Friday, May 4, 2018

ဗလီ

ဗလီဆိုတာ...
လောကီတွင်းထွက်ရတနာတွေကို
ဌာပနာထားတဲ့နေရာ မဟုတ်ဘူး။

ဒီနေရာဟာ
လောကုတ္တရာ အတွက်
ကြိုးပမ်းအားထုတ် ကြိုးကုတ်တဲ့ နေရာ...။

ဒီမှာ
မင်းတို့အတွက်
ဝင်ရောက်လေ့လာစရာ
ပန်းဆယ်မျိုးရဲ့ အနုပညာတွေ မရှိဘူး။

ဒီမှာ
မင်းတို့ ဝင်ရောက် လှူ ဒါန်းဖို့ အတွက်
ဆီမီးရေချမ်း ရွှေသင်္ကန်း ကပ်ဖို့
ရုပ်ပွားတော်တွေလည်း မရှိဘူး။

ဒီမှာ
မာတုဂါမ မလာရမို့
လိပ်ဥတူးဖို့ အခွင့်အရေးလည်း
မရနိုင်ဘူး။

ဒီမှာ
ရေကူးခွင့်မရှိတဲ့ ရေကန်ရယ်...
မိုအတ်ဇင်တောင် မတက်တော့တဲ့ မျှော်စင်ရယ်...
တပတ်တခါ တရားဟောတဲ့ ပလ္လင်ရယ်...
ရှေးခေတ်သုံး sound box မဲဟ်ရဗ် ရယ်...

မတ်တပ်ရပ် တရားဟောတဲ့အခါ ပြုတ်မကျအောင်
ထောက်ကူဖို့ အဆွာ ခေါ် တောင်ဝှေး တချောင်းရယ်..

သူသူငါငါ လှူ ဒါန်းထားတဲ့ ကျမ်းစာနဲ့ စိပ်ပုတီး တချို့ရယ်..

ဒီလောက်ပဲ ရှိပါမယ်...

ဗလီအားလုံးဟာ

စ တည် ကတည်းက

နောက်ဆုံးချိန်ထိ

ခိုက်ရန်နဲ့ ကင်းတယ်။

ကာမေသုနဲ့ ကင်းတယ်။

သူရာမေရိယနဲ့ ကင်းတယ်  ... သူငယ်ချင်း ။

များသောအားဖြင့်

မွတ်စ်လင်မ်တွေက

ရေချိုးပြီးမှ လာ ကြ တယ် ...။

ရေ မ ချိုး ဖြစ်ခဲ့ရင်

ခြေ လက် မျက်နှာ ဆေးကြောပြီးမှ ဝင်ရောက်ကြဖို့

အဝင်ဝမှာ ဝုဇူရေကန် ရှိတယ်လေ ။

ဗိုင်သွလ်လားဟ် အလ္လာဟ်အိမ်တော် မို့

အိမ်တော်ရှင်ကို ဂါရဝထား

ယုံကြည်စိတ်ထားနဲ့ ဝင်ရောက် ဝတ်ပြုလို့ရတယ်။

ဒီမှာ

ရတနာကိုးပါး စီခြယ်ထားတဲ့ ရုပ်ပွားတော် မရှိဘူး။

ဖောက်ထွင်းလို့ရတဲ့ ဌာပနာတိုက်လည်း မရှိဘူး။

ဆေးကွာနေတဲ့နံရံမှာ ရွှေသင်္ကန်း ကပ်လို့မရဘူး။

သံဝါသပြု ပြီး ရေ မချိုးသေးခင် ဝင်ခွင့်မရှိဘူး။

မမြင်နိုင်တဲ့ ဂျင်န်နတ်ဒေဝါတွေလည်း ဘုရားဝတ်ပြု တတ်လေတော့

စည်းကမ်းချက်တွေနားမလည်ရင်

ဥပဒ်ဖြစ်နိုင်တယ် ... သူငယ်ချင်း ...။

Aung San Myo


2 comments:

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)