဒီလို ခေါ်ဝေါ် ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီတုန်းက ခေါင်းဆောင်တွေ အသိအ မှတ်ပြုခဲ့တယ်။ အခု ဗမာနိုင်ငံအစား မြန်မာနိုင်ငံလို့ သုံးနှုန်းတဲ့အတွက် ဗမာအစား မြန်မာလို့ သုံးပြီး မြန်မာမွတ်စလင်မ် လို့  ခေါ်ဝေါ်စေချင်ကြ တာပါ။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ အစ္စလာမ် ဘာသာဝင်တွေ ဆိုတာပါပဲ။ မြန်မာမွတ်စလင်မ်ဆိုတာ လူမျိုးမဟုတ်ပါ။ မြန်မာပြည်မှာနေထိုင်ပြီး အစ္စလာမ် ဘာသာတွေ ကို ခြုံငုံပြီး ခေါ်ဝေါ်တဲ့ ယေဘုယျ နာမည်တခုပါပဲ။

ကုလားမဟုတ်ပါ – မြန်မာမွတ်စလင်မ်ဖြစ်သည်။

Credit: နေမျိုး
Source: MMSY

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)