Wednesday, February 21, 2018

မြန်မာ့မြေရောက် မလ်ဘာရီ (ကာကာ) များ

မြန်မာ့မြေရောက် မလ်ဘာရီ (ကာကာ) များ
=============================
"ကာကာလက်ဖက်ရည်ဆိုင်" ဆိုတာကြားဖူးကြမှာပေါ့။
ကာကာလူမျိုးဆိုတာက အိန္ဒိယနိုင်ငံ အနောက်ဘက်/
အနောက်တောင် ကမ်းရိုးတန်းကဲရာလာပြည်နယ်သား
အစ္စလာမ်ဘာသာဝင်တွေပါ။

မလဘာရ် Malabar မြို့ကို အစွဲပြုပြီး သူတို့ကို မလ်ဘာရီ
လို့လည်းခေါ်ကြတယ်။ အစ္စလာမ်သာသနာဟာ အိန္ဒိယပြည်
မလ်ဘာရ်ဒေသကို ဦးဆုံးရောက်ရှိခဲ့ကြောင်း သမိုင်းလေ့လာမှု
အရ သိရှိရတယ်။

မလ်ဘာရီမွတ်စ်လင်မ်တွေ မြန်မာပြည်ကို ဘယ်တုန်းက
ရောက်ရှိခဲ့ကြသလဲဆိုတာ နည်းနည်းလေးအစဆွဲထုတ်ကြည့်
ရအောင်။

ရခိုင်ဘုရင် မင်းရာဇာကြီး လက်ထက်မှာ အိမ်ရှေ့မင်းသား
မင်းခမောင်းဦးစီးတဲ့ရေတပ်နဲ့ကြည်းတပ်တို့ဟာ တောင်ငူ
ဘုရင်နဲ့ အတူ ပဲခူးမြို့တော် ကို သိမ်းပိုက်ပြီး နောက်သန်လျှင်မှာ
မြို့စောင့် တပ်ထားခဲ့ပြီး ရခိုင်ကိုပြည်တော်ပြန်ခဲ့ပါတယ်။
Philip de Brito လို့အမည်ရတဲ့ပေါ်တူဂီ ကို သန်လျှင်မှာ
အခွန်ရုံးအရာရှိ အဖြစ် တာဝန်ပေးထားခဲ့ပါတယ်။ သူဟာ
တစ်ဖြည်းဖြည်းနဲ့ အရေးပါ အရာရောက်လာပြီး Salvador
Ribeyro အမည်ရတဲ့ ပေါ်တူဂီအရာရှိ နဲ့ပင်းပြီးရခိုင်ဘုရင်
တင်ခဲ့တဲ့ ရခိုင် စစ်သူကြီး commander ကို နှင်ထုတ်
သန်လျှင်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။

ဒီဘရစ်တို နဲ့ အတူ သန်လျှင် မှာ ရှိနေခဲ့တဲ့ ကုလားပသီ
တွေဟာ ဂိုအာ (Goa) က နေ ခေါ်ဆောင် လာသူ တွေဖြစ်
တဲ့ အတွက် ဘင်္ဂါလီတွေ မဖြစ်နိုင်ပါဘူး။ မလ်ဘာရီလူမျိုးတွေ
သာဖြစ်နိုင်ပါတယ်။

The River of Lost Footsteps ကို ရေးသားခဲ့တဲ့ ဆရာ
သန့်မြင့်ဦး ကလည်း သူ့စာအုပ်ထဲမှာ သန်လျင် ဒီဘရစ်တို
စစ်သားတွေထဲ မလ်ဘာရီတွေ ပါဝင်ကြောင်း ရေးသားထား
ပါတယ်။ ( ခြေရာပျောက်မြစ်၊ မြနှင်းဆီ မြန်မာဘာသာပြန်
စာမျက်နှာ ၁၄၃)

သူဟာ သန်လျှင်မြို့ရဲ့တရားဝင် အရာရှိ အဖြစ် စာရင်းသွင်းခံ
ရဖို့ ဂိုအာ ဘုရင်ခံထံက အခွင့်အာဏာပန်ဆင်ဖို့ရာ
အိန္ဒိယနိုင်ငံမှာရှိတဲ့ ဂိုအာ မြို့ကို သွားရောက်ခဲ့ပါတယ်။
ဂိုအာ က အပြန်မှာ သူ နဲ့အတူ သင်္ဘောခြောက်စီး ပါလာ
ခဲ့ပါတယ်။ မြန်မာရာဇဝင် ကျမ်းတွေ အလိုအရ တော့ သင်္ဘော
ငါးစင်း ဖြစ်ပြီး အဲဒီသင်္ဘောငါးစီးနဲ့အတူ ကုလားပသီ
နှစ်ထောင်ခန့်၊ သုံးထောင်ခန့် ပါလာ တယ်လို့ ပါရှိပါတယ်။
အနောက်ဘက်လွန် မင်းက အဲဒီ သင်္ဘောငါးစင်း အနက်
လေးစင်းနဲ့အတူကုလားပသီတို့ကို ဖမ်းမိ ကြောင်း ပါရှိပါတယ်။
အဲဒီ ကုလားပသီဆိုသူတွေဟာ အိန္ဒိယနိုင်ငံအနောက်တောင်
ကမ်းရိုးတန်းနေမလ်ဘာရီ (ကာကာ) မွတ်စ်လင်မ်
တွေဖြစ်နိုင်ဖို့ရာနှုန်းအတော်များပါတယ်။

ရဲရင့်သစ္စာ


No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)