Thursday, August 23, 2012

ဗုဒ္ဓဂေါတမကို တန်ဖိုးထားပါ


ဗုဒ္ဓဂေါတမကို တန်ဖိုးထားပါ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်၏ ဂုဏ်တော်အားဖြင့်-

အစ္စလာမ် သာသနာဝင် ညီအစ်ကို မောင်နှမများနဲ့ ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျာ- ကျွန်တော်တို့ အစ္စလာမ်သာသနာဝင် တွေဟာ ကျမ်းမြတ်ကုရ်အံရဲ့ မိန့်မှာသွန်သင်ချက်တွေကို တတ်သိသမျှ နှလုံးပိုက် လိုက်နာသူများ ဖြစ်ကြပါတယ်။ ကိုယ် ရေးကိုယ်တာ သီလများဖြစ်တဲ့ အရက်သေစာ သောက်စားခြင်းနဲ့ အချို့သော ကိုယ်ရေးကိုယ်တာ ဆိုးကျိုးဖြစ်စေမယ့်- ပညတ်သီလတစ်ချို့ကို မလိုက်နာနိုင်သေးသူတွေတောင်မှ အထူးသဖြင့် ရစူလ် (ဉာဏ်စဉ်ဆောင် ကိုယ်တော်များ) နဗီ (သတင်းဆောင် ကိုယ်တော်များ) ရဲ့ အမည်နာမကို ကြားလိုက်မိရင်၊ သို့မဟုတ် မိမိကိုယ်တိုင် နှုတ်မှ ပြောဆိုမိရင် (အာလိုင်းယ်ဆလာမ်)- ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေလို့ မေတ္တာပို့ရတာ နှုတ်ကျိုးနေပါတယ်။ မူဆလင် အရက်သမား ပါးစပ်ကတောင်- (အာလိုင်းယ်ဆလာမ်) ဆိုတဲ့ မေတ္တာမပို့ဘဲ ဘယ် ဉာဏ်စဉ်ဆောင်၊ သတင်းတော်ဆောင် ရဲ့ အမည်နာမကိုမှ မခေါ် မပြောဘူးဆိုတာ အစ္စလာမ် သာသနာဝင်တိုင်း သိပါတယ်။ ဒီထက်မက- မူဆလင် အသိုင်းအ၀ိုင်း နဲ့ နီးစပ်သူတိုင်းကလည်း (အာလိုင်ယ်ဆလာမ်) ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်သော်လည်း ကြားဘူးကြပါတယ်။

ဒါဟာ- ကျမ်းမြတ်ကုရ်အံရဲ့ သွန်သင်ဆုံးမမှုပါ။ အစ္စလာမ်သာသနာမှာ လူသားထဲက အမြင့်မြတ်ဆုံး ဉာဏ်စဉ်ကို ခူးဆွတ် ခွင့်ရသူအား ရစူလ်လို့ ခေါ်ဆိုပါတယ်။ အစ္စလာမ်တွေရဲ့ အမြင့်မြတ်ဆုံး နောက်ဆုံးပွင့်လို့ ယုံကြည်ထားတဲ့ ကိုယ်တော် မုဟမ္မဒ် (ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ) ကိုလည်း ဉာဏ်စဉ်ဆောင်၊ သတင်းတော်ဆောင် အဖြစ်ပဲ သတ်မှတ်တယ်။ ကိုယ်တော်ယေရှု (ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ) ကိုလည်း ဉာဏ်စဉ်ဆောင် သတင်း တော်ဆောင်လို့ သတ်မှတ်တယ်။ ကိုယ်တော်ဂေါတမ (ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ) ကိုလည်း ဉာဏ် စဉ်ဆောင် သတင်းတော်ဆောင်လို့ သတ်မှတ်ပါတယ်။ ဒီလို ဉာဏ်စဉ်ဆောင် သတင်းတော်ဆောင်တွေ ကြားမှာ ဘယ်သူက မြတ်တယ်။ ဘယ်သူက နိမ့်တယ်လို့ ခွဲခြားခြင်း မပြုဘို့ ကုရ်အံကျမ်းတော်ရဲ့ (၂း၂၈၅) မှာ သွန်သင်ထားသလို၊ အစ္စလာမ်လို့ ခံယူသူတိုင်းက ထိုကိုယ်တော်များ ကြား အဆင့်အတန်း ခွဲခြားခြင်း မပြုပါလို့ သစ္စာခံယူထားရပါတယ်။

ဒီနေရာမှာ- အစ္စလာမ်သာသနာဝင်တွေ အကြား အနည်းငယ် ရှင်းစရာ ရှိတာက၊ ကိုယ်တော်ဂေါတမ ကိစ္စ ဖြစ်ပါတယ်။ အစ္စလာမ် သာသနာဝင်တွေဟာ၊ ကိုယ်တော်မူဆာ (ဂျူးလူမျိုးများအတွက် ပွင့်ပေါ်ခဲ့သော ဉာဏ်စဉ်ဆောင်၊) ကိုယ်တော် ယေရှု (ပျောက်ဆုံးသွားသော ဂျူးမျိုးနွယ်များအတွက် ပွင့်ပေါ်ခဲ့သော ဉာဏ်စဉ်ဆောင်တို့ရဲ့ အမည်နာမတွေကို ရင်းနှီး ကျွမ်းဝင်ပါတယ်။ ဒါကြောင့် ကိုယ်တော်မူဆာရဲ့ အမည်နာမ၊ ကိုယ်တော် ယေရှု (ကုရ်အံပါ အမည် အီဆာ) ၏ အမည်နာမ ကို ကြားရတိုင်း၊ ခေါ်ဆိုတိုင်းမှာ (ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ) လို့ ရွတ်ဆိုပြီးသား နှုတ်ကျိုးနေပါတယ်။ ကိုယ်တော် ဂေါတမ (ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ) ရဲ့ အမည်နာမက အစ္စလာမ် သာသနာဝင် တွေ အတွက် ခပ်စိမ်းစိမ်း ဖြစ်နေပါတယ်။ များသောအားဖြင့်__

ကိုယ်တော်ဂေါတမ (ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ) ဆိုရင် အစ္စလာမ်က ဖေါ်ပြတဲ့ ဉာဏ်စဉ်ဆောင်ရယ်လို့ တောင် မသိကြဘူး ဖြစ်နေတယ်။ အဲ့ဒီလို ဖြစ်ရတာက-
(၁) ဗုဒ္ဓဘာသာလွှမ်းမိုးရာ ဒေသများကို ရောက်လာတဲ့ အစ္စလာမ် သာသနာဝင်တွေဟာ အာရ်ဗီမူရင်းကို နားလည်မှု အား နည်းခြင်း။
(၂) နားလည်သူများ ရှိသည့်တိုင် အချို့သော အစိုးရများက ဘာသာပြန်ခွင့် မပြုခြင်း (စာပေစီစစ်ရေးမှ တည်းဖြတ်ခြင်း) တို့ကြောင့် ဖြစ်ပါတယ်။

အမှန်တကယ်တော့- ကိုယ်တော်ဂေါတမ (ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ)ရဲ့ အမည်နာမကို ကျမ်းမြတ် ကုရ်အံမှာ َဿာလ်ကဖ်လိ လို့ ၂၁း၈၅ န့ဲ ၃၈း၄၈ မှာ- (၂) ကြိမ်ဖေါ်ပြထားပါတယ်။ ဿာလ်ကဖ်လိ လို့ ဆိုတဲ့ ဉာဏ်စဉ် ဆောင်ရဲ့ အမည်နာမကို သမ္မာကျမ်းမှာ ဖြစ်စေ၊ အရှေ့အလယ်ပိုင်း သမိုင်းမှာ ဖြစ်စေ မရှိပါဘူး။ အဲ့ဒီလို အရှေ့အလယ်ပိုင်း သမိုင်းနဲ့ ဆက်စပ်လို့ မရတဲ့ ဉာဏ်စဉ်ဆောင်တွေရဲ့ အမည်နာမကို ကျမ်းမြတ်ကုရ်အံ ကဖေါ်ပြတိုင်း အမည်နာမမှာ အဓိပ္ပါယ်နဲ့ ဖေါ်ပြလေ့ရှိပါတယ်။

ဥပမာ- ကုရ်အံ ၁၈း၈၃ မှာ ဖေါ်ပြတဲ့ ဿီးလ်ကာရ်နိုင်းရ် ကဲ့သို့ ဖြစ်ပါတယ်။ အာရ်ဗီစကားမှာ َ ذا ဿာ၊ ذي ဿီ၊  ذو ဿူ ဆိုတာ- ပိုင်ရှင်၊ ပြည့်ရှင်မင်း၊ စိုးပိုင်သူ လို့ အဓိပ္ပါယ်ကို ပေးပါတယ်။ နောက်တစ်ခုက တိကျစွာ ရည်ညွှန်းတဲ့ နေရာ၊ ဒေသ၊ လူ၊ ၀တ္ထု တွေရှေ့မှာ الْ အလက်ဖ်လမ် (အလ်) တွဲဆက်ရတယ်။ ဒါကြောင့် ဿီးလ်ကာရ်နိုင်းရ် (ဿီ-အလ်-ကာရ်နိုင်းရ်)  ကို ဆရာတော်ကြီးတွေက ကာရ်နိုင်းန် အရပ်ကို ပိုင်စိုးသော ကာရ်နိုင်းမင်းကြီးလို့ ပြန်ဆိုကြပါတယ်။ ဒီပြန်ဆိုချက်ကို ဘယ်သူကမှ ငြင်းဆန်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဿာလ် ကာဖ်လ်လ်လိ ကိုတော့  အကြောင်းအမျိုးမျိုးကြောင့် ဘာသာ ပြန်ဆိုခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် မောင်လာနာ ယူဆွဖ်အလီရဲ့ ဘာသာပြန်မှာ َဿာလ်ကဖ်လိ ကို ဗုဒ္ဓဂေါတမ ဖြစ်နိုင်တယ်လို့ စတင်စဉ်းစားဘို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ မောင်လာနာ ယူဆွဖ်အလီက အိန္ဒိယတိုက်သား ဖြစ်တော့ ဗုဒ္ဓဂေါတမရဲ့ သမိုင်းကို သိနေတာရယ်၊ အာရဗ်လောကမှာ َဿာလ်ကဖ်လိ ဆိုတာ မရှိဘူးဆိုတာရယ် သိနေလို့ စတင် လမ်းဖွင့် ပေးခြင်း ဖြစ်ပါတယ်။

အာရ်ဗီစကားအရ ဿာလ် ဆိုတာ၊ ပိုင်ရှင်၊ စိုးပိုင်သူ၊ ပြည့်ရှင်မင်း၊ လို့ ဖြစ်တာရယ်၊ ကာဖ်လ်လ်လိ ဆိုတာ ကပိလိလိလ လို့ဖြစ်တာရယ် ပိုပြီးတိကျအောင် ကာဖ်လ်လ်လိ ဆိုတဲ့ စကားလုံးရဲ့ ရှေ့က အလ် တွဲဆက်ထားတာရယ်က َဿာလ်ကဖ်လိ သည် ကပိလပြည်မှ ပြည့်ရှင်မင်း (ဗုဒ္ဓ ဂေါတမ) ကို ခေါ်ဆိုကြောင်း သိနိုင်ပါတယ်။ အာရ်ဗီစာ၊ အရ်ဗီစကားမှာ ပ အသံ မရှိပါဘူး။ ဒါကြောင့် ပ အသံနေရာမှာ ဖ အသံကို သုံးလေ့ ရှိပါတယ်။ ဒါကြောင့် ကပိလိလ ကို အာရ်ဗီလို ကာဖ်လ်လ်လိ လို့ ခေါ်ဆိုတာပါ။ အခုခေတ်အခါမှာ ကပိလိလိလ ဆိုတ့ဲ စကားလုံးအား အာရဗ် တစ်ဦးကို ဖတ်ခိုင်းလိုက်ရင် အဖြေမှန် ပေါ်လာပါတယ်။

ဒါကို သီရိလင်္ကနိုင်ငံ ကိုလံဘိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ ညီလာခံမှာ အိန္ဒိယနိုင်ငံ ဒေရိုဘန်မှ ဆရာတော်ကြီး များ ဖြစ်တဲ့ မောင်လာနာ မုနာဇီးရ် အဟ်စန် ဂီလာနီ ဒေရိုဗန်ဒီ နဲ့ မော်လ၀ီ အဗ္ဗဒူလ် ဘီဒီယာတီ တို့ကလည်း သုတေသန လုပ်ပြီး တင်ပြပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီ ဆရာတော်ကြီးတွေရဲ့ သုတေသနမှာ ကျမ်းမြတ်ကုရ်အံ ၉၅း၁-၃ ထိမှာ ဖေါ်ပြ ထားတဲ့ အရပ်ဒေသတွေ၊ အပင်တွေဟာ ဉာဏ်စဉ်ဆောင်တွေ ပွင့်ပေါ်ရာဒေသကို ညွှန်းပြီး ဂုဏ်ပေးထားကြောင်း အဲ့ဒီမှာ ပညောင်ပင် ဆိုတဲ့ ဝေါဟာရဟာ အာရဗ်မှာ ပေါက်တဲ့ အပင် မဟုတ်ဘဲ အိန္ဒိယတိုက်မှာသာ ပေါက်တဲ့ အပင် ဖြစ်ကြောင်း၊ အထူးသဖြင့် ညောင်ဗောဓိ အထိမ်းအမှတ် ဖြစ်တဲ့ ဗုဒ္ဓဂေါတမကို ရည်ညွန်းခြင်း ဖြစ်ကြောင်း-- တင်ပြထားပါတယ်။

Wiki မှ ဗုဒ္ဓဘာသာ သမိုင်းတွင်လည်း ၇ ရာစုတွင် အစ္စလာမ် သာသနာသည် အိန္ဒိယသို့ စိုးမိုးအုပ်ချုပ်သောအခါ ဗုဒ္ဓ ဘာသာတို့အား ဂျူးများ၊ ခရစ်ယာန်များကဲ့သို့ ကျမ်းစာရ ဘာသာတစ်ခုအဖြစ် အသိအမှတ်ပြု ပေးခဲ့သည်။ အလ်ဘီယူနီက ဗုဒ္ဓသည် ဉာဏ်စဉ်ဆောင်တစ်ပါး (ခရစ်ယာန်အသုံးဖြင့် Prophet) တစ်ပါး ဖြစ်သည်ဟု တရားဝင် သတ်မှတ်ခဲ့ကြောင်းကို တွေ့ရပါတယ်။ ကျမ်းစာရ ဘာသာ တစ်ခုလို့ သတ်မှတ်ပြီ ဆိုကတည်းက အဲ့ဒီဘာသာကို ဦးဆောင်တဲ့ ပုဂ္ဂိုလ် (ဗုဒ္ဓဂေါတမ) ဟာ ဉာဏ်စဉ်ဆောင် ရစူလ် ဖြစ်တယ်ဆိုတာကို တရားဝင် ၀န်ခံခြင်း ဖြစ်ပါတယ်။

နောက်ဆုံးအားဖြင့် ကျမ်းတော်မှာ လူမျိုးကိုယ်စီအတွက် ဉာဏ်စဉ်ဆောင်တစ်ပါး ရှိခဲ့၏ ဆိုတဲ့ (၁၀း၄၇)၊ သတိပေး ဆုံးမသူ မပွင့်ပေါ်သော လူမျိုးဟု မြေကမ္ဘာတွင် မရှိ- ဆိုတဲ့ (၃၅း၂၄) အရ- လူမျိုးတိုင်းအတွက် ဉာဏ်စဉ်ဆောင် ပွင့်ပေါ် ပြီး ဖြစ်ပါတယ်။ ဗုဒ္ဓဂေါတမဟာလည်း သဗ္ဗညုဉာဏ်ကိုရတဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဂေါတမ ခေါ် ကိုယ်တော်ဂေါတမ (ကိုယ်တော့အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ) ကို ကျွန်တော်တို့ အစ္စလာမ် သာသနာဝင်တွေက တန်ဘိုးထားရပါမယ်။ လေးစားကြည်ညိုရပါမယ်။ ဒါဟာ ကျမ်းမြတ်ကုရ်အံက ချမှတ်သွန်သင်တဲ့ သီအိုရီ ဖြစ်ပါတယ်။ ဉာဏ်စဉ်ဆောင် တစ်ပါးပါးကို ပြစ်မှားမိသော် ကျမ်းတော်ပါ ကျွန်တော်တို့ သစ္စာကတိပြုထားတဲ့ ၂း၂၈၅ ပါ ကတိသီလ ဉာဏ်စဉ်ဆောင်ကိုယ်တော်များ အကြား တစ်ပါးနှင့် တစ်ပါး မခွဲခြားပါဆိုတဲ့ ကတိအား ချိုးဖျက်ရာ ရောက်ပါတယ်။ ကျွန်တော်တို့ရဲ့ သစ္စာကတိ သီလပျက်ခြင်း အပြင် ကျွန်တော်တို့ကြောင့် ကျွန်တော်တို့ရဲ့ ညီနောင်တွေဖြစ် တဲ့ ဗုဒ္ဓသာသနာဝင်တွေကိုလည်း စိတ်မကောင်း ဖြစ်စေရာ ရောက်ပါတယ်။ ဉာဏ်စဉ်ဆောင် တစ်ပါးကို လေးစား တန်ဘိုး ထားတတ်တဲ့ အကျင့်ကို ချိုးဖေါက်သူ မှန်သမျှမှာ နောက်ဆက်တွဲ အကျိုးတွေ ကောင်းလာစရာ အကြောင်း မရှိဘူး ဆိုတာ ကိုလည်း- နားလည်စေလိုပါတယ်။

အစ္စလာမ်သာသနာဝင် ညီအစ်ကိုမောင်နှမများ၊ ဓမ္မမိတ်ဆွေများ- အားလုံး ဉာဏ်စဉ်ဆောင်များ အပေါ် လေးစားတန်ဘိုး ထားတတ်ပါစေလို့-- ဆုတောင်း မေတ္တာပို့လျှက်-။

အလျှဉ်းသင့်သလို့- အရှေ့တိုင်း အစ္စလာမ် သာသနာဝင် ကမ္ဘာကျော် ကဗျာဆရာကြီး အလာမာဟ် ဒေါက်တာ အက္ကဘာရ် က ဗုဒ္ဓဂေါတမအတွက် ရင့်ကျူးဖွဲ့ဆိုခဲ့တဲ့ ကဗျာတစ်ပုဒ်ကို လက်ဆောင်အဖြစ် ဘာသာပြန် ပေးလိုက်ပါတယ်။

ဗုဒ္ဓအား အောက်မေ့တသ
အိန္ဒိယမှာ-
ထွန်းလင်းတောက်ပ၊
သပ္ပါယ်လှစွာ- ကုမုဒြာပန်း
ပွင့်ပေါ်လန်းဆန်း ခဲ့သော်လည်း
အိန္ဒိယ၏-
မြေဆီဇလာ-
ဓါတ်ခံနုံမွဲ ဆင်းရဲမှုကြောင့်
ဇာတိမြေမှာ- မြတ်ပန်း မုဒြာ
မလန်းသာခဲ့။
သြော်-ကံဆိုးလှသော၊ အိန္ဒိယ။
(ဒေါက်တာ အက္ကဘာရ်)


ဦးဌေးလွင်ဦး
(မုဖာဆွေရ်ရို ကုရ်အံ။ ဘီအေ မြန်မာစာ (ရန်ကုန်တက္ကသိုလ်) အေ-အေ မီဒီယာ မားကက်တိန်း (နယူးယောက်၊
အမေရိကန်) Buddhism, Christianity & Islamic Scholar.

3 comments:

  1. ညာမနေပါနဲ့ သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ သင့်ရဲ့စာတွေဖတ်ရင် သိသာပါတယ်

    ReplyDelete
  2. တင်‌ပြချက်‌ကို ‌လေးစားပါတယ်‌။ယုံကြည်‌မှုက‌တော့မရှိဘူး။Indiaက ဘုန်းကြီး‌တွေကို သတ်‌ခဲ့ဘူးတယ်‌။

    ReplyDelete
  3. မင်း​ပြောမှဆဲတာထက်​​တောင်​ဆိုး​နေပြီိ ​စောက်​ရူးရ

    ReplyDelete

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)