Friday, May 4, 2018

မောင်မောင် (ကရ၀ိတ်) ပြောသော မန္တလေးရောက် ကမန်များ အကြောင်း

ကိုအပုချေ ရေးထားတဲ့ ကမန်တွေ အတင်းအကြပ် ပြောင်းရွှေ့ခံကြရတဲ့အကြောင်း ဖတ်မိတော့ ကျနော်တို့ မန္တလေးမြို့မှာ ကမန်အမျိုးအနွယ် အစုအဝေးကြီး တခုလုံး အတင်းအကြပ် ပြောင်းရွှေ့ခံခဲ့ရပုံ ကို သတိရမိတယ်
-
ဟုတ်ပါတယ်။ ကျနော်တို့ မန္တလေးမြို့မှာ ကမန်အမျိုးသားတွေ နေထိုင်ကြတဲ့ ရပ်ကွက်ကြီးတခု ရှိခဲ့ပါတယ် မဟာမြတ်မုနိ (ဘုရားကြီး) အနီးက ရွှေဘုန်းရှိန် ရပ်ကွက် အတွင်းမှာဖြစ်ပါတယ်
-
တကယ်တန်း ပြောကြမယ်ဆိုရင် ရွှေဘုန်းရှိန်ရပ်ကွက်ဟာ မန္တလေးမြို့ မတည်ဆောက်မှီကထဲက တည်ရှိခဲ့တဲ့ရပ်ကွက်ပါ
-
အမရပူရမြို့တည် နန်းတည် ဘိုးတော်ဦးဝိုင်းလက်ထက်က ရခိုင်ကို အောင်နိုင်လိုက်တော့ ကနောင်မင်းသားက ရခိုင်ကနေ မဟာမြတ်မုနိရုပ်ပွားတော်ကို ပင့်ဆောင်လာတော့ ကမန်လူမျိုးတွေကို ပေါ်တာ အဖြစ် အသုံးပြု သယ်ဆောင်စေခဲ့ပါတယ်
(အဆိုအချို့အရ -ပေါ်တာတွေရဲ့ လက်ဖဝါးတွေကို ဖေါက်ပြီး ကြိုးနဲ့သီပြီး ရုပ်ပွားတော်ကြီးပင့်ဆောင်တဲ့လမ်းခရီးမှာ ထွက်မပြေးနိုင်အောင်လုပ်ခဲ့တယ်လို့ ဆိုပါတယ်)
-
အဲ့ဒီ ပေါ်တာဆွဲခေါ်လာတဲ့ ကမန်တွေကို မဟာမြတ်မုနိဘုရားကြီးရဲ့တောင်ဖက် ကံရွာ(ဂိုင်ရွာ) မှာနေရာချထားပေးခဲ့ပါတယ်။ ကံရွာ က ဘုရားကြီးရဲ့ တောင်ဖက်မှာရှိပါတယ်။
-
အဲ့ဒီနောက် ဘုရားကြီး(မဟာမြတ်မုနိရုပ်ပွားတော်)က ရွှေများ မကြာခန အခိုးခံရတဲ့အတွက်
ကမန်လေးသည်တော်များကို အစောင့်အဖြစ် ခန့်ထားပြီး ဘုရားကြီရဲ့အနောက်မြောက်ဖက် ရွှေဘုန်းရှိန် ရပ်ကွက် မှာ နေရာချထားပေးခဲ့ပါတယ်
-
မဟာမြတ်မုနိကို ထိန်သိမ်းစောင့်ရှောက်ရတဲ့ ကမန်လေးသည်တော်တွေဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့အတွက် နေ့စဉ် ငါးကြိမ် ဝတ်ပြုဖို့အတွက်
ရွှေဘုန်းရှိန် ရပ်ကွက်ကနေ ၃-၄ မိုင်ခန့်အဝေးမှာရှိတဲ့ အမရပူရ ကိုယ်ရံတော် ဗလီကို သွားရောက်ခဲ့ကြရပါတယ်
-
အဝေးရှိ ဗလီကို သွားရောက်ဝတ်ပြုရတဲ့အတွက် ဘုရားကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာမှာ လစ်ဟင်းမှုရှိမှာကို စိုးရိမ်တဲ့ ဘိုးတော်ဦးဝိုင်း
က ရွှေဘုန်းရှိန် ရပ်ကွက်အတွင်းမှာ ဗလီမြေနေရာတခုသတ်မှတ်ပေးပြီး ဝတ်ပြုစေခဲ့ပါတယ်
-
အဲ့ဒီ ဗလီကို ဘုရားကြီးဗလီ လို့ပဲ ခေါ်ဝေါ်ကြပါတယ် နောက်ပိုင်းမှသာ ရွှေဘုန်းရှိန်ဗလီလို့ ခေါ်ဝေါ်လာကြတာ ဖြစ်ပါတယ်
-
ဘုရားကြီးဗလီ ရွှေဘုန်းရှိန်ရပ်ကွက်မှာနေထိုင်တဲ့ ကမန်အဆက်အနွယ်တွေဟာ မန္တလေးက အခြားမွတ်စလင် အသိုင်းအဝိုင်းနဲ့ ပုံစံမတူပဲ မြန်မာဆန်ဆန် သီးခြားနေထိုင်ကြသူများဖြစ်ကြပါတယ်
-
အိမ်ထောင်ပြုကြရာမှာလည်း(များသော အားဖြင့်) သူတို့ ဘုရားကြီး အသိုင်းအဝိုင်းအတွင်းက လူအချင်ချင်းသာ ပြုတတ်ကြပါတယ်
-
မြို့ရဲ့အခြားနေရာတွေ အခြားမြို့တွေမှာ အခြေချဖြစ်သွားတဲ့ ဘုရားကြီးသားတွေဟာ အလှူအတန်းပြုတဲ့အခါ အခါကြီး ရက်ကြီးတွေကို သူတို့ဇာတိ ဘုရားကြီးဗလီကိုသာ ဆုံရပ်အဖြစ် ပြန်လာလေ့ရှိကြပါတယ်
-
၁၉၈၈ အရေးအခင်းကာလကြီးမှာ ဘုရားကြီးက ကမန်မွတ်စလင်မိသားစု တွေဟာ အခြားမွတ်စလင်များနည်းတူ အစ္စလာမ့်သမဂ္ဂမှာ ပူပေါင်းပါဝင်ခဲ့
ကြပါတယ်
-
၁၉၈၈ စက်တင်ဘာလ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ၁၉၈၉ ခုနှစ် မေလ မှာတော့ မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အမိန့်နဲ့ ဘုရားကြီး ဗလီပိုင်မြေကွက်ပေါ်မှာ နေထိုင်တဲ့ ကမန်လူမျိုးများကို အောင်ပင်လယ်မြို့သစ်ကို မဖြစ်မနေ ပြောင်းရွှေ့ နေရာချ ပစ်ခဲ့ပါတယ်
-
အောင်ပင်လယ်မြို့သစ် ဆိုတာ အခေါ်အဝေါ် ပဲ ရှိပါတယ်။ တကယ်တော့ အောင်ပင်လယ် ကန်ကြီးထဲက လယ်ကွက်တွေကို အကွက်ရိုက်ပြီး ရေမရှိ လျှပ်စစ်မီးမရှိ လမ်းမခင်းရသေးတဲ့ မြွေတော ဖားတော ရွှံ့ညွန်တောထဲမှာ ပို့ထားခဲ့တာပါ
-
နောက်ပိုင်းမှ ကိုယ်ထူ ကိုယ်ထ မြေဖို့/လမ်းခင်း/မြှောင်းဖေါက်/မြွေရှင်း/ ရေရအောင်စီမံ /မီးရရှိရေးလုပ် နဲ့ မြို့ဖြစ်အောင် တည်ဆောက်ယူခဲ့ကြရတာပါ။
-
ဘုရားကြီးဗလီပတ်ဝန်းကျင်မှာတော့ ကိုယ်ပိုင်မြေ ကိုယ်ပိုင်အိမ်နဲ့ နေထိုင်သူ မိသားစု ဦးရေ ဆယ်ဂဏန်းလောက်သာ ကျန်ခဲ့ပါတော့တယ်။
-
အဲ့ဒီအချိန် ၁၉၉၈ ဧပြီလအတွင်းမှာ မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ အတွင်းရေးမှူး ဗိုလ်ကြီးမိုးပေါ်ဦးဆောင်ပြီး ဘုရားကြီးဗလီကို ဘူလ်ဒိုဇာထိုး ဖျက်ဆီးသိမ်းယူဖို့ ကြိုးစားခဲ့ပါသေးတယ်။
-
ဘုရားကြီးဗလီဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဘတင်(အေဝမ်း)မှ အစ္စလာမ်ဘာသာရေးအဖွဲ့များကို အကူအညီ တောင်းခံခဲ့ပေမဲ့ မန္တလေးမြို့ မွတ်စလင်လူထုနဲ့ ကင်းကွာပြီး သီးခြားနေထိုင်ခဲ့ကြသူတွေ ဖြစ်လို့ ထင်ပါရဲ့ဘယ်အဖွဲ့အစည်းကမှ ကူညီ ဖြေရှင်းပေးမှု မလုပ်ခဲ့ကြပါဘူး မကူညီကြပါဘူး။
-
ဒါပေမဲ့ ဦးဘတင်ရဲ့ ဦးဆောင်မှုနဲ့ ကိုမျိုးဝင်းအောင် နဲ့ ကျနော် တို့ရဲ့ကြိုးစားမှု အပေါ် အလ္လာဟ်အရှင် အလိုတော်တူမှုကြောင့် ဗိုလ်ကြီး မိုးပေါ် လက်လျှော့ သွားခဲ့ပါတယ်။ ဘုရားကြီးဗလီလည်း နှောက်ယှက်ဖျက်ဆီးလိုသူများရန်က လွတ်မြောက်ခဲ့ပါတယ်
-
အောင်ပင်လယ် မြို့သစ်ရောက် ကမန်အမျိုးအနွယ်တွေကတော့ ၁၉၈၉/၉၀ နိုင်ငံသားစီစစ်ရေးကဒ်မှာ လူမျိုး-ဗမာ ကိုးကွယ်သည့်ဘာသာ-အစ္စလာမ်နဲ့ ကမန်အမည် အဖျောက်ခံရပြီးတဲနောက် ဒီနောက်ပိုင်းမှာတော့ ဘင်္ဂါလီ-ဗမာ လူမျိုးတွေ ဖြစ်ကုန်ကြမှာ သေချာပါတယ်။
-
မန္တလေးက ကမန်အမျိုးအနွယ် တွေ အတင်းအဓမ္မ ပြောင်းရွှေ့ နေရာအချထားခံရတာကို သတိရလို့ တင်ပြလိုက်ရပါတယ်
-
မောင်မောင်(ရွှေကရဝိက်)
-


No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)