Saturday, May 5, 2018

သွေးနှော ဆိုတာ . . .

သွေးနှော ဆိုတာ . . .
================

မောင်ရင်အဘပြောမကွဲ့

ပထမဆုံးသွေးနှော ခြင်းကိစ္စ စခဲ့တာက အနော်ရထာ ပဲ။ကျန်စစ်သား က သက်သေပေါ့။

"ကုလားသွေးနှောအစ အနော်ရထာ က" လို့ တောင် စကားပုံထားရလိမ့်မယ် ။
ဗျတ်ဝိဗျတ္တ ၊ဘိုင်ဆပ်တို့ ကတော့ မပြောတော့ပါဖူး
ထိုင်းကိုတိုက်ရင်း နိုင်လို့ ခေါ်လာတဲ့ အနုပညာရှင်တွေက နေ ထိုင်း(သျှမ်း)သွေးက နှောပြန်ရော ။
အဲ့နောက်တော့ ပေါက်ဖော်ကြီး က တစက်နှစ်စက် .... နရသီဟပတေ့ ဆီ လာရောတယ်။

အဲ့ချိန် မြောက်ဦးမှာက ဘင်္ဂလားသွေး တဂါလံလောက်ရောနေလို့ ဘုရင်တွေတောင် ကုလားနာမည်တွေဘွဲ့ တွေ ယူ....ဒင်္ဂါးပြားထဲ ကုလားစာရိုက်ပြီးထုတ်နေကြချိန်ပေါ့ .....သူတို့ မျိုး ဆက်ကို စစ်နိုင်ပြီး မဟာမြတ်မုနိဘုရားကြီး ဒီဘက်ပင့်လာတော့ အဲ့သွေးတွေ ပါလာတာမှ တပျစ်တခဲ ....လေးသည်တော်သွေး သက်တော်စောင့်သွေး စသဖြင့်ပေါ့ .....မန်းလေး....မဟာမြတ်မုနိဘုရားကြီး နား က ပလီက...လေးသည်တော် ဆိုသူတွေရဲ့ ပလီ ပဲ .......

သွေးအရောဆုံးက တောင်ငူခေတ် ...

.....ရတုဘုရင်....နတ်သျှင်နောင် ဆိုသူက
"တပ်တော်ဦးဆီမျှော် လိုက်ပြန်တော့.....ရဲတံခွန်တွေလေကစား ကြွားတလူလူဝေ...." (အာမင်).. ဆိုပီး ......အယူဝါဒပြောင်း....... ပျော်ပျော်ပါးပါး ပေါ်တူဂီသွေးတွေ လက်ခံနေတုန်း ဘုရင့်နောင်က သီဟိုကျွန်းက ဗုဒ္ဓစွယ်တော်အစစ်ကို လိုချင်လွန်းတော့ ရတနာလှေပို့ လက်နက်ပို့ တော့ ဟိုက တမီလ်သွေးတွေ ပြန်ပို့ လိုက်တယ်။

စွယ်တော်ရမရကတော့ အငြင်းပွားစရာရှိပေမဲ့ တမီလ်ကုလားသွေး ရလာတာကတော့ သမိုင်းသက်သေရှိတယ်(နာမည်ကြီး.......လူသက်သေကတော့ ခု ....ဘုန်းကြီးဝတ်ကြီး နဲ့ မို့ အဘ မပြောတော့ပါဖူး..)

...... မြေဒူးမင်းလက်ထက် စစ်သုံးပန်း တွေထဲမှာလဲ ဟိန္ဒူ မွတ်စလင် ခရစ်ယာန်တွေ စုံ မှစုံ....အဲ့သွေးတွေက စစ်ကိုင်းတိုင်းထဲ တပျံတနှံ့ ....

တရုပ်စစ်သူကြီး နစရွတ်ဒင် တို့ ပန်းသေးသွေးတွေ ကချင်ဘက်မှာ ကျန်ခဲ့သလို ဘိန်းစား အားပေါက်တို့ ရဲ့ ကွန်မြူနစ်တရုပ်သွေးလဲ ကောလင်း ၊ဝန်းသို ဘက်မှာ တရောတနှော....ဗိုလ်ထီး မျိုးဆက်ရဲ့ ကသည်းသွေး ကလဲ မိုးညှင်း မိုးကောင်းဘက်တွေ မှာ ပျံပျံနှံ့နှံ.......

အင်းဝကိုကုန်သွယ်လာတဲ့ ပန်ဂျပ် မလ်မန် ကုန်သည် တွေက မြန်မာ အလယ်ပိုင်းမှာ ခပ်ပျံပျံ...မဏိပူရအာသံ က ချင်းသွေးနဲ့ နှောလို့ ရုပ်ရည်သီးသန့် နဲ့ ပခုက္ကူ နယ်ဘက် တစုတဝေး...

အင်္ဂလိပ်ခေတ် သခင်ကြီး သမက်တော်ချင်တဲ့ ခေတ်ကရှိသေး .....အဲ့ချိန် ဘိုလမ်းနီးပီး ဘိုသွေးနှောရင် အကောင်ပဲ ဆိုတော့ နှောချင်သူကအများသား ....(ဘို ကို သမက် တော်....အိမ်ဦးခန်းတင်ထားပြီး သခင်ကြီး လို့ အရသာရှိရှိ ခေါ်ခဲ့ တဲ့ ဗမာတွေ ဒုနဲ့ဒေး) ...

တချိန်ထဲမှာပဲ စီးပွားလာရှာတဲ့ ချစ်တီးကုလားသွေးနှောတွေ ရှိမရှိသိချင်ရင် ဂျပန်တော်လှန်ရေး သမား ရုပ်ရှင်မင်းသား သီဟ--....
တို့ မိသားစုကိုပဲကြည့်...... ....ဒါမှမဟုတ်လဲ မောင်ရင်တို့ အိမ်နားဝန်းကျင်မှာလိုက်ရှာ ...
အသားမဲ မျက်ခုံးထူ မျက်တောင်ကော့ ဗုဒ္ဓဘာသာဝင် တွေ ရှိရင် အဲ့တာသေချာပေါက် ချစ်တီးကုလား မျိုးဆက်...အပေါင်ဆုံး မရွေးနိုင်လို့  သမီးပေးလိုက်ရတာလား၊ဒါမှမဟုတ် ချစ်တီးရင်ဘတ်မွှေးကို ချစ်လွန်းလို့ ပဲ သွေးနှောခံလိုက်တာလား...ငွေမက်လို့ပဲ ဘာဘူ ဘုတ်အချားဟဲ ဆိုပြီး ငြိမ်ခံနေလိုက်သလား...တော့ ကွကိုသာ သွားမေး ....

ဇေယျဝတီဘက် မှာလဲ အဂျေးဒီဗန်းတို့  အမီတာဘဂျမ်းတို့ သွေးတွေ ရွမ်းရွမ်းဝေ လို့ .... အိန္ဒိယက ဆူဘတ်ချန်ဒြရာဘို့စ် တောင် ဂျပန်ကို တိုက်ဖို့ အိန္ဒိယ ကနေ ဇေယျဝတီဘက်ကို လူ လာစု ရတဲ့ အထိ ကို ရွမ်းရွမ်းဝေခဲ့တာ ......

စူရတီ သွေးက တော့ ဗိုလ်ချုပ်ဈေး ကြီး သက်သေပဲ...
.ဂျပန်ခေတ်မှာတော့ "မာစတာကြီးက အိမ်ကိုပြန် ဗိုက်တစ်လုံးနဲ့ ကျန်"ဆိုတဲ့ စာချိုးတောင် ရှိသတဲ့
ဂျပန်သွေးနှောထဲတော့ ကိုခင်ဝမ်းကို အလေးစားဆုံးပါပဲ ....

အေဒီ ၁၄ ရာစုလောက်က နမ္မတူဘော်တွင်း ဘက်ကို သတ္ထုလာတူးတဲ့ ပန်းသေးအုပ်စုသွေးကလဲ ရှမ်းနဲ့  ရောရောထွေးထွေး......

တရုပ်တန်းကတော့ ခမ်းခမ်းနားနားမို့  မင်းသိင်္ခကတောင် သူ့ဝတ္ထုတွေထဲ ဖွဲ့နွဲ့ခဲ့ရသေး
မျက်လုံးမှေးအသားဖြူ နှာတံတို ဗုဒ္ဓဘာသာဝင်တွေဆိုရင် အားတီတို့ သာကောတို့ သွေး တစက်နှစ်စက်တော့သေချာပေါက်ပါတယ် ...

လောပန်ချန်ကေရှိတ်တို့ တတွေလဲ ရှမ်းတကြော သွေးနှောခဲ့တာပဲ သူတို့ မျိုးဆက်ထဲက တချို့ဆို ခု တိုင်းရင်းသားစစ်စစ်ကြီး ကို ဖြစ်လို့ ....ပင်လုံ ညီလာခံတောင် လာတက်နေသေး ...

ဒုကမ္ဘာစစ်အပီး တရုပ်ပြည်မှာ ငတ်ပြတ်နေလို့  မြန်မာပြည်ကူးလာတဲ့ ကူးလာတရုပ်သွေးကတော့ အခုမန်းလေးမှာ အိမ်ကြီးမြိုင်ကြီး ဟီးဟီးထ တွေနဲ့  အများကြီးပဲ ....ကွန်မြူနစ်အစစ် အိမ်မှာအရက်ပုလင်းခေါင်းခုအိပ် မိုးနတ်မင်းကို တိုင်တည်ပြီး ချီးယာစ် တွေ ကမ်ပိန်တွေ လုပ်နေကြသူတွေက ခုတော့ ဗုဒ္ဓဘာသာ ဆိုလားပဲ ....သူတို့ ကိုမျက်စိစပါးမွှေးမစူးအောင် ကျောင်းဆောက် ပရာဒိုလှူ...ဥပုဒ်နေ့ တိုင်း အာရုံဆွမ်းလောင်းပြီး ညဦးပိုင်းကြ အရက်ဝိုင်းဖွဲ့ ကြသတဲ့ ....(သာဓု ခေါ်လိုက်ပါအုံးမောင်ရင်ရဲ့ )

မြန်မာပြည်တောင်ပိုင်းက ဆလုံတွေ နဲ့ ပသျှူး တွေမှာလဲ မလေးသွေးက ဗလပျစ် ....

ကဲ မောင်ရင်..... အဘ မေး မကွဲ့......

မင်း ...... အသားရောင် ဖြူလားမဲလား ညိုလား ဝါလား
မျက်ခုံးထူလားပါးလား တိုလား မျက်လုံးမှေးလား ပြူးလား မျက်တောင်ကော့လား တိုလား နှာခေါင်းတိုလား ရှည်လား ပြားလား ချွန်လား ပွလား
နှုတ်ခမ်းပါးလား ထူလား
အမွှေးထူလား မုတ်ဆိတ်ထွက်လား မိန်းမပါးလို အမွှေးမပေါက်ပဲနေလား
မှန်ထဲသေချာကြည့် ......ပြီးရင် ....
ကွကို ဘာသွေးနှောလဲ .....ဆုံးဖြတ် .....

အဲ့ဒါ ...ကို မှ......သွေးမနှောသေးဖူးထင်ရင် ကိုယ့်ပါးကိုရိုက်ပီး
အစအဆုံး တခေါက်ပြန်ဖတ်....

Credit ~ Ye Min Nyi Nyi


Friday, May 4, 2018

ဗလီ

ဗလီဆိုတာ...
လောကီတွင်းထွက်ရတနာတွေကို
ဌာပနာထားတဲ့နေရာ မဟုတ်ဘူး။

ဒီနေရာဟာ
လောကုတ္တရာ အတွက်
ကြိုးပမ်းအားထုတ် ကြိုးကုတ်တဲ့ နေရာ...။

ဒီမှာ
မင်းတို့အတွက်
ဝင်ရောက်လေ့လာစရာ
ပန်းဆယ်မျိုးရဲ့ အနုပညာတွေ မရှိဘူး။

ဒီမှာ
မင်းတို့ ဝင်ရောက် လှူ ဒါန်းဖို့ အတွက်
ဆီမီးရေချမ်း ရွှေသင်္ကန်း ကပ်ဖို့
ရုပ်ပွားတော်တွေလည်း မရှိဘူး။

ဒီမှာ
မာတုဂါမ မလာရမို့
လိပ်ဥတူးဖို့ အခွင့်အရေးလည်း
မရနိုင်ဘူး။

ဒီမှာ
ရေကူးခွင့်မရှိတဲ့ ရေကန်ရယ်...
မိုအတ်ဇင်တောင် မတက်တော့တဲ့ မျှော်စင်ရယ်...
တပတ်တခါ တရားဟောတဲ့ ပလ္လင်ရယ်...
ရှေးခေတ်သုံး sound box မဲဟ်ရဗ် ရယ်...

မတ်တပ်ရပ် တရားဟောတဲ့အခါ ပြုတ်မကျအောင်
ထောက်ကူဖို့ အဆွာ ခေါ် တောင်ဝှေး တချောင်းရယ်..

သူသူငါငါ လှူ ဒါန်းထားတဲ့ ကျမ်းစာနဲ့ စိပ်ပုတီး တချို့ရယ်..

ဒီလောက်ပဲ ရှိပါမယ်...

ဗလီအားလုံးဟာ

စ တည် ကတည်းက

နောက်ဆုံးချိန်ထိ

ခိုက်ရန်နဲ့ ကင်းတယ်။

ကာမေသုနဲ့ ကင်းတယ်။

သူရာမေရိယနဲ့ ကင်းတယ်  ... သူငယ်ချင်း ။

များသောအားဖြင့်

မွတ်စ်လင်မ်တွေက

ရေချိုးပြီးမှ လာ ကြ တယ် ...။

ရေ မ ချိုး ဖြစ်ခဲ့ရင်

ခြေ လက် မျက်နှာ ဆေးကြောပြီးမှ ဝင်ရောက်ကြဖို့

အဝင်ဝမှာ ဝုဇူရေကန် ရှိတယ်လေ ။

ဗိုင်သွလ်လားဟ် အလ္လာဟ်အိမ်တော် မို့

အိမ်တော်ရှင်ကို ဂါရဝထား

ယုံကြည်စိတ်ထားနဲ့ ဝင်ရောက် ဝတ်ပြုလို့ရတယ်။

ဒီမှာ

ရတနာကိုးပါး စီခြယ်ထားတဲ့ ရုပ်ပွားတော် မရှိဘူး။

ဖောက်ထွင်းလို့ရတဲ့ ဌာပနာတိုက်လည်း မရှိဘူး။

ဆေးကွာနေတဲ့နံရံမှာ ရွှေသင်္ကန်း ကပ်လို့မရဘူး။

သံဝါသပြု ပြီး ရေ မချိုးသေးခင် ဝင်ခွင့်မရှိဘူး။

မမြင်နိုင်တဲ့ ဂျင်န်နတ်ဒေဝါတွေလည်း ဘုရားဝတ်ပြု တတ်လေတော့

စည်းကမ်းချက်တွေနားမလည်ရင်

ဥပဒ်ဖြစ်နိုင်တယ် ... သူငယ်ချင်း ...။

Aung San Myo


ကုလားဆိုတာ

ကုလားဆီရောက်သွားတဲ့တကျပ်က
ကျောက်ကပ်ဆေးရုံကြီး ဖြစ်သွားတယ်
ဟာဂျီမ ဒေါ်ပုရယ်...!

ကုလားဆီရောက်သွားတဲ့ ပညာရေးက
အမျိုးသားပညာရေးဖြစ်သွားတယ်
ဦးရာဇတ်ရယ်...!

ကုလားလက်ထဲရောက်သွားတဲ့
သေနတ်တွေ အမြောက်တွေနဲ့
ဗြိတိသျှ နေမဝင်အင်ပါယာ ကို
အန်တုခဲ့ပါတယ်
ကုန်းဘောင်မင်းဆက်ရယ်....!

ကုလားလက်ထဲရောက်သွားတဲ့
စာအုပ်စိမ်းကြီးကို တရွက်ချင်းစီ
ဆွဲဖြဲခဲ့တာပဲ ဦးကိုနီရယ်.....!

ကုလားဦးဆောင်ခဲ့တဲ့
ကျောင်းသားသမဂ္ဂသမိုင်းမှာ
အုပ်ချုပ်သူ အစိုးရကို
တော်လှန်ခဲ့တာပဲ
ဦးရာရှစ်ရယ်....!

ကုလားလက်ထဲ
လုပ်ပိုင်ခွင့်လေးတခုရတော့
ဦးပိန်တံတားရယ်လို့
ကမ္ဘာက သိသွားတယ်
တောင်သမန်ရယ်....!

Aung San Myo


မန္တလေးနန်းမြို့တွင်းဗလီဝတ်ကျောင်းတော်များ

မန္တလေးနန်းတော်အတွင်းတွင်အစ္စလာမ်သာသနာဝင်များ ဝတ်ပြုဆုတောင်းရာဗလီဝတ်ကျောင်းတော်(၃)ခုတည်ရှိခဲ့ဖူးပါသည်။

၁။ရွေပန္နက်ဗလီဝတ်ကျောင်းတော်
=•=•=•=•=•=•=•=•=•=•=•=
မန္တလေးမြို့ယ္ခုအခါ'မင်္ဂလာတံခါး'(ခေါ်)ကျော်မိုးတံခါး အဝင်ဝအနီး၊အရှေ့ဘက်မြို့ရိုးနားရှိ လွတ်လက်ရေးကျောက်တိုင်ဧရိယာတဝိုက်တွင် အစ္စလာမ်ဘာသာဝင်'ရွေးလက်ယာ'တပ်သားများကို နေရာချထားပေးပြီး'ရွေးလက်ယာ'တပ်သားများဝတ်ပြုရန် "ရွှေပန္နက်ဗလီ"ဝတ်ကျောင်းတော်ကိုတည်ဆောက်ပေးခဲ့သည်။
"ရွှေပန္နက်ဗလီ"ဟုခေါ်တွင်ရသည့်အကြောင်းမှာ ရတနာပုံမြို့တည်၊နန်းတည်မင်းတုန်းမင်းတြားကြီးကိုယ်တိုင် ရွှေပန္နက်ရိုက်၍တည်ဆောက်ပေးခဲ့သောကြောင့်ဖြစ်ပါသည်။
"ရွှေပန္နက်ဗလီ"တည်ဆောက်သည့်သက္ကရာဇ်ကိုအတိအကျ မတွေ့ရပေ။
မြနန်းစံကျော်ရွှေနန်းတော်ကြီးတည်ဆောက်ပြီးစ
သက္ကရာဇ်-၁၂၂၂ ဝန်းကျင်ကတည်ဆောက်ခဲ့သည်ဟု ခန့်မှန်းကြသလို၊ အချို့အဆိုအရသက္ကရာဇ်-၁၂၂၈(A.D-1866)ခု၊
နန်းတွင်းအရေးတော်ပုံဖြစ်ပြီးနောက်မှ
(အစ္စလာမ်ဘာသာဝင်မင်းမှုထမ်းများ နေ့စဉ်နန်းမြို့အပြင်ဘက်ထွက်၍ ဝတ်ပြုရသည့်အတွက်နန်းတော်အတွင်းမှာပင် လွယ်ကူစွာဝတ်ပြုနိုင်ရန်) တည်ဆောက်စေခဲ့သည်ဟုဆိုသည်။
"ရွှေပန္နက်ဗလီ"၏ရှေ့ဆောင်ဆရာကြီးမှာ (ရတနာပုံခေတ်မင်းနှစ်ဆက်အမှုထမ်းခဲ့ပြီး'မင်းပျံချီ'ဘွဲ့ချီးမြင့်ခံရသူ) ရွေးလက်ယာတပ်မှူး 'ဦးဟာရှင်'၏အစ်ကို 'သ္ခင်ကြီး'(ခေါ်)ဆရာ'ဘိုင်ကြီး' ဖြစ်လေသည်။
ဆရာ'ဘိုင်ကြီး'သည်အလွန်တည်ကြည်ဖြောင့်မတ်၍ အကျင့်သီလသိက္ခာ၊သမာဓိနှင့်ပြည့်စုံသောကြောင့် လူတိုင်းကကြောင်ရွံ့ရိုသေ၊လေးစားကြ၏။
မင်းတုန်းမင်းတြားကြီးကမွတ်စလင်မ်တို့အတွက် ဆရာ'ဘိုင်ကြီး'ကိုသာသနာပိုင်အဖြစ်လည်းခန့်အပ်ထားလေသည်။
ဆရာ'ဘိုင်ကြီး'တွင်'ဦးဘိုးမြစ်'နှင့်'ဦးခြူ 'ဆိုသော သားနှစ်ယောက်ရှိပြီး ၎င်းတို့ကိုနန်းမြို့တွင်း"ရွှေပန္နက်ဗလီ"အနီးတွင်မွေးဖွားခဲ့သည်။
ဦးဘိုးမြစ်သည်(A.T.M)အမှုထမ်းကောင်းတံဆိပ်တော်ရ အထူးအာဏာရမြို့အုပ်မင်းဖြစ်သည်။
ဒုတိယသားဖြစ်သူဦးခြူ သည် ရွှေဘိုခရိုင်၊ထန်းကုန်းရွာကြီးတွင် အထူးအာဏာရသူကြီးမင်းဖြစ်ပါသည်။
"ရွှေပန္နက်ဗလီ"ကိုမြန်မာမှုလက်ရာ ထီးမိုး၊ကျွန်းပြသာဒ်တို့ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အုတ်အင်္ဂဒေတို့ဖြင့်တည်ဆောက်ခြင်းမဟုတ်ဘဲ သစ်သားဖြင့်အပြီးတည်ဆောက်ထားခြင်းကြောင့်
ဗြိတိသျှတို့မြန်မာတစ်နိုင်ငံလုံးသိမ်းပိုက်ခဲ့သည့် (A.D-1885)နှစ်ကုန်ခန့်တွင်မီးလောင်ပျက်စီးခဲ့သည်။
(အချို့အဆိုအရဗြိတိသျှတို့ကနန်းတော်တွင်း အနောက်မြောက်ဒေါင့်သို့နေရာရွှေ့ပြောင်း တည်ဆောက်ပေးခဲ့သည်ဟူ၏)
ရွှေဘိုခရိုင်၊ကံသာကုန်းရွာသား အစ္စလာမ်ဘာသာဝင်မြန်မာပညာရှိ မော်လဝီဆရာသီရေးသားပြုစုအပ်သော "အစ္စလာမ်သာသနာကမ္ဘာ၏မော်ကွန်းတော်ကျမ်း"တွင်
"ရွှေပန္နက်ဗလီ"နှင့်စပ်လျဉ်း၍ရေးသားထားသည်မှာ
[ရတနာပုံ သဒ္ဓါအဟုန်ရောင်လင်းခဲ့သည့် မင်းတုန်းမင်း လက်ထက်တော်အခါတွင် ရွေးလက်ယာမွတ်စ်လင်မ်တို့သည် ရှေ့တော်တွင်တစ်စုတစ်ခန်းငယ်နှင့် အမှုထမ်းဖြစ်ကြရကား
မွတ်စ်လင်မ် ဘာသာရေး ဝတ်ပြုရန် အခွင့်ပေးပြီးလျှင် ယဉ်ကျေးမှု အရှည်ဆက်မှာကြောင့် ရွှေပန္နက်မိန့်ခိုင်းချပြီးသော် ပြည်တိုင်းမ အထင်ခံဖြင့် အစ္စလာမ် အခြေမြွတ်၍မို့၊ ရွှေပန္နက်ဗလီတော်ဟု ပြည်ပေါ်မှာ သညာ ထားသည့်ပြင်။]
ဟူ၍ဖြစ်ပါသည်။
{အဖြူ ရောင်သစ္စာ}❤
___________________________________________

၂။နန်းတွင်းသစ်တပ်ဗလီဝတ်ကျောင်းတော်
=•=•=•=•=•=•=•=•=•=•=•=•=•=•=
သက္ကရာဇ်-၁၂၂၈(A.D-1866)ခုနှစ်၊ နန်းတွင်းအရေးတော်ပုံဖြစ်ပြီးနောက် မင်းတုန်းမင်းတြားကြီးသည်မိမိ၏သစ္စာခံတပ်များဖြစ်သော အစ္စလာမ်ဘာသာဝင် ရွေးလက်ယာတပ်ရင်း၊
စင်္ကြာအမြောက်တပ်၊ မင်္ဂလာအမြောက်တပ်၊ မင်္ဂလာအမြောက်-ဆူးလေကုန်းတပ်၊
မင်္ဂလာအမြောက်-ဘုံးအိုးတပ်၊
ဝလီခါန်းမြင်းတပ်၊ ကုလားပျိုသေနတ်တပ်
စသည့်ဘုရင့်တပ်မတော်ကြီး(၇)ရပ်မှ လက်ရွေးစင်တပ်သားများထုတ်ယူတော်မူပြီး၊ အတွင်းကိုယ်ရံတော်အသေခံတပ်မကြီးတစ်ရပ် ဖွဲ့စည်းခဲ့လေသည်။
၎င်းလက်ရွေးစင်၊အသေခံပသီတပ်သားများကို ရွှေနန်းတော်သစ်တပ်အတွင်းအလှည့်ကျတာဝန်ယူစေပြီး နေ့၊ညမပြတ်စောင့်ကြပ်၊ကင်းချထား၏။
သစ်တပ်အတွင်းအမှုထမ်းရသောအတွင်းကိုယ်ရံတော်တပ်သားများ (၅)ကြိမ်ဝတ်တက်ရန်အတွက် မင်းတုန်းမင်းတြားကြီး၏ ခွင့်ပြုမိန့်ဖြင့် အုတ်တိုက်ဗလီဝတ်ကျောင်းတော်တစ်ခုတည်ဆောက်ခဲ့သည်။
ထိုဗလီဝတ်ကျောင်းတော်ကို"အနောက်သစ်တပ်ဗလီ"ဟု ခေါ်တွင်ကြောင်းသိရသည်။
"အနောက်သစ်တပ်ဗလီ"ဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာမှာအစောပိုင်းတွင်မည်သူဆောက်ရွက်ခဲ့သည် မသိရသော်လည်း (A.D-1885)ခုနှစ် မြန်မာနိုင်ငံဗြိတိသျှလက်အောက်ကျရောက်ပြီးနောက်ပိုင်း စစ်တန်းသ္ခင်ကြီးမော်လာနာဂိုလာမ်အလီရှား [မိုဟမ္မဒီယာအာရဗီသိပ္ပံကျောင်းအုပ်ကြီး/အိုးတော်ဗလီရှေ့ဆောင်ဆရာ] ၏ နောင်တော် မော်လာနာဆဒါရ်အလီရှားကရှေ့ဆောင်ဆရာအဖြစ် ဆောင်ရွက်ခဲ့ကြောင်း 'ဦးစံရှား'ရေးသားသော "သံလျင်ဒရ်ဂါဟ်စာတမ်း"တွင်တွေ့ရသည်။
ကိုလိုနီခေတ်တွင်ဗြိတိသျှစစ်တပ်၌အမှုထမ်းနေကြသော ပထန်၊ပန်ဂျာဘီမွတ်[စ်]လင်[မ်]တပ်သားများ "အနောက်သစ်တပ်ဗလီ"တွင်ဝတ်ပြုခဲ့ကြ၏။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသောအခါ မန္တလေးမြို့ကြီးမှာစစ်ဒဏ်ကိုအလူးအလဲခံရကာ နန်းတော်ဆောင်အများအပြားလည်း ဖက်ဆစ်ဂျပန်နှင့်ဗြိတိသျှတို့၏အပြန်အလှန်တိုက်ခိုက်မှုကြား ပြာပုံအတိဖြစ်ခဲ့ရသည်။
"အနောက်သစ်တပ်ဗလီ"ဝတ်ကျောင်းတော်ကြီးလည်း ဒုတိယကမ္ဘာစစ်ကာလအတွင်း(A.D-1945)ခုနှစ်တွင် ဗုံဒဏ်သင့်၍မီးလောင်ကျွမ်းခဲ့ရသည်။
အုတ်အင်္ဂဒေတို့ဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်ကြောင့် ဗလီဝတ်ကျောင်းတော်၏အစိတ်အပိုင်းအချို့မပျက်မစီးကျန်နေခဲ့သည်။
လွတ်လပ်ရေးရပြီးစကာလများ၌ဗလီဝတ်ကျောင်းတော်သည် ပစ္စည်းသိုလှောင်ရာဌာနတစ်ခုအဖြစ်တည်ရှိနေတော့သည်။
(A.D-1952)ခုနှစ်တွင်မြန်မာမွတ်[စ်]လင်[မ်]အရာရှိကြီးများ၊ အစ္စလာမ်ဘာသာဝင်တပ်မတော်အမှုထမ်းများနှင့် မွတ်[စ်]လင်[မ်]မြို့မိမြို့ဖများ၏မေတ္တာရပ်ခံချက်အရ အထက်အာဏာပိုင်အကြီးအကဲတို့ကသဘောထာပြည့်ဝစွာဖြင့် ပစ္စည်းသိုလှောင်ရာဌာနအဖြစ်မှရပ်စဲပေးခဲ့ပါသည်။
1952,May-မှစ၍အစ္စလာမ်ဘာသာဝင်တပ်မတော်အရာရှိများ တာဝန်ခံ၍ဗလီဝတ်ကျောင်းတော်ကိုပြန်လည်ဖွှင့်လှစ်နိုင်ခဲ့ပါသည်။
တောင်ဘလူဗလီရှေ့ဆောင်ဟောင်းမော်လာနာဦးခင်မောင် ရှေ့ဆောင်ဆရာအဖြစ်ဆောင်ရွက်ကာနန်းတော်အတွင်းရှိ အစ္စလာမ်ဘာသာဝင်စစ်မှုထမ်းများ(၅)ဝတ်ပြုခွင့်ရခဲ့လေသည်။
(A.D-1962)ခုနှစ်တွင်မန္တလေးမြို့မွတ်[စ်]လင်[မ်]မြို့မိမြို့ဖများ ဦးစီးကာ စေတနာရှင်၊လုပ်ငန်းရှင်များ၏လှူဒါန်းမှုများဖြင့် ဗလီဝတ်ကျောင်းတော်ကိုမွမ်းမံပြင်ဆင်ခဲ့ကြသည်။
၁၃၂၅-ခု၊ဝါခေါင်လပြည့်၊(4,8,1963)တနင်္ဂနွေနေ့ နံနက်(၈)နာရီခွဲအချိန်တွင်ဗလီဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
ဗလီဝတ်ကျောင်းတော်ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့၊ကာစေ့မီယာအာရဗီအထက်တန်းကျောင်းအုပ်ကြီး မော်လာနာဂျမာလွဒ္ဒီန်းဆွာဗ်၊ မန္တလေးမြို့၊စူရ်တီဗလီရှေ့ဆောင်ဆရာကြီး မွဖ်သီ၊ဟာဖွစ်ဇ်အစ္စမာအီလ်ကာစူဂျီဆွာဗ်နှင့် မန္တလေးတိုင်းအိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့တို့မှ ဦးစီးကာ၊ အစ္စလာမ်ဘာသာဝင်တပ်မတော်သားများ၏အကူအညီ၊ မန္တလေးမြို့ခံမွတ်[စ်]လင်[မ်]မြို့မိမြို့ဖများ၊ မြန်မာမွတ်[စ်]လင်[မ်]စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများ၏ပံ့ပိုးမှုဖြင့်ကျင်းပခဲ့ကြောင်းသိရသည်။
4,8,1963 ဗလီဖွင့်ပွဲပြုလုပ်ပြီးနောက်ပိုင်း၌ မော်လာနာအဗ္ဗဒွရ်ရဟ်မာန်(ခ)ဆရာဦးမောင်မောင်က ဗလီရှေ့ဆောင်ဆရာတာဝန်ယူဆောင်ရွက်ခဲ့သည်။
#အလွန်အင်မတန်ဝမ်းနည်းဖွယ်ကောင်းလေစွ
၎င်းအစဉ်အလာကြီးမားလှပြီးမြန်မာဘုရင်မင်းမြတ်၏ချီးမြင့်ထားသော ၎င်းဗလီဝတ်ကျောင်းတော်ကြီးကို(၁၉၉၀)ကာလများ၌ မသမာသူအစွန်းရောက်အချို့ကဖြိုချဖျက်ဆီးလိုက်ကြလေသတည်း။
{အဖြူ ရောင်သစ္စာ}❤
____________________________________________

၃။ထောင်တွင်းဗလီဝတ်ကျောင်းတော်
=•=•=•=•=•=•=•=•=•=•=•=•=
(1885)ခုနှစ်၊မြန်မာဘုရင်သီဘောမင်းကိုနန်းချပြီးနောက် ဗြိတိသျှတို့သည်နန်းမြို့ရိုးအတွင်းအနောက်မြောက်ဒေါင့်၌ သစ်များဖြင့်အကျဉ်းထောင်ကြီးတည်ဆောက်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း သစ်သားအကျဉ်းထောင်ကြီးမှာ ပျက်စီးသွားခဲ့ရာ (1938/39)ခုနှစ်များတွင်အုတ်ရိုးစီ၍ ပြည်လည်တည်ဆောက်ခဲ့ကြသည်။
တောင်ဘက်ခြမ်းတွင်အကျဉ်းသားများအတွက် သီးသန့်အုတ်တံတိုင်းတစ်ထပ်ကာရံပြီး၊သီးသန့်ဆောင်တိုက်များ တည်ဆောက်ကာ၊အစ္စလာမ်ဘာသာဝင်တို့အတွက်လည်း ဗလီဝတ်ကျောင်းတော်(၂ခန်း×၂ခန်း)တစ်ဆောင် အုတ်ဖြင့်တည်ဆောက်ပေးခဲ့သည်။
(အစ္စလာမ်ဘာသာဝင်ထောင်မှုထမ်း၊အရာထမ်းတွေဝတ်ပြုနိုင်ရန် တူရကီနိုင်ငံကအဆောက်အဦးလှူဒါန်းခဲ့ကြောင်း မှတ်သားဖူးပါတယ်)
ထောင်တွင်းဗလီမှာ(၂၀)ပေ၊ပတ်လည်လောက်သာရှိပေမယ့် ဗလီအင်္ဂါရပ်နဲ့ပြည့်စုံပါတယ်။
နောက်ပိုင်းကာလများ၌ဝတ်ပြုသူမရှိ၊ထိန်းသိမ်းခွင့်မရဘဲ အစိတ်အပိုင်းအချို့ပျက်စီးပြီး၊ ဗလီဝတ်ကျောင်းတော်အဆောက်အဦးမှန်းမသိကြတော့ပေ။
{အဖြူ ရောင်သစ္စာ}❤
___________________________________________

မန္တလေးမြို့၊နန်းတော်မြို့ရိုးကြီးအတွင်း၌ ဗလီဝတ်ကျောင်းတော်(၃)ခုရှိခဲ့ဖူးသည်မှာ သမိုင်းစာမျက်နှာထက်တွင်သာကျန်ရှိပါတော့သည်။

၁။ရာဇဝင်သုတေသီရွှေဘိုဦးဘဦး ရေးသားပြုစုသော ရွှေမန်းအနှစ်တစ်ရာပြည့်မြန်မာမွတ်စလင်တို့၏အတ္ထုပ္ပတ္တိ
၂။သမိုင်းပညာရှင်ဇေယျကျော်ထင်ဗိုလ်မှူးကြီးဘရှင် ရေးသားပြုစုသော မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တို့အားရှေးမြန်မာမင်းများချီးမြင့်ခဲ့ပုံ
၃။သမိုင်းစာရေးဆရာတင်နိုင်တိုး၏ ရတနာပုံမန္တလေး(အခန်းဆက်ဆောင်းပါး)
၎။သမိုင်းသုတေသီဦးမောင်မောင်ကြီး[မန်း] ရေးသားပြုစုသော မန္တလေး၊နှစ်(၁၅၀)ပြည့်အထိမ်းအမှတ် မင်းနှင့်လွှတ်တော်မှတည်ဆောက်ခွင့်ပြုခဲ့သော ပြန်တမ်းဝင်အစ္စလာမ်သာသနာဝတ်ကျောင်းတော်များ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
စာအုပ်များမှကောက်နှုတ်ရေးသားပါသည်။
သမိုင်းအချက်အလက်အမှားအယွင်းပါရှိပါက အပြုသဘောထောက်ပြပြုပြင်ပေးပါရန်။
စာလုံးပေါင်းသတ်ပုံအမှားအယွင်းပါရှိပါက ကျေးဇူးပြု၍ပြင်ဆင်ဖတ်ရှုပါရန်။
"အားလုံးသောမိတ်ဆွေများကိုအစဉ်လေးစားလျှက်"
{အဖြူ ရောင်သစ္စာ}❤


မောင်မောင် (ကရ၀ိတ်) ပြောသော မန္တလေးရောက် ကမန်များ အကြောင်း

ကိုအပုချေ ရေးထားတဲ့ ကမန်တွေ အတင်းအကြပ် ပြောင်းရွှေ့ခံကြရတဲ့အကြောင်း ဖတ်မိတော့ ကျနော်တို့ မန္တလေးမြို့မှာ ကမန်အမျိုးအနွယ် အစုအဝေးကြီး တခုလုံး အတင်းအကြပ် ပြောင်းရွှေ့ခံခဲ့ရပုံ ကို သတိရမိတယ်
-
ဟုတ်ပါတယ်။ ကျနော်တို့ မန္တလေးမြို့မှာ ကမန်အမျိုးသားတွေ နေထိုင်ကြတဲ့ ရပ်ကွက်ကြီးတခု ရှိခဲ့ပါတယ် မဟာမြတ်မုနိ (ဘုရားကြီး) အနီးက ရွှေဘုန်းရှိန် ရပ်ကွက် အတွင်းမှာဖြစ်ပါတယ်
-
တကယ်တန်း ပြောကြမယ်ဆိုရင် ရွှေဘုန်းရှိန်ရပ်ကွက်ဟာ မန္တလေးမြို့ မတည်ဆောက်မှီကထဲက တည်ရှိခဲ့တဲ့ရပ်ကွက်ပါ
-
အမရပူရမြို့တည် နန်းတည် ဘိုးတော်ဦးဝိုင်းလက်ထက်က ရခိုင်ကို အောင်နိုင်လိုက်တော့ ကနောင်မင်းသားက ရခိုင်ကနေ မဟာမြတ်မုနိရုပ်ပွားတော်ကို ပင့်ဆောင်လာတော့ ကမန်လူမျိုးတွေကို ပေါ်တာ အဖြစ် အသုံးပြု သယ်ဆောင်စေခဲ့ပါတယ်
(အဆိုအချို့အရ -ပေါ်တာတွေရဲ့ လက်ဖဝါးတွေကို ဖေါက်ပြီး ကြိုးနဲ့သီပြီး ရုပ်ပွားတော်ကြီးပင့်ဆောင်တဲ့လမ်းခရီးမှာ ထွက်မပြေးနိုင်အောင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်)
-
အဲ့ဒီ ပေါ်တာဆွဲခေါ်လာတဲ့ ကမန်တွေကို မဟာမြတ်မုနိဘုရားကြီးရဲ့တောင်ဖက် ကံရွာ(ဂိုင်ရွာ) မှာနေရာချထားပေးခဲ့ပါတယ်။ ကံရွာ က ဘုရားကြီးရဲ့ တောင်ဖက်မှာရှိပါတယ်။
-
အဲ့ဒီနောက် ဘုရားကြီး(မဟာမြတ်မုနိရုပ်ပွားတော်)က ရွှေများ မကြာခန အခိုးခံရတဲ့အတွက်
ကမန်လေးသည်တော်များကို အစောင့်အဖြစ် ခန့်ထားပြီး ဘုရားကြီရဲ့အနောက်မြောက်ဖက် ရွှေဘုန်းရှိန် ရပ်ကွက် မှာ နေရာချထားပေးခဲ့ပါတယ်
-
မဟာမြတ်မုနိကို ထိန်သိမ်းစောင့်ရှောက်ရတဲ့ ကမန်လေးသည်တော်တွေဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့အတွက် နေ့စဉ် ငါးကြိမ် ဝတ်ပြုဖို့အတွက်
ရွှေဘုန်းရှိန် ရပ်ကွက်ကနေ ၃-၄ မိုင်ခန့်အဝေးမှာရှိတဲ့ အမရပူရ ကိုယ်ရံတော် ဗလီကို သွားရောက်ခဲ့ကြရပါတယ်
-
အဝေးရှိ ဗလီကို သွားရောက်ဝတ်ပြုရတဲ့အတွက် ဘုရားကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာမှာ လစ်ဟင်းမှုရှိမှာကို စိုးရိမ်တဲ့ ဘိုးတော်ဦးဝိုင်း
က ရွှေဘုန်းရှိန် ရပ်ကွက်အတွင်းမှာ ဗလီမြေနေရာတခုသတ်မှတ်ပေးပြီး ဝတ်ပြုစေခဲ့ပါတယ်
-
အဲ့ဒီ ဗလီကို ဘုရားကြီးဗလီ လို့ပဲ ခေါ်ဝေါ်ကြပါတယ် နောက်ပိုင်းမှသာ ရွှေဘုန်းရှိန်ဗလီလို့ ခေါ်ဝေါ်လာကြတာ ဖြစ်ပါတယ်
-
ဘုရားကြီးဗလီ ရွှေဘုန်းရှိန်ရပ်ကွက်မှာနေထိုင်တဲ့ ကမန်အဆက်အနွယ်တွေဟာ မန္တလေးက အခြားမွတ်စလင် အသိုင်းအဝိုင်းနဲ့ ပုံစံမတူပဲ မြန်မာဆန်ဆန် သီးခြားနေထိုင်ကြသူများဖြစ်ကြပါတယ်
-
အိမ်ထောင်ပြုကြရာမှာလည်း(များသော အားဖြင့်) သူတို့ ဘုရားကြီး အသိုင်းအဝိုင်းအတွင်းက လူအချင်ချင်းသာ ပြုတတ်ကြပါတယ်
-
မြို့ရဲ့အခြားနေရာတွေ အခြားမြို့တွေမှာ အခြေချဖြစ်သွားတဲ့ ဘုရားကြီးသားတွေဟာ အလှူအတန်းပြုတဲ့အခါ အခါကြီး ရက်ကြီးတွေကို သူတို့ဇာတိ ဘုရားကြီးဗလီကိုသာ ဆုံရပ်အဖြစ် ပြန်လာလေ့ရှိကြပါတယ်
-
၁၉၈၈ အရေးအခင်းကာလကြီးမှာ ဘုရားကြီးက ကမန်မွတ်စလင်မိသားစု တွေဟာ အခြားမွတ်စလင်များနည်းတူ အစ္စလာမ့်သမဂ္ဂမှာ ပူပေါင်းပါဝင်ခဲ့
ကြပါတယ်
-
၁၉၈၈ စက်တင်ဘာလ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ၁၉၈၉ ခုနှစ် မေလ မှာတော့ မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အမိန့်နဲ့ ဘုရားကြီး ဗလီပိုင်မြေကွက်ပေါ်မှာ နေထိုင်တဲ့ ကမန်လူမျိုးများကို အောင်ပင်လယ်မြို့သစ်ကို မဖြစ်မနေ ပြောင်းရွှေ့ နေရာချ ပစ်ခဲ့ပါတယ်
-
အောင်ပင်လယ်မြို့သစ် ဆိုတာ အခေါ်အဝေါ် ပဲ ရှိပါတယ်။ တကယ်တော့ အောင်ပင်လယ် ကန်ကြီးထဲက လယ်ကွက်တွေကို အကွက်ရိုက်ပြီး ရေမရှိ လျှပ်စစ်မီးမရှိ လမ်းမခင်းရသေးတဲ့ မြွေတော ဖားတော ရွှံ့ညွန်တောထဲမှာ ပို့ထားခဲ့တာပါ
-
နောက်ပိုင်းမှ ကိုယ်ထူ ကိုယ်ထ မြေဖို့/လမ်းခင်း/မြှောင်းဖေါက်/မြွေရှင်း/ ရေရအောင်စီမံ /မီးရရှိရေးလုပ် နဲ့ မြို့ဖြစ်အောင် တည်ဆောက်ယူခဲ့ကြရတာပါ။
-
ဘုရားကြီးဗလီပတ်ဝန်းကျင်မှာတော့ ကိုယ်ပိုင်မြေ ကိုယ်ပိုင်အိမ်နဲ့ နေထိုင်သူ မိသားစု ဦးရေ ဆယ်ဂဏန်းလောက်သာ ကျန်ခဲ့ပါတော့တယ်။
-
အဲ့ဒီအချိန် ၁၉၉၈ ဧပြီလအတွင်းမှာ မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ အတွင်းရေးမှူး ဗိုလ်ကြီးမိုးပေါ်ဦးဆောင်ပြီး ဘုရားကြီးဗလီကို ဘူလ်ဒိုဇာထိုး ဖျက်ဆီးသိမ်းယူဖို့ ကြိုးစားခဲ့ပါသေးတယ်။
-
ဘုရားကြီးဗလီဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဘတင်(အေဝမ်း)မှ အစ္စလာမ်ဘာသာရေးအဖွဲ့များကို အကူအညီ တောင်းခံခဲ့ပေမဲ့ မန္တလေးမြို့ မွတ်စလင်လူထုနဲ့ ကင်းကွာပြီး သီးခြားနေထိုင်ခဲ့ကြသူတွေ ဖြစ်လို့ ထင်ပါရဲ့ဘယ်အဖွဲ့အစည်းကမှ ကူညီ ဖြေရှင်းပေးမှု မလုပ်ခဲ့ကြပါဘူး မကူညီကြပါဘူး။
-
ဒါပေမဲ့ ဦးဘတင်ရဲ့ ဦးဆောင်မှုနဲ့ ကိုမျိုးဝင်းအောင် နဲ့ ကျနော် တို့ရဲ့ကြိုးစားမှု အပေါ် အလ္လာဟ်အရှင် အလိုတော်တူမှုကြောင့် ဗိုလ်ကြီး မိုးပေါ် လက်လျှော့ သွားခဲ့ပါတယ်။ ဘုရားကြီးဗလီလည်း နှောက်ယှက်ဖျက်ဆီးလိုသူများရန်က လွတ်မြောက်ခဲ့ပါတယ်
-
အောင်ပင်လယ် မြို့သစ်ရောက် ကမန်အမျိုးအနွယ်တွေကတော့ ၁၉၈၉/၉၀ နိုင်ငံသားစီစစ်ရေးကဒ်မှာ လူမျိုး-ဗမာ ကိုးကွယ်သည့်ဘာသာ-အစ္စလာမ်နဲ့ ကမန်အမည် အဖျောက်ခံရပြီးတဲနောက် ဒီနောက်ပိုင်းမှာတော့ ဘင်္ဂါလီ-ဗမာ လူမျိုးတွေ ဖြစ်ကုန်ကြမှာ သေချာပါတယ်။
-
မန္တလေးက ကမန်အမျိုးအနွယ် တွေ အတင်းအဓမ္မ ပြောင်းရွှေ့ နေရာအချထားခံရတာကို သတိရလို့ တင်ပြလိုက်ရပါတယ်
-
မောင်မောင်(ရွှေကရဝိက်)
-