အထက်ပါပုံကို
လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာဝင်များအပေါ်
အထင်အမြင် လွဲနေ ရစေသည့် အဓိကလက်သည်တရားခံ မုသာဝါဒဖြန့်ဝေရာ၊
အမုန်းတရားကြီးထွားစရာတို့၏ ဇစ်မြစ် အမျိုးပြောက်မှာ စိုး ကြောက်စရာ အပါအဝင်
(တရားဝင်ထုတ်ဝေခြင်းမဟုတ်သော်လည်း အလွန်တွင်ကျယ်စွာ ပြန့်နှံ့သည့်) ဝါဒမှိုင်းတိုက်
စာစဉ်များတွင် ဖတ်ခဲ့ရဖူးပါသည်။ ယခုအခါ Facebook နှင့် အခြား
အင်တာနက်စာမျက်နှာများတွင် တွေ့လာရပြီ။ တစ်ဆင့် ပြန် share လုပ်သူဦးရေလည်း
မနည်းမနော။
အစ္စလာမ်ဘာသာဝင်
မဟုတ်သူ သာမန် စာဖတ်သူတစ်ဦး ဖတ်မိပါက ကြက်သီးမွေးညင်း ထောင်ထစရာ၊ မွတ်စလင်မ် ဆို သူတွေက
အလွန်ကြောက်စရာ သတ္တဝါများဟုပင် တစ်ထစ်ချ ယူမှတ်လိုက်ဖွယ်ရာ အနေအထားဖြစ်သည်။
ဟစ်တလာက
ပြောခဲ့ဖူးပါသည်။ အမှားတစ်ခုကို လူထုကြားမှာ ရဲရဲပြော၊ အကြိမ်ကြိမ်ပြော၊ စကာစက
မယုံသူတွေတောင် တစ်ဖြည်းဖြည်း အမှန်ဟု ထင်လာလိမ့်မည်တဲ့။ အဆိုပါ စာအုပ်
ထုတ်ဝေဖြန့်ချိသူတို့၏ လုပ်ရပ် အတော်ပင် အောင်မြင်ပါ သည်။ မွတ်စလင်မ်ဆိုတာ ရွံစရာ၊
မုန်းစရာ၊ ကြောက်စရာအဖြစ် မြင်နေကြသူတွေ မနည်းလှကြောင်း facebook နှင့် internet
သုံးသူများမှတစ်ဆင့် တွေ့နေရပါသည်။ ကမ္ဘာ့နားလည်မှု လွဲမှားမှု အခံရဆုံး
နံပါတ်(၁)သာသနာအဖြစ် အစ္စလာမ် ရှိနေရပါပြီ။
အစ္စလာမ်ကတော့
သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲ နှင့်
လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် သင်တို့ဆန်းစစ်ကြဖို့၊
သို့မဟုတ်လျင် သင်တို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍
ဆုံမသွန်သင်ထားသည်။ (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)
အခြားအကြောင်းအရာတွေ
မဆွေးနွေးမီ ပထမဆုံး အစ္စလာမ်ကို မည်သည်က အစစ်အမှန် ကိုယ်စားပြုသည်ဆိုသည်ကို
ပြောလိုပါသည်။ အစ္စလာမ်၏ စစ်မှန်သော အဆုံးအမများကို (၁)ကျမ်းတော်မြတ်ကုရ်အာန်နှင့်
(၂)ထိုကျမ်းမြတ်ကို လက် တွေ့အကောင်အထည်ဖော် သွန်သင်လမ်းညွှန်ထားသော
မဟာတမန်တော်မြတ်၏ ပုံဖော်သွန်သင်ချက်များကသာလျင် ကိုယ်စားပြုပါသည်။ ထိုနှစ်ချက်ကို
ဆန့်ကျင်သည့် အကြောင်းခြင်းရာတစ်ရပ်ကို မွတ်စလင်မ်အမည်ခံသူ တစ်သန်းက လက်မှတ်ထိုး
ထုတ်ဝေပါစေ ထိုအကြောင်းအရာသည် အစ္စလာမ်ကို ကိုယ်စားမပြုပါ၊ ထိုလူတစ်သန်းနှင့်သာ
ဆိုင်ပါမည်။
ထို့အတွက်ကြောင့်
အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များတွင် မွတ်စလင်မ်မဟုတ်သူ ဘာသာခြားများနှင့်
ပတ်သက် ၍ မည်သို့ ဆိုထားကြောင်း ဦးစွာ တင်ပြပါမည်။
ဘာသာတရားများ
တစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ကျင့်သုံးဆောက်တည်မှုများ မတူညီ ကွဲပြားကြပါသည်။
မတူညီမှုကို တန်းညှိနေရန် မလိုပါ။ မိမိတို့လုပ်ရပ်အတိုင်း ကိုယ့်ပြုသည့်ကံ
ကိုယ်နှင့်ဆိုင်ပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ ကိုယ့်သာ သနာနှင့်ကိုယ်ပါ။
ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပါ။
“ အသင်
ပြောကြားပါလေ။
အို
(အစ္စလာမ်ကို) မယုံကြည်သူအပေါင်းတို့…
ကျွန်ုပ်သည်
သင်တို့ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည်မဟုတ်ပေ။
ထို့ပြင်
သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ်
ဆည်းကပ်ကြသူများ မဟုတ်ပေ။
ထို့ပြင်
ကျွန်ုပ်သည် သင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်မည့်သူ
မဟုတ်ပေ။
ထိုနည်းတုစွာ
သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ်
ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။
စင်စစ်သော်ကား
သင်တို့အဖို့ သင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ကျွန်ုပ်အဖို့ ကျွန်ုပ်၏
အကျိုး၊ လမ်းစဉ်၊ သာ သနာပင် ဖြစ်ပေသည်။” (ကျမ်းမြတ်ကုရ်အာန် ၁၀၉း၁-၆)
ထိုသို့
ကိုယ့်ခရီးကိုယ်သွားနေကြသူ အချင်းချင်း မည်သို့မည်ပုံ ဆက်ဆံရမည်ကိုလည်း
ရှင်းလင်းပြတ်သားစွာ သွန်သင် ထားပြီး ဖြစ်ပါသည်။
“အလ္လာဟ်အရှင်မြတ်သည်
အသင်တို့အား အကြင်သို့သောသူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ
ဆက်ဆံခြင်းမှလည်းကောင်း တားမြစ်တော်မူသည်မဟုတ်ပေ။ ထိုသူတို့သည် အသင်တို့အား
သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ၊ အသင်တို့အား အသင်တို့၏
နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်
တရားမျှတသူတို့အား နှစ်သက်ချစ်ခင်တော်မူ၏။
အလ္လာဟ်အရှင်မြတ်သည်
အသင်တို့အား အကြင်သို့သောသူတို့ကို အဆွေခင်ပွန်း ပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။
ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည့်အပြင်
အသင်တို့အား အသင်တို့၏ နေအိမ် များမှ နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို
နှင်ထုတ်ရေးနှင့် စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ရိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ် သော်ကား
မည်သူမဆို ၄င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော
သူတို့သည်သာလျင် မတရားသော သူများ ဖြစ်ကြကုန်သတည်း။”
(ကျမ်းမြတ်ကုရ်အာန် ၆၀း၈-၉)
အစ္စလာမ့်
အနှစ်ချုပ်တရားသည် တရားမျှတရန်၊ ကောင်းမွန်စွာ ပြုမူဆက်ဆံရန်၊ ပေးကမ်းလျူဒါန်းရန်၊
မကောင်းမှု မတ ရားမှုတို့မှ ရှောင်ကျဉ်ရန်ဖြစ်သည်။ (ကျမ်းမြတ်ကုရ်အာန် ၁၆း၆၀)
ဘာသာ
မတူသူများနှင့် လူသားချင်းအတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရမည်တို့ တစ်ပုံတစ်ပင်
ရှိပါသည်။
အစ္စလာမ်က
မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊
လူ့အစုဝေးအကျိုးနှင့် ယှဉ် လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။
အစ္စလာမ်၏
လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား
ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား
ခွင့်လွှတ်ခဲ့သည်။ အများလူထု ၁၃နှစ်ကျော် နှိပ်စက် ငြှင်း ပန်း သတ်ဖြတ်မှုများ
ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံ ရန်သူတို့
အရေးနိမ့် သွားချိန်တွင် အားလုံးတို့အား အကျွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့်
ပေးသည်။ မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ် သူကိုပင် ခွင့်လွှတ်ပေးခဲ့သူ
ဖြစ်ပါသည်။
မတရားပြုမူခံနေရစဉ်
မတရားမှုကို တွန်းလှန်ရာနိုင်စေဖို့ အင်အား လိုပါသည်။ ရုပ်ပိုင်းဆိုင်ရာ
အင်အားများကို ဖြည့်ဆည်း ရသလို စိတ်ပိုင်းဆိုင်ရာ အင်အားကလည်း အင်မတန်
အရေးကြီးလှသည်။ ရုပ်ကို စိတ်က ဦးဆောင်သည် မဟုတ်ပါလော။ ထိုသို့သော
စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အတွက် မိမိတို့ ယုံကြည် ကိုးကွယ် အားထားရာ အလ္လာဟ်
အရှင်မြတ်ထံမှ ဆုပန်ကြ ရပါသည်။ အစ္စလာမ့် ဝတ်ပြုဆုတောင်းမှုတိုင်း၏ အဆုံးသတ်သည် မိမိ
ဝဲယာရှိ အရာခပ်သိမ်း ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးခြင်းဖြစ်သည်။ မိမိတို့
အကြပ်အတည့် ကြုံတွေ့နေရပါက၊ မတရား ပြုမူခံနေရပါကလည်း မိမိတို့ကိုးကွယ် အားထားရာ
ဘုရားသခင်ထံ တိုင်တည်ကာ ဆုပန်ကြသည်။ ထိုဆုတောင်း အပြည့်အစုံ အမှန်မှာ
အောက်ပါအတိုင်း ဖြစ်သည်။
ထို့ကြောင့်
အထက်တွင် ဖော်ပြထားသော ဝါဒဖြန့်စာအုပ်ပါ ဆုမွန်သည် ဘာသာခြားမှန်သမျှကို
ရည်စူးခြင်း လုံးဝ မဟုတ် ပါ။ မူရင်း အာရဗီဘာသာစကားတွင် ပါရှိသော “ဟွမ်” ဟူသည့်
ဝေါဟာရသည် သူတို့ ဟူ၍သာ အဓိပ္ပါယ်ရပါသည်။ အန္တ ရာယ်ပြုနေသော မယုံကြည်သူများကို
ဆိုလိုပါသည်။ ဘာ သာခြားများအား ကျိန်စာတိုက်ခြင်း မဟုတ်ပါ။ မိမိတို့ထံ ကျ ရောက်မည့်
အန္တရာယ်များ ကင်းဝေးစေရန် အကာအကွယ်ယူခြင်းသာပါ။
နောက်တစ်ချက်က
ထိုစာအုပ်တွင် ဖော်ပြထားသလို သောကြာနေ့ ဝတ်ပြုရာ၌ တောင်းသည့် ဆုတောင်းလည်း
မဟုတ်ပါ။ သာမန်အားဖြင့် တောင်းဆိုလေ့ မရှိဘဲ မွတ်စလင်မ်ညီနောင်များ
အတိဒုက္ခရောက်နေခိုက် အန္တရာယ်ပြုမည့် ရန်သူ ပြုသမျှ မနုရစေရန် အခိုက်အတန့်
တောင်းသည့် ဆုမွန်သာဖြစ်ပါသည်။ သာမန် အများမွတ်စလင်မ်တို့ အလွတ်တောင်မရကြပါ။
နိဂုံးချုပ်ပါမည်။
အေးချမ်းစွာ
အတူလက်တွဲနေထိုင်ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူ ဘာသာတူသူများအား ညီနောင်အဖြစ် လည်း
ကောင်း၊ ဘာသာမတူသူများအား ဝမ်းကွဲဆွေမျိုးရင်းချာအဖြစ်လည်းကောင်း၊ ဘာသာမဲ့တို့အား
မိတ်ဆွေအဖြစ်လည်း ကောင်း သဘောထားပါသည်။ ထိုသူတို့အားလုံးတို့အပေါ်
ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကြရောက်ပါစေ။ ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး
အဓွန့်ရှည်ပါစေသား။
ဘာသာမတူခြင်းကို
ခုတုံးလုပ်လျက် လူ့ဘောင်အသိုင်းအဝိုင်း ပျက်စီးရာပျက်စီးကြောင်း၊
အမှောင့်ပယောဂလုပ် နှောက် ယှက်ဖျက်ဆီးနေသူများ၊ မတရားပြုမူကြသူများ၊
အဖျက်သမားများ၊ အကြောင်းမဲ့ အညှိုးထားနေကြသူများ၊ မကောင်းကြံ နေကြသူများ၊
ဝါဒဖြန့်အမုန်းပွား ပဋိပက္ခဖြစ်စေကြသူများ (လူမျိုးဘာသာမရွေး) ပျက်သုဉ်းပါစေသား။
ကျော်မိုးအောင် Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
Source: MMSY
Saturday, July 28, 2012
Friday, July 27, 2012
လက်နဲ့ရေး ခြေနဲ့ဖျက်
လူကောင်းတစ်ဦး ကောင်းမွန်စွာ ပြုလုပ်ထားတဲ့ အလုပ်တစ်ခုကို ဖျက်လိုဖျက်ဆီး လုပ်ပစ်တာမျိုးကို ဗမာ စကားမှာ “လက် နဲ့ရေးတာ ခြေနဲ့ဖျက်တယ်”လို့ ပြောဆိုတယ်။ ဒီလို အလုပ်မျိုးကို လုပ်ဆောင်သူများက လူရိုး လူကောင်းများ မဟုတ်ပါ။
အခုတစ်လော အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ “မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေး”မှာ လူကြီးလူကောင်း ဆိုသူ များကိုယ် တိုင်က ဒီအမှုမျိုးကို အားရပါးရ ကျူးလွန်နေကြတာများ တွေ့ရပါတယ်။
ထိုင်းနယ်စပ် နယ်စပ်၊ တရုတ်နယ်စပ်က တော်လှန် ရေးအုပ်စု ထဲက ခေါင်းဆောင် တစ်ချို့ကလည်း ရိုဟင်ဂျာ မိမိဘာမှ မသိတဲ့ ရခိုင်ပြည်နယ်က လူမျိုးစု ပြသနာများမှာ အများကြိုက်လိုက်လျှော ဆင်ခြေမှားနဲ့ သံယောင် လိုက်ပြီး “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဘာညာ ထပြောတာတွေလည်း ရှိသေးတယ်။ အဲ့ဒီအထဲက ခေါင်းဆောင်ဆိုသူ တစ်ချို့ကို “ရခိုင် ပြည် နယ်မှာ လူမျိုး ဘယ်နှစ်မျိုးရှိသလဲ၊ လူမျိုးတစ်မျိုးစီက ဘယ်ဒေသတွေမှာ နေထိုင်သလဲ၊ သူတို့ရဲ့ ဓလေ့စရိုက်က ဘာတွေ လဲ၊” လို့ မေးလိုက်ရင်- တစ်စွန်းတစ်မှ မသိ၊ ပါးစပ်ဟနေပြီး-၊ ဘာဗဟုသုတမှ မရှိဘဲ ကုလားမုန်းစိတ်နဲ့ “ရိုဟင်ဂျာ မရှိဘူး” ဆိုတာလောက်ပဲ ကြက်တူရွေးလို အလွတ်ကျက်- တယောထိုးနေလေ့ ရှိတယ်။
မွတ်စလင် ဆိုရင် တစ်ဘက်သတ် အမုန်းစိတ်နဲ့ အရာရာကို ဆုံးဖြတ်လေ့ရှိတယ်။ မွတ်စလင် ဖြစ်ဖြစ်၊ ဘာဖြစ် ဖြစ် “လူ” ဆိုတဲ အသိတရားလောက် ထားပြီး “လူ-လူချင်း ကိုယ်ချင်းစာ စိတ်နဲ့ တွေးကြည့်ဘို့ကို မေ့လျှော့ နေကြတယ်။” ဒီလောက် စိတ်ဓါတ်နဲ့ပဲ နောက်လိုက် နှစ်ယောက်တစ်ပိုင်းပေါ် ဗိုလ်ကျပြီး လူမျိုးစု ခေါင်းဆောင် ဘာညာ ထအော်နေတာ- လူရှက် ရမှန်းတောင် သိရဲ့လား- မသိဘူး။
လွှတ်တော် ဆိုတဲ့ အထဲမှာလည်း ကြည့်ပါ။ လူကြီးလူကောင်းလို့ ထင်နေတဲ့ ပုဂ္ဂိုလ်များက ဘာ ဗဟုသုတမှ မရှိ- ထင်ရာ လျှောက်အော်နေတယ်။ အတော်လည်း အထင်ကြီးဘို့ ကောင်းတဲ့ ဗဟုသုတများပါ။ ရွာထဲမှာ- “နွားမအုပ် ဂျိုကုပ်ကုပ် ဗိုလ်လုပ် နေရင်”ရင် သူ့နွားမတွေကြားထဲမှာ သူဟာ အရှက်မကွဲနိုင်ပေမယ့်၊ ဘာပြောပြော ကမ္ဘာကသိ နေတဲ့ ခေတ်ကြီး မှာ မြန်မာခေါင်းဆောင်တွေ ပြောလေသမျှ “ဒီလောက် ဗဟုသုတ ရှိတဲ့ သူကများ လူထုကိုယ်စားလှယ် ဖြစ်နေရသလား၊ ဒီလို ဆိုရင် ဒီလူထုက ဒီထက် ပိုပြီး တုံးနေတာတာပေါ့၊” လို့ မြန်မာ တစ်ပြည်လုံးကိုပါ အရှက်ခွဲသလို ဖြစ်နေတော့တယ်။
တစ်ကယ် သိနေတဲ့ လူတွေက ကမ္ဘာမှာ အများကြီးပါ။ မြန်မာကို မြန်မာစာ ပြန်သင်ပေးမယ့် နိုင်ငံခြားသားများ က ရေ တွက်လို့ မကုန်နိုင်အောင် ရှိနေတယ်။ ဒီနေ့ ဗမာလို့ ခံယူနေသူထဲက ၉၉.၉၉၉၉ ရာနှုန်းက ကချင် အကြောင်း၊ ကချင် သမိုင်းကို လုံးဝ မသိ၊ ကရင်လို့ ခံယူနေသူထဲက ၉၉.၉၉၉၉ ရာနှုန်းက ချင်းအကြောင်း၊ ချင်းသမိုင်းကို လုံးဝ မသိ၊ မွန်လို့ ခံယူနေသူထဲ ၉၉.၉၉၉၉ ရခိုင်အကြောင်း ရခိုင်သမိုင်း ရခိုင်ဒေသ ဆိုတဲ့ သမိုင်းကြောင်းကို လုံးဝ မသိ-၊ တစ်ဦးနဲ့ တစ်ဦး မျက်မမြင် ဆင်စမ်းပြီး- ထင်ရာတွေ လျှောက်ပြောနေကြတာ များ- အဲ့ဒါတွေ အားလုံးကို သိနေတဲ့ ကမ္ဘာ့ပညာရှင်တွေက မြန်မာနိုင်ငံသားတွေကို မူကြိုက ကလေးလေးတွေ လို ယူဆနေရတယ်။
သာမန်လူထုက သူ့အလုပ်နဲ့သူ ဖြစ်နေလို့ တစ်ဦးအကြောင်း တစ်ဦး မသိတာ ဘာမှ အပြစ်မရှိပေမယ့်- မြန်မာနိုင်ငံမှာ ရှိ နေတဲ့ နိုင်ငံရေးသမားတွေ၊ သမိုင်းပညာရှင်တွေကတော့ သိကိုယ်သိရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံက သမိုင်းပညာရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးနွယ် တစ်ခုရဲ့ ဖြစ်တည်မှုကိုတောင် သိအောင် မလေ့လာရင်- သူတို့ကိုယ် သူတို့ ပညာ ရှင်လို့ ဘွဲ့ရအောင် ဘာတွေကိုများ လေ့လာနေပါသလဲ၊ စာတမ်းပြုစုနေပါသလဲ၊ နိုင်ငံတော်က ပေးစာကမ်းစာ လစာများကို အလကား လိမ်စားနေပါသလား- ဆိုတဲ့ မေးခွန်းတွေ တန်းစီပြီး ထွက်လာဦးမှာပါ။
အလားတူပဲ နိုင်ငံတစ်ခုလုံးကို ဦးဆောင်မယ်၊ တိုးတက်အောင်လုပ်မယ်၊ အကျိုးပြုမယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးများက လည်း မိမိ နိုင်ငံမှာ တည်ရှိနေတဲ့ လူသားတွေ၊ လူမျိုးတွေ၊ ဓလေ့စရိုက်တွေကိုတောင် မသိဘဲ- ဒီနိုင်ငံတစ်ခုလုံးကို ဘယ်လို ဦး ဆောင်မှာလဲ။ မိမိအိမ်မှာ သားသမီး ဘယ်လောက်ရှိမှန်းမသိဘဲ ဒီမိသားစုအားလုံးကို အလုပ် အကျွေးပြုမယ်လို့ ကြုံးဝါး နေတာများ မိမိအိမ်တွင်းကတောင် ယုံကြည်လက်ခံနိုင်ပါ့မလား။ ဆိုတာလောက်ကို ဆင်ခြင်စေလိုတယ်။
ပိုဆိုးတာက ရိုးရိုး မသိတာထက်-၊ တမင် မသိဟန်ဆောင်တဲ့ ကိစ္စပါ။ သမိုင်းတစ်ခုကို မသိလို့ မသိဘူး ပြောတာ- သူ့မှာ သိအောင်လေ့လာဘို့ အခွင့်အရေးရှိနေပါတယ်။ သိနေလျှက်နဲ့ သမိုင်းကို ဖျောက်တာက သူ့ အတွက် လေ့လာမယ် လို့ ပြောဘို့ အချိန်နောက်ကျသွားပါပြီ။ “ကျွန်တော်တို့ သမိုင်းကို ဖျောက်မိတာ မှားပါတယ်၊” လို့ ၀န်ခံရမယ့် အချိန်ကိုသာ ရောက်လာပါတယ်။
လူကြီး လူကောင်း တစ်ဦး လုပ်နေပြီး- အမှားဝန်ခံရတဲ့ အဆင့်ကို ရောက်လာရရင် မသင့်တော်ပေမယ့်- ၀န်ခံရမယ့် အချိန် ကို ရောက်လာနေပါပြီ။ အခု- အချိန်မှီစဉ်မှာ ၀န်ခံလိုရင် ၀န်ခံလို့ရအောင်--၊ ရခိုင်သမိုင်းဆရာ ရမ္မာဝတီ ရမ်းဗြဲမြို့ တောင် ကျောင်း ဆရာတော် ဦးစန္ဒမာလာလင်္ကာရ ရေးသားတဲ့ ရခိုင်ရာဇ၀င်သစ်ကျမ်း ပထမ အုပ် စတုတ္ထတွဲ-က သမိုင်းတစ်ချက်ကို လက်ဆောင်ပေးလိုက်ပါမယ်။
“၁၂၃၄-၃၇၊- ခု၊ ငနှလုံးမင်း လက်ထက်၊ ကုလားနှင့် သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ- ငနှလုံးမင်းသည် ပြည်စိုးကြီး ဓမ္မ ဇေယျကို ရဲမက် ငါးသောင်းပေး၍ ကုလားပြည်သို့ ကုလားပြည်သို့ ချီတက် တိုက်ခိုက်စေသည်။ ထိုစစ်ပွဲ အောင်နိုင်ပြီး နောက် ငနှလုံးမင်း၏ အမိန့်အရ စစ်သူကြီး ဓမ္မဇေယျသည် ကုလား ထက်ဝက်ကို သုံ့ပန်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်လာခဲ့ သည်။-
ထိုအနက်- ဆင်စာ၊ မြင်းစာစုရန် သုံ့ပန်း ၁၀၀၀၀။ ဒိုင်းဝင်းကာ သုံ့ပန်း ၂၀၀၀။ သစ်ဝါးခုတ် သုံ့ပန်း ၁၀၀၀။ လယ်ယာလုပ် သုံ့ပန်း ၁၀၀၀၀။ ဟင်းသီးဟင်းရွက် စိုက်ပျိုး ဆက်သ သုံ့ပန်း ၂၀၀၀။ မိဘုရား၊ သားတော် သမီးတော်များ အလုပ်အကျွေး ပြုရန် သုံ့ပန်း ၂၀၀၀။ ကမန်လေးသည်တော်များ အတွက် သုံ့ပန်း ၁၀၀၀။ ထမ်းစဉ်ထမ်း သုံ့ပန်း ၂၀၀။ တံငါလုပ်ငန်း သုံ့ပန်း ၁၀၀၀။ ရက်ကန်းလုပ်ငန်း သုံ့ပန်း ၁၀၀၀။ မိလ္လာလုပ်ငန်း (ရခိုင် အခေါ် ဟရီ) သုံ့ပန်း ၁၀၀၀။ လက်သမား သုံ့ပန်း ၅၀၀၊ ပန်းတိမ်း ပန်းဘဲ သုံးပန်း ၁၀၀၀။ (စုစုပေါင်း လူဦးရေ ၃၂၇၀၀) ကို ဖြစ်စေတယ်။
ဒီသမိုင်းချက်မှာကိုက- ကုလားနဲ့ သက် ပူးပေါင်းဆိုသွမ်းတယ် ဆိုတဲ့ စကားကို ကြည့်ရင်- အဲ့ဒီ လူမျိုးနှစ်မျိုးက နဂိုက တည်းက ရှိနေတယ်။ သူတို့က ဘုရင့်အာဏာကိုတော်လှန်ပုန်ကန်တယ် ဆိုတဲ့ စကား အနက်ကို ပေးတယ်။ ဒါကို ထား လိုက်ပါ။- အဲ့ဒီခေတ် အဲ့ဒီအခါ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော်က) မြောက်ဦးနိုင်ငံတော် မှာ လူဦးရေ ဘယ်လောက်ရှိ မလဲ။ အဲ့ဒီ လူဦးရေထဲကို သုံ့ပန်း အဖြစ် ဖမ်းလာတဲ့ လူဦးရေ သုံးသောင်း နှစ်ထောင်ခုနစ်ရာက ဘယ်လို ၀င်ရောသွား သလဲ။ သုံ့ပန်းတွေက အကုန်လုံး ရခိုင်ဗုဒ္ဓဘာသာတွေ ဖြစ်ကုန် သလား၊ ဒါမှ မဟုတ် ရခိုင်ဗုဒ္ဓဘာသာတွေက သုံ့ပန်း တွေ ကို မျိုးမပွားရလေအောင် အကုန်သတ်ပစ်ခဲ့သလား၊ ဒါမှ မဟုတ် သုံ့ပန်းတွေကို သင်းကွပ်ပစ်ခဲ့သလား။- ပညာရှင် လွှတ် တော် အမတ်ကြီးများ စဉ်းစားစေလိုတယ်။
ရမ္မာဝတီ ဆရာတော် မှတ်တမ်းတင်ထားတဲ့ သမိုင်းကို ခြေနဲ့ဖျက်လို့ ရမယ်ထင်ရင်လည်း ဖျက်ကြပေါ့။ ဖျက်ရင်း ဖျက်ရင်း မြောက်ဦးနန်းတော်ထဲက အစ္စလာမ့် ၀တ်ကျောင်းတော် ဗလီကို ဖျက်ခဲ့တာတောင် ကမ္ဘာမှာ ပေါ်လာနေပြီ။ အဲ့ဒီ ဗလီက လည်း နန်းတော်ထဲမှာ မွတ်စလင်တွေ မရှိဘဲ- မြောက်ဦးဘုရင်တွေက အပျင်းပြေ ဆောက်ထားတာလို့ ထင်နေရင်တော့--၊ အဲ့ဒီလောက် အသိဗဟုသုတ ကင်းမဲ့တဲ့ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဦးဆောင်မှု မှာ သာယာယဇ်မူးနေတဲ့ လူသားတွေရဲ့ ဇာတ်က မကြာမှီ နိဂုံးချုပ်သွားရမှာပါ။ လူမျိုးတစ်မျိုးကို မြှင့်တင်တာ အသိပညာ ဖြစ်သလို၊ လူမျိုးတစ်မျိုးကို တိမ် မြုပ်ပျောက်ကွယ်သွားစေတာလည်း အသိပညာ ဖြစ်တယ် ဆိုတဲ့ အချက်ကို မြန်မာနိုင်ငံသားများ သတိထားမိနိုင်ကြပါစေ။
ဌေးလွင်ဦး
ဦးစိန္တာ၏ ရခိုင်နိုင်ငံတော်
ရခိုင်နိုင်ငံတော်လို့ ပြောဆိုနေကြတဲ့ စကားလုံးဟာ သမိုင်းမှာ မှားယွင်းနေပါတယ်။ ရခိုင်လူမျိုးစုတစ်စုတည်းက မောင် ပိုင်စီးပြီး အမည်နာမ ကင်းပွန်းတပ် ခေါ်ဆိုထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ပင်လယ်ကမ်းမြောင် ဒေသကြီးဟာ နိုင်ငံတစ်ရပ်အနေနဲ့ ဘီစီ ၃၃၂၅ ခုနှစ်ကတည်းက တည်ရှိခဲ့တယ်လို့ သမိုင်းမှာ ဖေါ်ပြပြီး- ရခိုင်နေပြည် တော်ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ နာမည်နဲ့ နိုင်ငံကို ထူထောင်ခဲ့ခြင်း မဟုတ်ပါ။ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး- ဆိုတဲ့ နေရာဒေသအမည်များနဲ့သာ တိုင်းပြည်အဖြစ် ထူထောင်ခဲ့တာ ကိုတွေ့ရပါတယ်။
ဓည၀တီနေပြည်တော်ခေတ်မှသည် မြောက်ဦးနေပြည်တော်ခေတ်အထိ တိုင်းပြည်အုပ်ချုပ်မှု ဧရိယာဟာ စစ်တကောင်းမှ သည် မော်ဒင်စွန်းထိ ရှိခဲ့ပါတယ်။ အထူးသဖြင့် မြောက်ဦးခေတ် အေဒီ ၁၄၃၃ ခုနှစ် မင်းစောမွန် (မွတ်စလင်အမည် အလီ ခန်) က စပြီး အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ သတ်မှတ်ထားတဲ့ နိုင်ငံရဲ့ ထက်ဝက် စစ်တကောင်းနယ် တစ်ခုလုံးနဲ့ ဒါ့က်ကားထိ ဓည၀တီနိုင်ငံတော်ထဲမှာ ပါဝင်ခဲ့ပါတယ်။ မြောက်ဦး နေပြည်တော် နိုင်ငံရဲ့ နောက်ဆုံးမင်း မဟာသမ္မတရာဇာ နန်းတက် လာတော့၊ သူဟာ ရမ်းဗြဲ- ဇိန်ချောင်း ဇာတိဖြစ်လို့ မြောက်ပိုင်းသားများက မကျေမနပ် ဖြစ်လျှက် ကုန်းဘောင်မင်း ဘိုး တော်ဦးဝိုင်းဆီမှာ စစ်ကူတောင်းပြီး တောင်ပိုင်းသား သမ္မတမင်းကို ထီးနန်းဖြုတ်ချစေခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာ မြောက်ဦး နေပြည်တော်ကို ဗမာက သိမ်းလိုက်တယ်။ ဒီလိုသိမ်းလိုက်တော့လည်း- မြောက်ဦးနေပြည်တော် ပိုင်မြေသည် မောင်းတော မြို့မှ ဂွမြို့ထိ ဖြစ်စေရမည်ဟု သတ်မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦးနေပြည်တော်ကို သိမ်းပိုက်သည် ဆိုခြင်းမှာ မြောက်ဦးနေ ပြည်တော် ပိုင်ဆိုင်ရာ နယ်နမိတ်အားလုံးကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗမာများရဲ့ လက်အောက်မှာ မနေလို လို့ အင်္ဂ လိပ်ကို စစ်ကူတောင်းပြီး ဗမာကို ပြန်လည်တော်လှန်ခဲ့ပြီး ၁၈၂၆ ခု ရန်တပို စာချုပ်အရ အင်္ဂလိပ် လက်အောက်ကို ရောက် သွားတဲ့ မြောက်ဦးနေပြည်တော်ဟာ- မောင်းတောမှ ဂွမြို့ထိ ဖြစ်စေရမယ်လို့ သတ် မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦး နေပြည် တော်က ပိုင်စိုးအုပ်ချုပ်ခဲ့ရာ ဒေသတစ်ခုလုံးကို အင်္ဂလိပ်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက မင်းတွေ ခေတ်တွေပဲ ပြောင်းသွားတယ်၊ မြောက်ဦးနေပြည်တော်ရဲ့ အကျယ်အ၀န်းနဲ့ အဲ့ဒီမှာ နေခဲ့တဲ့ တိုင်းရင်းမျိုးနွယ်စုတွေက ပျောက်ပျက်သွား ခြင်း မရှိခဲ့ပါ။
ဘီစီ ၃၃၂၅ ခုနှစ်- ဓည၀တီခေတ်ကစ စစ်တကောင်းထိ ကျယ်ဝန်းခဲ့တဲ့ နိုင်ငံတစ်ခုကို ၁၉၄၈ (နု- အက်တလီ) စာချုပ်မှာမှ ပိုင်းခြားခံလိုက်ရခြင်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မင်းတွေက မွတ်စလင်ဘွဲ့ မခံယူခဲ့တဲ့ အကြောင်းရင်း က အဲ့ဒီခေတ်တွေက အစ္စလာမ်သာသနာလည်း မပေါ်သေးသလို၊ စစ်တကောင်း ဒေသကိုလည်း အစ္စလာမ် သာသနာ မရောက်သေးပါ။ အဲ့ဒီ ဒေသကို အစ္စလာမ်သာသနာက အေဒီ ၁၂ ရာစု လောက်မှစတင်ရောက်လာခဲ့တာပါ။ ဒီရာစုတွေ မတိုင်မှီ ရှေးပဝေဏသီကပဲ ဒီလူမျိုးတွေဟာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နေပြည်တော်အတွင်းနေ လူမျိုးများ ဖြစ်ပြီး- သူတို့ဟာ သူတို့ လွတ်လပ်စွာ ဘာသာကူး ပြောင်း သွားခဲ့ခြင်းသာ ဖြစ်တယ်။ အဲ့ဒီ ခေတ်က ဘုရင်မင်းများကလည်း တိုင်း သူပြည်သားများ ကြိုက်နှစ်သက်ရာကို ကိုးကွယ်ယုံကြည်စေခဲ့လို့ သူတို့ကိုယ်တိုင် သာသနာပြောင်းခွင့် ရခဲ့ခြင်း ဖြစ်တယ်။ မဂိုမင်းတွေက နယ်လု သာသနာပြုခဲ့ခြင်း မဟုတ်ပါ။ မဂိုမင်းများ စစ်တကောင်းနယ်ကို ရောက်လာတဲ့ သမိုင်းက ၁၆၆၆ ခုနှစ် ဖြစ်တယ်။ ဒီမတိုင်မှီကတည်းက မြောက်ဦးပြည့်ရှင် မင်းစောမွန်က အလီခန် ဆိုတဲ့ မွတ်စလင်ဘွဲ့ကို ကိုယ်တိုင် ခံယူပြီး ဖြစ်နေခဲ့ပါပြီ။ ၁၆၆၆ ခုနှစ်မှာ မဂိုမင်းတွေ စစ်တကောင်းကို သိမ်းပိုက်ခဲ့ပေမယ့်- သူတို့က စစ်တကောင်း နယ်ကို မြောက်ဦးနေပြည်တော်ထံပဲ ပြန်အပ်ခဲ့ပါတယ်။
နေပြည်တော် တစ်ခုတည်း အတွင်း နေထိုင်ခဲ့တဲ့ လူမျိုးစုံဟာ အဲ့ဒီနေပြည်တော်အတွင်းမှာ လွတ်လပ်စွာ သွားလာနေထိုင် အခြေချခဲ့ပါတယ်။ ရခိုင်ဗုဒ္ဓဘာသာများ စစ်တကောင်းနယ်ထဲမှာ အင်နဲ့အားနဲ့ တည်ရှိသလို၊ ရိုဟင်ဂျာများ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲထိ အင်နဲ့အားနဲ့ တည်ရှိနေခဲ့ပါတယ်။ မြန်မာပြည်မထဲက မွန်နဲ့ ဗမာကဲ့သို့ တည်ရှိနေခဲ့ပါတယ်။ (ဒီကိစ္စက သမိုင်းလိမ် မဟုတ်ပါ။ ရခိုင်ရာဇ၀င်ကျွမ်းကျင်သူ ရခိုင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့ သမိုင်းအထောက်အထား အားဖြင့် သော်လည်းကောင်း၊ ယုတ္တဗေဒအားဖြင့် သော် လည်း ကောင်း ဖျောက်ဖျက်၍ မပျောက်နိုင်သေးသော လက်တွေ့ သမိုင်းအထောက်အထားများဖြင့် သော်လည်း ကောင်း မည်သူနှင့်မဆို ရှင်းနိုင်ပါတယ်။)
ကိုလိုနီဖြစ်ရတဲ့ ကမ္ဘာ့နိုင်ငံငယ်တွေ လွတ်လပ်ရေး ရတော့မယ် ဆိုတော့-၊ အင်္ဂလိပ်တို့ရဲ့ ဘုရင်ခံခွဲ အုပ်ချုပ်မှု ဒေသ တစ်ခုစီကို နိုင်ငံတစ်ခုအဖြစ် လွှဲအပ် လွတ်လပ်ရေးပေးရတော့မှာပါ။ ဒီအချိန်အခါမှာ ဘာသာရေးအရ ဖြစ်စေ၊ သမိုင်း အရဖြစ်စေ သီးခြားဖြစ်တည်ခဲ့တဲ့ ဒေသနဲ့ လူမျိုးများက ခွဲထွက်ရေးကို လုံးပန်းခဲ့ပါတယ်။ အနီး စပ်ဆုံး အိန္ဒိယပြည်ကို ကြည့်ပါ။ အင်္ဂလိပ်မအုပ်ချုပ်မှီက မဂိုလ်မင်းများ လက်ထက် တစ်နိုင်ငံတည်း ဖြစ်ခဲ့တဲ့ ဒေသကြီးကို လွတ်လပ်ရေး ရယူစဉ် မှာ အိန္ဒိယနဲ့ ပါကစ္စတန်လို့ ခွဲယူခဲ့ကြပါတယ်။ ပြသနာက ခေါင်းဆောင်ချင်း အာဏာလုတဲ့ ကိစ္စပါ။ အလီဂျင်းနားကြီးနဲ့ ဂန္ဒီကြီးတို့ အချင်းချင်း အစာကြေအောင် မဆွေးနွေးနိုင်ခဲ့တာက စတယ်လို့ ဆိုရပါမယ်။ လူများစုကြီး ဖြစ်တဲ့ ဟိန္ဒူများက လူနည်းစု မွတ်စလင်တွေကို ဖိနှိပ်လာရင် ဘယ်လို လုပ်မလဲ ဆိုတာ ဥပဒေ မပြုနိုင်ခဲ့လို့ မွတ်စလင်များက စိုးရိမ်ပြီး မွတ်စလင်များရာ နယ်များကို သီးခြားခွဲယူ ခဲ့ရတဲ့ အဖြစ်ပါ။ ဒီလို နိုင်ငံခွဲယူတာက အရေးမကြီးဘူး ပြသနာက နိုင်ငံခွဲတဲ့ အခါမှာ မွတ်စလင်များ မွတ်စလင်များရာ ဒေသကိုပြောင်း၊ ဟိန္ဒူများက ဟိန္ဒူများရာ ဒေသကိုပြောင်း- (မပြောင်းချင်ရင် လည်း အတင်းအဓမ္မ ပြောင်း)နဲ့ လူသန်းပေါင်းများစွာ သေကျေခဲ့ရပါတယ်။
လွတ်လပ်ရေး သမိုင်းတစ်လျှောက် အိန္ဒိယနဲ့ ဆင်တူခဲ့တဲ့ မြန်မာဟာ အိန္ဒိယ အတုကို အကုန်ခိုးချခဲ့တယ်လို့ ပြောနိုင် တယ်။ အဓိက ပြသနာက ရခိုင်က စခဲ့ပြန်တယ်။ ရခိုင်ဘုန်းကြီး ဦးစိန္တာဟာ ရခိုင်ကို မြန်မာက သီးခြားခွဲ ထွက်ပြီး သီးခြား နိုင်ငံ ထူထောင်လိုခဲ့တယ်။ ဒါပေမယ့် သူ့အိပ်မက် ရခိုင်နိုင်ငံ ဆိုတာ မြောက်ဦးနေပြည်တော် လွတ်လပ်ရေးဆုံးရှုံးခဲ့တဲ့ နိုင်ငံတစ်ခုလုံး မဟုတ်ဘဲ- ရခိုင်ဗုဒ္ဓဘာသာများသာ သီးသန့်နေထိုင်တဲ့ ရခိုင်နိုင်ငံ တော် အဖြစ် စိတ်ကူးယဉ်ခဲ့တယ်။ ဒီအတွက် ပါကစ္စတန်နဲ့ အိန္ဒိယ လူချင်း ကူးပြောင်းနေရာရွှေ့မှုကို အတုယူပြီး ရခိုင်ဒေသက မွတ်စလင်များကို စစ်တ ကောင်းထဲကို မောင်းထည့်၊ စစ်တကောင်းဒေသက ရခိုင်ဗုဒ္ဓဘာသာများ ကို ရခိုင်ပြည်ထဲကို မောင်းထည့်တဲ့ စီမံချက်ကို စတင်ခဲ့တယ်။ ဒီကိစ္စကို သူနဲ့ အပေါင်းပါ တစ်စုသာ လက်ခံခဲ့ပြီး သာမန်ပြည်သူကြီး ဘယ်မှာနေနေ ကိုယ့်ဒေသကို ကိုယ်ချစ်နေတော့ ရွေ့ပြောင်းရ ခက်ခဲခဲ့တယ်။
ဒီအတွက် လူဆိုးလူမိုက် တစ်ချို့ကို မွေးပြီး မွတ်စလင်လူနည်းစုနေ ကျေးရွာများက မွတ်စလင်တွေရဲ့ အိမ်တွေ ကို မီးရှို့၊ မွတ်စလင်တွေကို သတ်ဖြတ်မောင်းထုတ်ခဲ့တယ်။ ဒီတော့ မွတ်စလင်တွေဘက်ကလည်း မခံမရပ်နိုင် ဖြစ်- မွတ်စလင်များတဲ့ ဒေသက ရခိုင်ဗုဒ္ဓဘာသာ အိမ်တွေကို မီးရှို့၊ ရခိုင်ဗုဒ္ဓဘာသာများကို မောင်းထုတ် အပြန် အလှန်ဖြစ်ကုန် တယ်။ ဒီကစ လူမျိုးရေး အဓိကရုန်းကြီး ဖြစ်သွားတယ်။ ဒီကိစ္စကြီးက မြန်မာပြည် လွတ်လပ်ရေး ရလုရလု အချိန် ၁၉၄၂ ခုနှစ်က ဖြစ်ရပ်ပါ။ လွတ်လပ်ရေး ရပြီ ဆိုတာနဲ့ ပါကစ္စတန်ကို အတုခိုးပြီး- ဦးစိန္တာက ရခိုင် ဗုဒ္ဓဘာသာ နိုင်ငံထူထောင်ဘို့ စိတ်ကူးယဉ်ခဲ့ပါတယ်။
ဦးစိန္တာရဲ့ ရည်ရွယ်ချက်ကို စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ တို့မှာ ရှိတဲ့ ဆရာတော်ကြီးတွေက သဘောမတူ ခဲ့ဘူး။ ဆရာတော်ကြီးများက ဘုန်းကြီးနဲ့ နိုင်ငံရေး မပတ်သက်လို့ ခံစားခဲ့တယ်။ ဒါကြောင့် ဦးစိန္တာကို ကန့်ကွက် ခဲ့တယ်။ အထူး သဖြင့် ရမ်းဗြဲဆရာတော်၊ သံတွဲဆရာတော်ကြီးများက ကန့်ကွက်ခဲ့ခြင်း ဖြစ်တယ်။ ဒါကြောင့် ရမ်းဗြဲနဲ့ သံတွဲနယ်က လူတွေ ကို ဗမာလူ- (အောက်သား) များလို့ ကင်ပွန်းတပ်ခဲ့တယ်။
ဦးစိန္တာရဲ့ လှုပ်ရှားမှု အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်များကို အတော်အတန် သွင်းနိုင်ခဲ့သလို၊ ရခိုင်ပြည်ထဲက မွတ်စ လင်များကိုလည်း အတော်အတန် မောင်းထုတ်နိုင်ခဲ့တယ်။ အထူးသဖြင့် လူနည်းစုနေ နေရာဒေသ များမှာ ဖြစ်ခဲ့တယ်။
၁၉၄၂ ခုနှစ်- ရခိုင်ခွဲထွက်ရေး ခေါင်းဆောင် ဘုန်းကြီးဦးစီန္တာရဲ့ ပရောဂဖြင့် ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့ အထိကရုန်းကြီးကို- အမှန်တကယ်မှာ ဗမာလူမျိုး ဗိုလ်ရန်နိုင်ရဲ့ ပရောဂ ဖြစ်ပြီးတယ်၊ ဂျပန်ခေတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထားတဲ့ ရခိုင်ဘက်သို့ ဗိုလ်ရန်နိုင်ရဲ့ စစ်ကြောင်း ချီတက်လာစဉ် လမ်းခရီးမှာ လုယက်မှုများ၊ မုဒိန်းမှုများ၊ မတရားသတ်ဖြတ်မှုများ များစွာ ကျူးလွန်ခဲ့ပြီး အဲ့ဒီရာဇ၀တ်မှုများအား လမ်းကြောင်းလွှဲရန် မွတ်စလင်၊ ဗုဒ္ဓဘာသာ အဓိကရုန်းကြီးကို ဖန်တီးလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာအေးကျော် အပါအ၀င် ရခိုင်သမိုင်းသုတေသီ တစ်ချို့က ပြောဆိုကြတယ်။
ဒီအဆိုကို ရိုဟင်ဂျာ ပညာရှင်များက လက်မခံပါ။ ဒီစကားက “လူလိမ္မာ ပိန္နဲသီးစား လူမိုက်ပါးသုတ်” ခြင်းသာ ဖြစ်တယ်။ ဗမာနဲ့ ငါတို့ကြားမှ ဘာပြသနာမှာ မရှိခဲ့၊ ၁၉၄၂ ခု အထိကရုန်း မဖြစ်မှီကပဲ--၊ ရခိုင်ဗုဒ္ဓဘာသာ များ ကြားထဲမှာ ဂျပန် အားကိုးနဲ့ မွတ်စလင်မုန်းစိတ်များကို ဦးစိန္တာအုပ်စုက လှုံ့ဆော်ပြီးသား ဓါတ်ခံက ရှိနေပြီလို့ ပြောဆိုကြတယ်။
မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေး ရယူခြင်းကို ဦးစိန္တာက လက်မခံပါ။ ရခိုင်ပြည် (ရခိုင်နိုင်ငံတော်)ကို ဗမာ လက် အောက်က သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်သာ ခွဲထွက်ဘို့ ဦးစိန္တာက ရွယ်ရွယ်ခဲ့တယ်။
ရခိုင်နဲ့ ပတ်သက်ပြီး မြန်မာတို့ရဲ့ ခံစားချက်၊
မြန်မာဘက်ကလည်း ရခိုင်ဆိုတာ မြန်မာနိုင်ငံရယ် စတင်ထူထောင်တဲ့ ပုဂံခေတ်ကတည်းကစ မြန်မာနိုင်ငံရဲ့ လက် အောက်ခံ နိုင်ငံဖြစ်ခဲ့တယ်။ အင်းဝမင်း မင်းခေါင် လက်ထက်ရောက်မှ မြောက်ဦးမင်း နရမိတ်လှက ဘန်ဂေါစစ်သား ထောင်ပေါင်းများစွာကို ဦးဆောင်တဲ့ မွတ်စလင်ဗိုလ်ချုပ် လ၀ီခန်ရဲ့ အကူအညီနဲ့ ၁၄၂၉ ခုနှစ်မှာ ဗမာကို တော်လှန် ပုန်ကန် ခဲ့တာ ဖြစ်တယ်။ အင်းဝ ခေတ်ကစ ဗမာအင်ပါယာကို အရှေ့ဘက် (ယိုးဒယား) ဘက်သာ ဦးတည် ချဲ့ထွင်နေတာ ဖြစ်လို့ ရခိုင်ဘက်ကို မကြည့်အားပေမယ့်- ရခိုင်၊ မွန်၊ ရှမ်း တို့ဟာ ဗမာရဲ့ လက်အောက်ခံနယ်တွေ ဖြစ်တယ်လို့ စိတ်မှာ စွဲမှတ်နေခဲ့ တယ်။ ဗမာဘက်မှာ အင်းဝ မင်းဆက်၊ တောင်ငူ (ညောင်ရမ်း)မင်းဆက်၊ ကုန်းဘောင်မင်းဆက်များ ပြောင်း သွားခဲ့ပေမယ့် ရခိုင်ဘက်မှာ မြောက်ဦး မင်းဆက်က အပြောင်းအလဲမရှိ မြောက်ဦးနေပြည်တော်ကို ထိမ်းသိမ်း ထားနိုင်ခဲ့ တယ်။
မြောက်ဦး မင်းဆက် ဘယ်လိုပင် အားကောင်းအားကောင်း မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင်ပြီးကတည်းက မြန်မာထဲ မှာ တည်ရှိလာတဲ့ ဗမာများ သတ်မှတ်တဲ့ ရခိုင်ပြည်ဟာ- မြန်မာနိုင်ငံနဲ့ အဆက်အသွယ် မပြတ်တည် ရှိခဲ့တယ်။ မြောက်ဦး မင်းဆက်ကို တော်လှန်ပုန်ကန်တဲ့ အုပ်စုတွေက မနိုင်ရင် မြန်မာနိုင်ငံထဲကို ထွက်ပြေး တိမ်း ရှောင်တာမျိုးရှိသလို၊ မြန်မာသူလျှိုများကလည်း မြောက်ဦးနေပြည်တော်မှာ အမြဲတမ်းရှိနေခဲ့တယ်။ တစ် နည်းအားဖြင့် မြန်မာက ယိုးဒယားဘက် ကို ဦးလှည့်နေရပေမယ့် မြန်မာလူတွေက မြောက်ဦးနေပြည်တော်ကို အချိန်မလပ် စောင့်ကြည့်နေခဲ့တယ်လို့ ဆိုနိုင်တယ်။
မြောက်ဦးခေတ် အစပိုင်းမှာ မြောက်ဦးဘုရင်များဟာ ဘင်္ဂလားစစ်သည်များရဲ့ အင်အားနဲ့ မြောက်ဦးနိုင်ငံတော် အား ကောင်းနေခဲ့ပေမယ့်-၊ မြောက်ဦးခေတ်နှောင်းပိုင်းမှာ အာဏာမက် ရခိုင်ဗုဒ္ဓဘာသာ တစ်စုက မွတ်စလင်နဲ့ ရခိုင်အကြား စတင်သွေးခွဲခဲ့တယ်။ မြောက်ဦးနေပြည်တော်ရဲ့ အဓိက စစ်အင်အား ကမန် (ရခိုင်တိုင်းရင်းသား များက အစ္စလာမ် သာ သနာသို့ ကူးပြောင်းလာသူ)များကိုလည်း ဘုရင်နဲ့သွေးခွဲပြီး-၊ တပ်ကို ဖြိုခွဲစေခဲ့တယ်။ တစ်ပြိုင်နက်မှာ မြန်မာဘက်ကို အား သန်တဲ့ ရခိုင်တောင်ပိုင်းနဲ့ ဘင်္ဂလားဘက်ကို အားသန်တဲ့ မြောက်ပိုင်းအုပ် စု စတင်သွေးကွဲလာခဲ့တယ်။ ရခိုင်တောင်ပိုင်း က အချိန်မရွေး ဗမာနဲ့ ပူးပေါင်းဘို့ အနေအထားများ ဖြစ်တည် လာခဲ့တယ်။
ဒီအခြေအနေမှာ ဗမာက မြောက်ဦးအင်ပါယာကို ပြန်လည်သိမ်းပိုက်ဘို့ အခွင့်အခါ သာခဲ့ပြန်တယ်။ ဒါကြောင့် ကုန်းဘောင် မင်း ဘိုးတော်ဘုရားလက်ထက် ၁၇၈၄ မှာ မြောက်ဦးနိုင်ငံတော်ကို ဗမာက သိမ်းပိုက်လိုက်တော့ တယ်။
ရခိုင်တို့ရဲ့ ထုံးစံအတိုင်း ဘန်ဂေါနဲ့ သွေးခွဲလိုပြီး ရခိုင်သီးခြား နိုင်ငံ ဖြစ်ချင်ရင် ဗမာကို ပြေးပေါင်းသလို၊ ဗမာ အောက်ကို ရခိုင်တို့ ကျဆုံးပြန်ရင်လည်း ဘန်ဂေါဘက်ကို ပြေးကပ်ပြန်တယ်။ ဒီနေရာမှာ ကြားညပ်နေတာက ဘန်ဂေါနဲ့ ဘာမှ မဆိုင်တဲ့ စစ်တကောင်း လူမျိုးစု ဖြစ်နေတယ်။ စစ်တကောင်း လူမျိုးစုဟာ ဘိုးစဉ်ဘောင်ဆက် သမိုင်းစဉ်တစ်လျှောက် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးနေပြည်တော်များရဲ့ လက်အောက်မှာ နေခဲ့ ရသူများ အမှုထမ်းခဲ့ရသူများ၊ တိုင်း ရေးပြည်ရေး ဆောင်ရွက်ခဲ့ရသူများ၊ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့ရသူများ ရခိုင်နဲ့အတူ ဒိုးတူဘောင်ဖက် တစ်မြေ တည်းနေ တစ်ရေတည်းသောက် နိုင်ငံတော်ကို ထူထောင်ခဲ့သူများ ဖြစ် ကြတယ်။ သူတို့ဟာ ဘန်ဂေါနဲ့ နယ်စပ်ဖြစ်နေလို့ ဘန်ဂေါဘက်က ကျူးကျော်လာသူများကို ဒိုင်ခံတော်လှန်ပေး ခဲ့ရတဲ့ စစ်သားများ၊ ပြည်သူများလည်း ဖြစ်နေတယ်။ စစ်တ ကောင်းရဲ့ အနောက်ဘက် အခြမ်းဆိုရင် ဘန်ဂေါက အုပ်ချုပ်လိုက်၊ ရခိုင်က အုပ်ချုပ်လိုက် ကြားညပ်နေရတဲ့ အဖြစ်နဲ့ အမြဲရင်ဆိုင်နေရတယ်။
ဓည၀တီ၊ ဝေလာလီ၊ လေးမြို့၊ မြောက်ဦး ဆိုတဲ့ အမည်နာမနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံငယ်ဟာ အင်္ဂလိပ်ခေတ်မှာ အာရ် ကန်နိုင်ငံရယ်လို့ ဖြစ်လာတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မယူမှီထိ အဲ့ဒီ နိုင်ငံငယ်ကို “ရခိုင်နိုင်ငံ” ခေါ်တွင်စေရမယ်လို့ ပြန်တမ်း မရှိဘူး။ သံကွဲမြန်မာရခိုင် လူမျိုးနွယ် လူမျိုးစု နေထိုင်ခြင်းကို အမှီသဟဲပြုပြီးသာ ရခိုင်နိုင်ငံရယ်လို့ အလွယ်ပြော၊ အလွယ်သုံးတာမျိုးသာ ရှိခဲ့တယ်။ ဒါကြောင့် မြန်မာတို့က အဲ့ဒီဒေသကို ရခိုင် ဒေသတိုင်း၊ ရခိုင်ပြည်နယ်လို့ လွတ်လပ်ရေးရပြီးနောက် သုံးနှုန်းပြောဆိုပေမယ့်- တစ်ခြားတစ်ဘက်မှာ ကမ္ဘာ ကို Arakan လို့ အင်္ဂလိပ်လိုရေးပြီး ခပ် တည်တည်နဲ့ ဗြောင်လိမ်နေခဲ့ရတယ်။ အဲ့လို ခပ်တည်တည်နဲ့ နှစ်ပေါင်း ငါးဆယ်လောက် ဗြောင်လိမ်နေပြီး- ကမ္ဘာက အသားကျလောက်ပြီထင်တဲ့အခါ- ၁၉၈၈ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းတက်လာတဲ့ အစိုးရလက်ထက် မှာမှ Rakhine State ဖြစ်တယ်လို့ ပြောင်းလဲလိုက်တယ်။
Burma ကို Myanmar လို့ ပြောင်းတဲ့အပေါ် အချေအတင်၊ အငြင်းအခုံတွေ ရှိပေမယ့်- Arakan ကို Rakhine လို့ ပြောင်း တဲ့အပေါ် ဘယ်သူ့အသံကိုမှ မကြားခဲ့ရဘူး။ ရခိုင်တွေက အဲ့ဒီနယ်မြေကို သူတို့ရဲ့ လူမျိုးနာမည်နဲ့ ကိုယ်ပိုင်လိုချင်တာ အလိုပြည့်သွားသလိုပဲ။ သမိုင်းကို ဖြေးဖြေးချင်း လှည့်ယူသွားတဲ့ သဘောလို့ ဆင်ခြင်မိဘို့ လိုတယ်။
ရခိုင်လူမျိုးထဲမှာ ဦးစိန္တာ ဆိုတဲ့ ခွဲထွက်ရေးသမား တစ်ဦး ပေါ်ထွန်းခဲ့တာ ဦးစိန္တာဝါဒီများ ဖြစ်တဲ့ ဦးအေးကျော်၊ ဦးချမ်းအေးလို ရခိုင်ဗုဒ္ဓဘာသာကလွဲ အကုန်မုန်းဝါဒီတွေ ပေါ်လာခဲ့တာ- ဗမာများ အတွက် အကြီးအကျယ် အမြတ်ထွက်သွားခဲ့တယ်။ အကြောင်းက- မြန်မာဘက်က ရခိုင်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံ အဖြစ်ဘယ်လိုမှ အဖြစ်မခံနိုင်၊ ရခိုင်ဆိုတာ ဗမာ လူမျိုး ထဲမှာ တစ်စု (သံကွဲမြန်မာ) လို့ သတ်မှတ်ထားခဲ့ပြီး၊ ရခိုင်များကြီးစိုးတဲ့ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ဆိုတာ အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံရယ်လို့ မပေါ်ထွန်းမှီ- ပျူမြို့ပြ နိုင်ငံတစ်ခုကဲ့သို့သာ ဖြစ်ခဲ့တယ်- မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင် တာနဲ့ ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံထဲမှာ ထည့်သွင်း သတ်မှတ်ထားတဲ့ အရာ ဖြစ်တယ်။ အုပ်ချုပ်မှု သဘောတရားအရ ဥပဒေစိုးမိုးနိုင်အောင် အခွန် ဘဏ္ဍာဆက်သရတဲ့ လက်အောက်ခံအဆင့် ဘုရင်ခွဲသဘော ထားခဲ့တယ်လို့ပဲ အရိုးစွဲ ခံစား နေခဲ့တယ်။ အဲ့ဒီ နိုင်ငံငယ်ဟာ ဗမာများကို တော်လှန်ပုန်ကန်လိုတိုင်း ဘင်္ဂလားဘက်ကို ပူးပေါင်းစစ်ကူတောင်းပြီး ဗမာကို တော်လှန်ခဲ့တယ်။ ဘင်္ဂလားဘက်နဲ့ ပြေလည်ခဲ့တဲ့ မြောက်ဦးခေတ်ရဲ့ ရှေ့ပိုင်း နှစ်ပေါင်း ၃၀၀ လောက် ကြီးကျယ် ခမ်းနား တဲ့ သီးခြားနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဒါကြောင့် ဘင်္ဂလားနဲ့ ရခိုင်လူမျိုး ပြေလည်နေရင် ဗမာရဲ့ ရခိုင်အပေါ် အချုပ် အခြာဟာ အာမခံချက် လျှော့နည်းနေတယ်လို့ - ဗမာအစိုးရ အဆက်ဆက်က မြင်ခဲ့ တယ်။
မြန်မာနိုင်ငံအဖြစ် လွတ်လပ်ရေး ယူစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းက မြောက်ဦးပိုင်နယ်မြေအားလုံးကို ရယူဘို့ ကြိုးစားခဲ့ တယ်။ လွတ်လပ်ရေးအတွက် လန်ဒန်ကို သွားစဉ်-၊ ကရာချိလေဆိပ်မှာ ပါကစ္စတန်ခေါင်းဆောင်ကြီး မုဟမ္မဒ် အလီ ဂျင်းနားနဲ့တွေ့စဉ်- Arakan ဒေသကို အရှေ့ပါကစ္စတန်ထဲမှာ မထည့်ဘဲ မြန်မာကို ပေးဘို့ တောင်း ဆိုခဲ့တယ်။ အလီ ဂျင်းနားကြီးက သားအရွယ်လောက်သာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သတ္တိ၊ ခေါင်းဆောင်မှု များကို အသိအမှတ်ပြုပြီး- “မင်းသဘောအတိုင်းပဲ” လို့ လိုက်လျှောခဲ့တယ်။
ဗိုလ်ချုပ်တို့ ကျဆုံးသွားတော့- အောင်ဆန်းအက်တလီစာချုပ်ကို ဖျက်သိမ်းပြီး နုအက်တလီ စာချုပ်ကို ပြန်ချုပ်တော့ ဦးစိန္တာဝါဒီ အမတ် ဦးအောင်ဇံဝေက Arakan ထဲက မွတ်စလင် လူများစုဒေသများကို ဖဲ့ထုတ်လိုက်ပြီး ဘင်္ဂလားကို အလ ကားပေးပစ်လိုက်တယ်။ မြန်မာနိုင်ငံကို မွတ်စလင်များရာ ဘူးသီးတောင် မောင်တောကို ချန်လှပ်ပြီး မေယုတောင်တန်းက စပြီး နယ်နမိတ် သတ်မှတ်ဘို့ ဦးနုကို တင်ပြခဲ့တယ်။ ဦးနုရဲ့ နယ်မြေ သတ်မှတ်ရေး အတိုင်ပင်ခံအဖွဲ့က နှစ်နိုင်ငံ လုံခြုံရေး အရ မေယုတောင် တန်းအစား မေယုမြစ်ကို နယ်ခြား သတ်မှတ်လိုက်တော့ ဘူးသီးတောင်နဲ့ မောင်တောဒေသက မြန်မာ ထဲကို ပါဝင်လာခဲ့တယ်။ ဒါပေမယ့် ဦးနုက စစ်တကောင်းလူမျိုးနဲ့ မြန်မာထဲကို ပါလာတဲ့ ရခိုင်မွတ်စလင် လူမျိုးကို တစ်ဖြေး ဖြေးကွဲသွားလေအောင်- ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို လက်ခံခဲ့တယ်။ အချိန်ကြာလာရင်- လူမျိုးနှစ်မျိုး သီးသန့် ဖြစ် သွားပြီး နယ်မြေ လုံခြုံရေး၊ တိုင်းပြည်ချစ်စိတ် ခိုင်မာလာစေဘို့ ရည်ရွယ်ခဲ့တယ်။ (လူမျိုးတူတယ်လို့ ခံစားနေသ၍ သံ ယောဇဉ် ရှိနေမယ်။ အချင်းချင်း ဖေးမနေမယ်၊ လူဝင်ရောမှု ပိုမိုများပြားနေမယ်- ဒါတွေကို စနစ်တကျ စဉ်းစားပြီး ဆုံး ဖြတ်ခဲ့တာ ဖြစ်တယ်။)
နိုင်ငံရေး ပရိယာယ်ကို မသိ၊ စစ်တိုက် သတ်ဖြတ်ပြီး အာဏာပိုင် ဖြစ်လာသူများကတော့- လူမိုက်ဆန်ဆန် မျိုးပြုတ် သတ် ဖြတ်၊ မောင်းထုတ်လိုက်ရင် ပြီးပြီလို့ ယူဆပြီး- ထင်ရာလျှောက်လုပ်လိုက်ရင် ကိစ္စပြတ်သွားမှာပဲလို့ ဉာဏ်တိုတိုကို အရောင်တင်ခဲ့တော့- နိုင်ငံတော်အရေးက ပိုမိုရှုပ်ထွေးလေတော့တယ်။
ဒီဦးစိန္တာဝါဒီများကလည်း မွတ်စလင်များကို မောင်းထုတ်ပြီး ဘင်္ဂလားမှာ ပါသွားတဲ့ ရခိုင်များကို အစားထိုးဘို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြန်တယ်။ ဗမာများဘက်ကလည်း မသိမသာလွတ်ပေးထား လိုက်တယ်။ နိုင်ငံရေးအရ လေဖြတ်သူကို ရေခဲရေ လောင်းပေးတဲ့ သဘောလို့ ခံယူခဲ့ခြင်း ဖြစ်တယ်။
ဒီကြားထဲမှာ မွတ်စလင်များ အတွက် အခြေအနေဆိုး တစ်ရပ်ပေါ်ထွက်လာပြန်တယ်- အဲ့ဒါက ပါကစ္စတန်က နေ ဘင်္ဂလား ဒေ့ရှ် အဖြစ် ခွဲထွက်တဲ့ ပွဲပါ။ ၁၉၇၃ ခုနှစ်ထိ ပါကစ္စတန်က ခွဲထွက်တော့ မြန်မာပြည်ဘက်ကို စစ် ပြေးဒုက္ခသည်တွေ၊ စီးပွားရေးဒုက္ခသည်တွေ ၀င်လာခဲ့ပြန်တယ်။- ၀င်လာသူအများစုက ဘင်္ဂလီရခိုင်နဲ့ ဘင်္ဂလီ မွတ်စလင် နှစ်မျိုးလုံး ဖြစ်တယ်။ ဒါကို ဦးနေ၀င်းလက်ထက်မှာ ပြန်မောင်းထုတ်တော့ ဦးတင်ဦးက ခေါင်းဆောင် ခဲ့တယ်။ ဦးတင်ဦးပဲ လူမျိုးရေး အယူစွဲရှိနေ တာလား၊ သို့မဟုတ် လေဖြတ်နေတဲ့ ဦးစိန္တာဝါဒကို ဆက်လက်မွေး မြူလိုက်တာလား မပြောတတ်ပါ။ ၀င်လာသူတွေထဲက ဘင်္ဂလီရခိုင်များကို မြန်မာရခိုင်များနဲ့ ရောပေးထားလိုက် ပြီး ဘင်္ဂလီမွတ်စလင်များကိုသာ မောင်းထုတ်ခဲ့တယ်။ ဒီကြားထဲ ဘင်္ဂလီရခိုင်ကို မောင်းထုတ်ရမယ့် အစား ရခိုင်မွတ်စလင်တွေကို အစားထိုး မောင်းထုတ်လိုက်တယ်။ အဲ့ဒီမှာ အနောက် သား ဘင်္ဂလီရခိုင်များကို ပြည်နယ်ကောင်စီမှာ လူကြီးပိုင်းထိ နေရာပေးထားခဲ့တယ်။ (ဥပမာ ဗိုလ်မှုးကျော်မောင်ကို ကြည့် ပါ။) ဒီမှာလည်း ရည်ရွယ်ချက်က ရှိနေပြန်တယ်။ အနောက်သားတွေက သူတို့ကို နိုင်ငံခြားသား ဘင်္ဂလီလို့ မမြင်ရအောင် နိုင်ငံခြားသား ဘင်္ဂလီဆိုတာ မွတ်စလင်တွေ ဖြစ်တယ်လို့ သူတို့ဘက်ကို ကာကွယ်ပြီး သူများကို လက်ညှိုးထိုးတဲ့ စိတ်ရှိ တယ်။ ဒီလို လက်ညှိုးနေတော့- “သူခိုးက လူပြန်ဟစ်” - စွပ်စွဲခံရသူက စွပ်စွဲသူကို မုန်း-၊ ဒီလို သံသရာလည်ပြီး ဗမာဆီက ခွဲထွက်ရေးကို မလှည့်နိုင်အောင် ဖြစ်တော့တယ်။
တစ်ပြိုင်နက်မှာ ဦးစိန္တာဝါဒီတွေက မွတ်စလင်ကိုမုန်း၊ ခရစ်ယာန် (အချိုချင်း)များကို နှိမ် ရခိုင်ဗုဒ္ဓလူမျိုးကြီးဝါဒကို ရိုက် သွင်းလာတော့- လွတ်လပ်ရေး ဆုံးရှုံးခဲ့တဲ့ မြောက်ဦးနိုင်ငံဟာ အလိုလိုနေရင်း ဘင်္ဂလားဘက်နဲ့ အမုန်း ပွားနေခဲ့တယ်၊ ချင်းလူမျိုးများရဲ့ မကျေလည်ကို ခံယူနေခဲ့တယ်။ သူ့ကိုယ်သူ လေဖြတ်နေအောင် သူ့ဟာသူ ဖန်တီးနေခဲ့တယ်။ ဒီအခြေ အနေကို ဗမာဘက်က အားဆေးတိုက်ပေးလိုက်ယုံနဲ့ အိပ်ယာထဲက ပြန်ထစရာ အကြောင်းမရှိ ဖြစ်နေမှာ သေချာ နေ တယ်။- ဦးစိန္တာအနေနဲ့ ရခိုင်ကို သီးခြားနိုင်ငံထောင်ဘို့ ကြိုးစားလေ- လေဖြတ်လေ- နောက်ဆုံး ရခိုင်လူမျိုးဆိုတာ တိမ် ကောပပျောက်သွားတော့မှာ ဖြစ်တယ်။
ဦးစိန္တာဝါဒကို လက်ခံတဲ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စု- ခိုင်မိုးလင်းတို့၊ ခိုင်စိုးနိုင်အောင်တို့ ဆိုတာလည်း- လုံးပါးပါး လာကာ နောက်ဆုံး လူဆယ်ယောက်လောက်သာ ရှိပြီး မီဒီယာအားကိုးနဲ့ ဟိတ်ဟန်ထုတ်နေရတဲ့ အဆင့်သာ ကျန်လိုက် တော့တယ်။
ဗမာများရဲ့မူက ရခိုင်မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နဘန်းလုံးနေခြင်းကို “ကြက်လည်းပန်းစေ၊ ယာလည်းညက် စေ” သီအိုရီနဲ့ ကျင့်သုံးခဲ့ခြင်း ဖြစ်လေတော့ ဦးစိန္တာရဲ့ ရခိုင်နိုင်ငံတော်ဟာ အိမ်မက်ထဲက စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်ခဲ့ရပါတော့တယ်။
နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ
ကျွန်ုပ်သည် ၁၉၈၈ ခု မြန်မာ့ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုတွင် ဒေသဆိုင်ရာ ဦးဆောင်ဆော်သြ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ် သည်။ ကျောင်းသားတပ်မတော် (ABSDF) ၏ ရဲဘော်ဟောင်းတစ်ဦး ဖြစ်သည်၊ နိုင်ငံရေး အယူအဆ ကြောင့် ဖမ်းဆီးချုပ် နှောင် ခံခဲ့ရသူ တစ်ဦး ဖြစ်သည်။
နိုင်ငံရေးဘ၀ကျင်လည်မှု၊ တော်လှန်ရေးဘ၀ ကျက်စားမှုများ အလျှောက် တိုင်းရင်းသားတို့၏ ဆန္ဒနှင့် သဘော သဘာဝ တို့အား တစ်စုံတစ်ရာ ကျွမ်းဝင်သူဟု မိမိကိုယ်မိမိယုံကြည်သည်။ လက်နှက်ကိုင်တော်လှန်ရေးတွင် တစ်စုံတစ်ရာ ပတ် သက်ခဲ့ပြီးနောက်-၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးများကို လက်နှက်ကိုင် ဖြေရှင်းနေ၍ မရဟု ခံစားမိလာ သဖြင့်- လက်နက်ကိုင်တော်လှန်ရေးအစား နှစ်ဦးနှစ်ဘက် တွေ့ဆုံ ညှိုနှိုင်း အဖြေရှာရေးဘက်ကို အားသန်လာခဲ့သည်။ သို့ ဖြင့် ကျွန်ုပ်၏ နိုင်ငံရေးသယ်ပိုးဝန်ဆောင်ခြင်းများ၌ ရည်ရွယ် ချက်တို့အား ၂၀၀၀ ခုနှစ်မှ စတင်၍ လမ်းစဉ် ပြောင်းလဲခဲ့ သည်။
သို့ဖြစ်၍ ကျွန်ုပ်အား သဘောထားပြောင့်ပြောင်းသူ၊ စစ်အစိုးရဘက်သို့ တိမ်းညွတ်သူ စသည်ဖြင့် ပြောဆိုခံရမှု များလည်း များစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့၏ ပြောဆိုမှုများထက် ကျွန်ုပ်၏ အမိမြေ မြန်မာနိုင်ငံတော် ကြီး ပြိုကွဲသွားမည်ကို စိုးရိမ်စိတ်က အကြီးအကျယ်လွှမ်းမိုးနေသဖြင့်- မည်သူ၏ စွပ်စွဲချက်များကမှ ကျွန်ုပ်အား မထိရောက်ခဲ့ချေ။
ပြည်တွင်းစစ် ဖြစ်နေရခြင်းသည် စစ်စားရိတ်များကုန်ကျခြင်း၊ သေကျေပျက်စီးရခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက် စီးခြင်း၊ ရန်လိုမုန်တီးမှု တိုးပွားခြင်းများနှင့် ညှိမရနိုင်သော ပြသနာများ ဆက်လက်ခိုင်မာနေခြင်းများ အစဉ် အရှိန် အဟုန်ဖြင့် တိုး လျှက်သာ ရှိသည်။ ပြည်သူအများ၏ စားဝတ်နေရေးမှာ ကျဆင်းသည်ထက် ကျဆင်းလာ ရခြင်းသာ အဖတ်တင်ပေသည်။ လူမျိုးနွယ်တိုင်းမှ တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် မိမိ၏ လူမျိုးကို အမှန်တစ်ကယ် ချစ်လျှင်၊ တန်ဘိုးထားလျှင် - မိမိ၏ လူမျိုးအား ပညာမဲ့နေရသည့် အဖြစ်၊ စီးပွားပျက်နေရသည့် အဖြစ်၊ ကျီးလန့်စာစား နေနေရသည့် အဖြစ်- တိုင်းတစ် ပါးသို့ ထွက်ပြေးလျှက် ပြည့်တန်ဆာလုပ်စားနေရသည့် အဖြစ်များမှ အမြန်ဆုံးကယ်တင်ရန် စဉ်းစားရပေမည်။
သို့သော် အင်အားကြီးသော အုပ်စုများမှလည်း ကြီးနိုင်ငယ်ညှင်း ပြုလုပ်နေသည်များကို ရပ်ဆိုင်းရပေမည်။ မိမိ က မိမိ နိုင်ငံဟု သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်းမှ တိုင်းရင်းသားအားလုံး၊ လူမျိုးအားလုံး၊ လူသားအား လုံးအပေါ် တစ်ဦး တစ်ယောက်ချင်းစီ၏ အပေါ်၌ လူ့အခွင့်အရေးကို ပေးတတ်ရမည်။ လူမျိုးနွယ်တို့၏ ယဉ်ကျေး မှု ဓလေ့ထုံးတမ်းများအား နားလည်ပေးတတ်ရမည်။ မျက်နှာလိုက်မှု ကင်းရှင်းသည့် ဥပဒေစိုးမိုးမှုအား ကျယ် ပြန့်ထိရောက်စွာ ဖြန့်ကျက်နိုင်ရပေ မည်။ သို့အတွက် လူများစု ဖြစ်သော မြန်မာများတွင် ပိုမို၍ တာဝန်ရှိနေပေ သည်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဥပ ဒေ၏ ခွဲခြားမှုများကို ခံရခြင်း၊ တိုင်းရင်းသားများအပေါ် မတော် မတရား အတင်းအဓမ္မသွေးနှောသည့် ပေါ်လစီများ၊ အတင်းအဓမ္မသာသနာပြုသည့် ပေါ်လစီများ၊ ဘာသာရေး လူမျိုးရေး စိတ်ဝမ်းကွဲစေရန် ဖန်တီးပေးသည့် ပေါ်လစီများကို လုံးဝ ဖျောက်ဖျက်ပစ်ရပေမည်။ ထိုသို့ပြုလုပ်စီမံ ပေးနိုင်သော ခေါင်းဆောင်များ၊ ပြုလုပ်စီမံလိုသော ခေါင်းဆောင်များ မြန် မာလူမျိုး ထဲမှာ ပေါ်ထွန်းလာရန် အရေးကြီးပေသည်။
ထိုသို့ ပြည်နယ် ပြည်မ နှစ်ဦးနှစ်ဘက် ပေါ်ထွန်းလာသော ခေါင်းဆောင်ကောင်းများ အချင်းချင်း ညှိနှိုင်းလျှက် စည်းလုံး ခိုင်မာသော မပြိုကွဲနိုင်သော ပြည်ထောင်စု တစ်ရပ်အား ထူထောင်ရမည် ဖြစ်သည်။ နိုင်ငံနယ်နမိတ် တစ်ခုအတွင်း အချင်း တိုက်ခိုက်သတ်ဖြတ်နေရသော ပြည်ထောင်စုသည် နူရာဝဲစွဲ ပြည်ထောင်စုသာ ဖြစ်နိုင်၍၊ ဘေးဘယာကင်းရှင်းသည့် ပြည်ထောင်စု မဖြစ်နိုင်ဟူသည့် အချက်ကို ခေါင်းဆောင်များ၏ နှလုံးသားတွင် အသိအမှတ်ပြုရန် အရေးကြီးပေသည်။
တိကျသေချာသော ပြည်ထောင်စုတွင်- နယ်နမိတ်သတ်မှတ်မှုအလျှောက်၊ တိုင်းရင်းသား၊ တိုင်းရင်းသား အခွင့် အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို မျက်နှာလိုက်မှု ကင်းရှင်းစွာ စနစ်တကျ သတ်မှတ်ရန် လိုအပ်ပေ သည်။ မြန်မာနိုင်ငံတွင် လက်ရှိ မြန်မာလူမျိုးဟု သတ်မှတ်ထားသော လူမျိုးမှ အပ ကျန်တိုင်းရင်းသားတိုင်းမှာ နှစ်နိုင်ငံ၊ သုံးနိုင်ငံ၊ လေးနိုင်ငံ နေ လူမျိုးများ ဖြစ်သည်။ ဥပမာ- မွန်လူမျိုးသည်- ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တည်ရှိနေသော လူမျိုးဖြစ်သည်။ ထိုင်းနိုင် ငံလွှတ်တော်တွင် မွန်လူမျိုး အမတ်များရှိသည်။ မွန်လူမျိုးများကို Native လူမျိုးများဟု အသိအမှတ်ပြုသည်။ မွန်ဘုန်းကြီး ကျောင်းများ ဘန်ကောက်ထဲတွင်ပင် ရှိနေသည်။
အလားတူ ကရင်လူမျိုးသည်- ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရှမ်းလူမျိုးသည် ထိုင်း နိုင်ငံ၊ တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ကချင်လူမျိုးသည် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်တွင် ရှိနေသော လူမျိုးဖြစ်သည်။ ချင်းလူမျိုးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာလူမျိုးတို့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးများ ဖြစ်သည်။
ထိုသို့ နှစ်နိုင်ငံ သုံးနိုင်ငံ တွင် တည်ရှိနေသော လူမျိုးများအား- သက်ဆိုင်ရာ နိုင်ငံတိုင်းမှ နိုင်ငံ နယ်နမိတ် သတ် မှတ်သည့် အခါ မိမိနိုင်ငံအတွင်းပါဝင်လာသော လူသားများအား တိုင်းပြည်၏ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုပေးခဲ့သည်။ ထိုဝတ္တရားအား ကျွန်ုပ်တို့ မြန်မာနိုင်ငံတစ်ခုတည်းသာ ရိုဟင်ဂျာများနှင့် စပ်လျှဉ်း၍ ၀တ္တရား ပျက်ကွက်နေပါသည်။
အကြောင်းပြချက်များမှာ ယုတ္တိမတန်လှပေ။ (၁) ရိုဟင်ဂျာတို့အား အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများ ၀င်လာ မည်ကို စိုးရိမ်သောကြောင့်ဟု အကြောင်းပြသည်။ သို့ဖြစ်လျှင် မြန်မာရခိုင်များကို အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ဒလဟော ၀င်နေသည်ကို အဘယ်ကြောင့် မမြင်ချင်ဟန် ဆောင်နေကြသနည်း ဟူသည်ကို စဉ်းစားရပေမည်။ ထို့ပြင် မွန် များကို အကြောင်းပြု၍ ထိုင်းနိုင်ငံမှ မွန်များ ၀င်လာမည်ကို မစိုးရိမ် သလော၊ ရှမ်းများကို အကြောင်းပြု၍ ထိုင်းနိုင်ငံ မြောက်ပိုင်းတစ်ခုလုံးမှ လူဦးရေသန်းပေါင်းများစွာ ၀င်လာမည် ကို မစိုးရိမ်သလော၊ တရုတ်ပြည်မှ ရှမ်းများ ၀င်လာမည်ကို မစိုးရိမ်သလော- စသည်ဖြင့် မေးခွန်းမေးရပေတော့ မည်။ (၂) ရိုဟင်ဂျာဟူသည့် ဝေါဟာရနှင့် စပ်လျှဉ်း၍ အကြောင်းပြ ပြန်သည်။ သူတို့သည် ရခိုင်မွတ်စလင်ဟု ခံယူစဉ်ကလည်း မြန်မာရခိုင် ဗုဒ္ဓဘာသာများက မလိုလားခဲ့။ (ထိုကိစ္စအား လွတ်လပ်ရေး ရပြီးစ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာကျောင်းသားသမဂ္ဂ၌ ရိုဟင်ဂျာဟု ခံယူချင်သူများနှင့် ရခိုင်မွတ်စလင်ဟု ခံယူချင်သူများ အချေအတင် ဖြစ်ခဲ့ရသည်။) မည်သို့ဆိုစေ- သူတို့သည်လည်း အခြားတိုင်းရင်းသားများကဲ့သို့ တန်းတူရှိ သည့် တိုင်းရင်းသား ဖြစ်ကို ဖြစ်ရပေမည်။
မိမိ၏ နိုင်ငံနယ်နိမိတ်ထဲတွင် တည်ရှိသော လူမျိုးအားလုံးအား တရားသဖြင့် တိုင်းရင်းသား နိုင်ငံသား အခွင့် အရေးများ ပေးရမည် ဖြစ်ပြီး။ လွတ်လပ်ရေး ရပြီးနောက် ၀င်ရောက်လာသော လူများကို မည်သည့် တိုင်း ရင်းသားနှင့် လူမျိုးတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ- သီးခြားဥပဒေတစ်ရပ် ရှိနေရပေမည်။ ဆိုလိုသည်မှာ လွတ်လပ်ရေး ရပြီးနောက်မှ ၀င်လာသော ရခိုင်ဗုဒ္ဓဘာသာများ၊ တရုတ်များ၊ ရိုဟင်ဂျာ (စစ်တကောင်းများ) မွန် များ၊ ရှမ်းများ၊ ကချင်များ၊ အိန္ဒိယမျိုးနွယ်များအား သီးခြား သတ်မှတ်ရမည် ဖြစ်သည်။ လူမျိုးတစ်မျိုးအား သူ၏ ကိုးကွယ်ယုံကြည်မှုကြောင့်၊ သူ၏ မျိုးနွယ်ကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် မတရားသဖြင့် ဥပဒေ သော် လည်းကောင်း၊ ပေါ်လစီသော်လည်းကောင်း စီမံချမှတ်မှုများကို လုံးဝ မကျူးလွန်သင့်ပေ။ မတရားမှုအား ခုံမင် နေသော လူသားစုသည် မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်တိုင်းပြည် အတွက်မဆို ဆူပူ အုံကြွမှုအတွက် မီးစာများ၊ ပြည်တွင်းစစ်အတွက် သော့ချက်များသာ ဖြစ်ပေသည်။
တိုင်းပြည်ကို ချစ်သော၊ တိုင်းပြည်တိုးတက်ရေးကို လိုလားသော၊ မိမိလူမျိုး ဆင်းရဲနွမ်းပါးနေရသည်ကို မကြည့် ရက်သော မည်သည့် မြန်မာနိုင်ငံသားသည် မဆို ဆူပူအုံကြွရခြင်းအတွက် စတည်စေသည့် စိတ်ဓါတ်များကို ပြုပြင်ရပေမည်။ လူ ယုတ်မာတို့၏ လှုံ့ဆော်မှုတို့သည် “ငါတို့ တိုင်းပြည် ငါတို့လူမျိုးကို ဖျက်ဆီးနေခြင်း”ဟု သိမြင်နိုင်ရန် ကြိုးစားရပေမည်။ အချင်းချင်း သတိပေးရပေမည်။ လူယုတ်မာတို့အား ရွံမုန်းမုန်းပစ်ရပေမည်။ တိုင်းပြည်ကောင်းစားရေးနှင့် အမှန်တရား အတွက် အမုန်းခံ၍ ပြောရဲရပေမည်။
နိုင်ငံ နယ်နမိတ်တစ်ခု ပီပီပြင်ပြင် တည်ရှိ၍ ထိုနယ်နမိတ်ကို ရေးဆွဲသတ်မှတ်စဉ် နိုင်ငံနယ်နမိတ်အတွက် မျိုးစဉ် မျိုးဆက် နေထိုင်ခဲ့သော လူသား ထိုနိုင်ငံ၏ ဥပဒေရိပ်အောက်မှ နိုင်ငံသား အဖြစ်သတ်မှတ်ပေးရမည်။ နိုင်ငံတိုင်းတွင်၊ နိုင်ငံနယ်န မိတ် သတ်မှတ်ပြီး နောက်ပိုင်းမှ ၀င်ရောက်လာသူနှင့် နိုင်ငံ နယ်နမိတ် သတ်မှတ် လိုက်စဉ် နိုင်ငံအတွင်း၌ ရှိနေသူ ဟူ၍ ရှိ သည်။
နိုင်ငံအတွင်း ရှိနေသူသည်- ထိုနိုင်ငံ၏ ဥပဒေအောက်မှ လူသား ဖြစ်၍- နိုင်ငံအပြင်ပသို့ ရောက်သွားသော သူများမှာ သက်ဆိုင်ရာ အချုပ်အခြာပိုင်သည့် နိုင်ငံ၏ ဥပဒေအောက်မှ လူသားများဖြစ်သည်။ ဤနေရာတွင် ချွင်းချက် အခြေအနေ တစ်ရပ်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ယူစဉ်တွင် နိုင်ငံနယ်နမိတ် အား သတ်မှတ်စဉ်တွင် သီဘောမင်း ၏ မိသားစု အပါအ၀င် အချို့သော မိသားစုများသည် နိုင်ငံပြင်ပတွင် ရှိနေ သည်။ ထိုမိသားစုမျိုးထဲမှ မြန်မာနိုင်ငံသား အဖြစ်ခံယူလိုသူ တစ်ချို့ မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံသား ခံယူ လိုလျှင် ခွင့်ပြုပေးနိုင်သည်။ အလားတူ နိုင်ငံခြားမှာ မြန်မာနိုင်ငံအတွင်းသို့ လာရောက်နေထိုင်သူ ဥပမာ အင်္ဂလိပ်ခေတ် တာဝန်ထမ်းဆောင်သည့် ဥရောပလူမျိုးများ၊ အိန္ဒိယ လူမျိုးများ၊ တရုတ် လူမျိုးများအား သူတို့၏ စိတ်ဆန္ဒအလျှောက် မိမိတို့၏ ဇာတိနိုင်ငံသို့ ပြန်လိုက ပြန်နိုင်သည်၊ ဆက် လက်နေထိုင်လိုက နေထိုင်နိုင်သည် ဟူသည့် အခွင့်အရေးကို ပေးရမည် ဖြစ်သည်။ သို့သော် သူတို့နှင့် မြန်မာတိုင်းရင်းသူ တစ်ဦးဦး သွေးနှော ကပြား ဖြစ်နေသူများကို နိုင်ငံသား ပေးကို ပေးရပေမည်။
ထိုသို့သော အခြေအနေပေါ် မူတည်၍ နိုင်ငံတိုင်းတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား၊ တိုင်းရင်းသား ဟူ၍ အမျိုး အစား သုံးမျိုး သတ်မှတ်ပေးထားသည်။
နိုင်ငံသားတိုင်းသည် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျမ္မရေး- ဆောင်ရွက်ပိုင်ခွင့်၊ ခံစား နိုင်ခွင့်များ၌ တန်းတူညီမျှ ဖြစ်စေရပေမည်။ သို့သော် (တိုင်းတစ်ပါး၌ မွေးပြီး) နိုင်ငံသား ဖြစ်လာသူအား တိုင်းပြည်၏ အဓိ က ဦးဆောင်နေရာမှ ချန်လှပ်ထားနိုင်သည်။ (ဥပမာ နိုင်ငံတော် သမ္မတ ဖြစ်ခွင့်မပြု ဟူ၍ ဖြစ်သည်။)
ဧည့်နိုင်ငံသား ဟူသည် သက်တမ်းသတ်မှတ်ချက် ရှိရမည်။ လူသားမျိုးနွယ်တစ်ခုအား ကာလအပိုင်းအခြားမရှိ ဧည့်နိုင်ငံ သား သတ်မှတ်ထား၍ မရချေ။ ကမ္ဘာ့နိုင်ငံကြီးများတွင် ၅ နှစ်၊ ၃ နှစ်၊ ၇ နှစ် စသည့်ဖြင့် သတ်မှတ်ထား ၍၊ အာရှ- အာဖရိ က နိုင်ငံများတွင် လူတစ်ဦး၏ သက်တမ်းတစ်လျှောက် သတ်မှတ်လေ့ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံခြားမှ ၀င်လာသူတစ်ဦး သည် သူ့သက်တမ်းတစ်လျှောက် ဧည့်နိုင်ငံသား အဖြစ်ဖြင့်သာ နေထိုင်ရမည် ဖြစ် သည်။ သို့သော် သူ့သားသမီးများနှင့် မသက်ဆိုင်ချေ။
တိုင်းရင်းသား- တိုင်းရင်းသည်ဟူသည်မှာ မူလဇစ်မြစ် လူမျိုးဖြစ်သည်။ သို့သော် ၎င်းတို့သည်လည်း အမှန်တစ် ကယ်တွင် မူလဇစ်မြစ် မဟုတ်ချေ၊ ထိုဒေသတစ်ခု၌ မျိုးစဉ်မျိုးဆက် နေထိုင်ခဲ့သည်မှာ ရာပေါင်းများစွာ သို့မဟုတ် နှစ်ထောင်ချီ၍ နေ ထိုင်ခဲ့သော လူမျိုးနွယ်ကို ခေါ်ဆိုသည်။ တိုင်းရင်းသားတိုင်းသည် နိုင်ငံသား မဟုတ်သကဲ့သို့ နိုင်ငံသားတိုင်းသည်လည်း တိုင်းရင်းသား မဖြစ်နိုင်ချေ။
ဥပမာ- ကချင်တိုင်းသည် မြန်မာနိုင်ငံ နိုင်ငံသား မဟုတ်ချေ။ ကချင်လူမျိုးပေါင်း သန်းနှင့်ချီ၍ တရုတ်နိုင်ငံသား များအဖြစ် တည်ရှိနေသည်။ အလားတူ ကရင်လူမျိုးပေါင်း ငါးသိန်းခန့် ထိုင်းနိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရှမ်းလူမျိုးပေါင်း သန်းနှင့်ချီ၍- တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရခိုင်လူမျိုး ပေါင်း သန်းနှင့်ချီ၍ အိန္ဒိယ နိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရိုဟင်ဂျာ လူမျိုးပေါင်း သန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ်တည်ရှိနေသည်။
ထို့ကြောင့် တိုင်းရင်းသား ဟူသည်မှာ သူ့မျိုးနွယ်၊ သူ့လူ့သဘာဝ၊ သူ့ဝန်းကျင်၊ သူ့ယဉ်ကျေးမှုနှင့် တည်ရှိနေသော လူမျိုး တူစုဖြစ်၍-၊ သက်ဆိုင်ရာ နိုင်ငံအတွင်း ကျရောက်သွားသော လူအစုအဝေး၊ လူမျိုးနွယ်သာ ဖြစ် သည်။ နိုင်ငံနယ်နမိတ် သတ်မှတ်စဉ် အခြားနိုင်ငံဘက်သို့ ပါသွားသဖြင့်- မိမိနိုင်ငံအတွင်း ထိုလူမျိုးစုအား နိုင်ငံ၏ တိုင်းရင်းသားအဖြစ် မ သတ်မှတ်၍ မရချေ။
တိုင်းရင်းသား တစ်စုချင်းသည် သူ့လူမျိုးတူရာအား သံယောဇဉ်ရှိနိုင်သည်၊ ချစ်ခင်ပတ်သက်နိုင်သည်။ ဆက်ဆံ ဆက် သွယ်နိုင်သည်။ သို့သော် နိုင်ငံသား ဖြစ်ခွင့်အား ဝေခြမ်းပေး၍ မရနိုင်ချေ။ ဥပမာအားဖြင့် မြန်မာကရင်မှ ထိုင်းကရင်တို့အား သံယောဇဉ်ရှိမည်ပင်။ မြန်မာမွန်များက ထိုင်းမွန်တို့အား သံယောဇဉ်ရှိမည်ပင်- မည်သို့မျှ တားဆီး၍ မရနိုင်ချေ။ သို့သော် ထိုင်းလွှတ်တော်ထဲတွင် ပေးထားသော မွန်အမတ် ၁၈ ဦး၏ နေရာအား မြန်မာ မွန်များက တက်ယူ၍ မရနိုင်ချေ။ ထို့အတွက် ထိုင်းအစိုးရကလည်း ခွင့်ပြုမည် မဟုတ်ချေ။ အလားတူ ထိုင်းနိုင်ငံသား မွန်တို့၏ သူ့နိုင်ငံအတွင်း ခံစားခွင့် များအား မြန်မာမွန်တို့အား မပေးနိုင်ချေ။ အလားတူပင် ဘင်္ဂဘီရခိုင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့၏ ခံစားခွင့် အား ရယူထားသည်။ အကယ်၍ ပြည့်ပြည့်၀၀ မရခဲ့လျှင်လည်း ထိုဘင်္ဂလီရခိုင်တို့ အနေဖြင့် ဘင်္ဂလီအစိုးရအား တော်လှန် ခွင့်ရှိသည်၊ တောင်းဆိုခွင့်ရှိသည်။ သို့သော် ဘင်္ဂလီရခိုင်များ အနေဖြင့် မြန်မာအစိုးထံတွင် ထိုအခွင့်အရေးအား တောင်းဆို ခွင့် မရှိချေ။
လူမျိုးနွယ်တစ်ခု၏ မိမိတို့ နေထိုင်အခြေချနေခဲ့ရာ ဒေသအား နိုင်ငံပိုင်းခြား သတ်မှတ်လိုက်ခြင်းကြောင့် ကွဲပြား သွားရ သော တိုင်းရင်းသားတို့အား သက်ဆိုင်ရာ နိုင်ငံမှ အပြည့်အ၀ တာဝန်ရှိပေသည်။
ပြည်ထောင်စု ဆိုသည်မှာ တိုင်းရင်းသားမျိုးနွယ်များ စုပေါင်း၍ နိုင်ငံ ထူထောင်ခြင်းကို မခေါ်ဆိုပေ။ လူမျိုးနွယ် များစု နေခြင်းကို မျိုးနွယ်စု ဟုသာ ခေါ်ဆိုနိုင်ပေမည်။ ပြည်ထောင်စုဟူသည့် အဓိပ္ပါယ်သက်ရောက်ရန် နိုင်ငံအနှံ့ ဥပဒေသက် ရောက်စိုးမိုးစေရန် ဥပဒေအားဖြင့် စီရင်စုများတည်ဆောက်ရပေမည်။ တိုင်းဒေသများ နယ်နမိတ်သတ်မှတ်လျှက် တစ်နိုင် တစ်ပိုင် ဥပဒေ ကို စောင့်ရှောင့်ထိန်းနိုင်မည့် နယ်နမိတ်များ သတ်မှတ်ရ မည်။ ထိုနယ်နမိတ်တို့အား သက်ဆိုင်ရာ ဒေသရှိ လူများစု လူမျိုးနွယ်အမည်နာမဖြင့် မသတ်မှတ်သင့်ပေ။ ပြည်နယ်တိုင်း၊ တိုင်းဒေသတိုင်းတွင် လူမျိုးစုံတည်ရှိနေသည် ဖြစ်ရာ မြို့ပြလူနေမှုတည်ဆောက်ရေးပုံစံတကျ- ထိုဒေသရှိ ထင်ရှားသော မြို့အား ကိုယ်စားပြု၍ သော်လည်းကောင်း၊ မြစ်၊ တောင်တန်း တို့အား ကိုယ်စားပြု၍ သော်လည်းကောင်း ပြည်နယ်အမည်ကို သတ်မှတ်သင့်သည်။ ထိုသို့ သတ်မှတ်ထား သည့် ပြည်နယ်အတွင်း တွင် မှီတင်းနေထိုင်သည့် မည်သည့် လူမျိုးနွယ်မဆို တရားမျှတ၍ လူ့အခွင့်အရေးကို အာမခံသည့် ဥပဒေ၏ အရိပ်ကို ညီမျှစွာ ခံစားခွင့်ရှိစေရပါမည်။ ထိုတိုင်းဒေသများ စုစည်းထားခြင်းဖြင့် တည်ဆောက်သည့် နိုင်ငံတော် သည်သာ- ပြည်ထောင်စု ဟူသော အမည်နာမဖြင့် ကိုက်ညီပေမည်။
ထိုသို့ ဖွဲ့စည်းတည်ဆောက်ရာတွင်- ပြည်ထောင်စု မပြိုကွဲစေရန် ပြင်းထန်ပြတ်သားသော ဥပဒေတစ်ရပ်အား ဆက် လက်ပြဌာန်းရပေမည်။ ၎င်းမှာ ပြည်ထောင်စုအား ဖြိုခွဲသူ၊ ခွဲထွက်သူ၊ ခွဲထွက်ရန် လှုံ့ဆော်သူအား နိုင်ငံ၏ အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး အပြစ်ဒဏ် (ဥပမာ- သေဒဏ်) အဖြစ် ပြဌာန်းထားရပေမည်။ အလားတူ ပြည်ထောင်စုအတွင်း လူသား မျိုးနွယ်ချင်း စိတ်ငြိုငြင်စေမည့် လူမျိုးရေး စကားများ ပြောဆိုသူ၊ ပုတ်ခတ်သူ၊ ခွဲခြားသူ တို့အား အလားတူ ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ထားရပေမည်။
သို့မဟုတ်လျှင်- အနှိမ်ခံနေမည့် အစား သေရခြင်းက ပို၍မြတ်သည်ဟု ခံစားချက်များ ဖြစ်ပေါ်လာလျှက်- အနှိမ်ခံရသည့် မျိုးနွယ်တို့က အသေခံကာ ပြည်ထောင်စုမှ ခွဲထွက်လိုစိတ်များ ပြည်လည်ရှင်သန်လာနိုင်သည်။ ထိုအခါ ခွဲထွက်သူအား သေဒဏ် ဟု ချမှတ်ထားလင့်ကစား ထိုဥပဒေမှာ အသုံးဝင်တော့မည် မဟုတ်ချေ။
လူတစ်ဦးတစ်ယောက်ချင်းစီမှာ လွတ်လပ်ညီမျှသော ဥပဒေ၏ စောင့်ရှောက်မှုအား ရရှိနေလျှင် အာဏာမက် သော လူ ယုတ်မာတစ်စု၊ သို့မဟုတ် မတည်မငြိမ်မှုအား အကြောင်းပြ၍ စီးပွားရှာလိုသော လူယုတ်မာတစ်စုမှ လွဲ၍ သာမန်ပြည်သူ အများစုကြီးမှာ ခွဲထွက်ရေးကိုသော်လည်းကောင်း၊ နိုင်ငံရေးကိုသော်လည်း စိတ်ဝင်စား တော့မည် မဟုတ်ချေ။
နိုင်ငံတစ်ရပ်ကို ဧရိယာ သတ်မှတ် ထူထောင်စဉ်- နိုင်ငံတော်အတွင်း ပါဝင်သူအားလုံး နိုင်ငံသား ဖြစ်၍၊ ထိုသို့ ဧရိယာ မသတ်မှီကပင် နဂိုရှိရင်းစွဲ လူမျိုးနွယ်စုအားလုံး တိုင်းရင်းသား ဖြစ်သည်။ သို့သော် တိုင်းရင်းသားမှာ ခွဲခြားသတ်မှတ်ခံ နိုင်ငံနယ်ခြားအလျှောက် သတ်မှတ်ချက်ကွဲသွားနိုင်သည်။ ဥပမာ- အခါ လူမျိုးစုသည် ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်၊ ဗီယက်နမ်- ငါးနိုင်ငံ၌ ပျံ့နှံ့နေသည်။ ထိုလူမျိုးစုအား မြန်မာအနေဖြင့် တိုင်းရင်းသား သတ်မှတ်ရာတွင် မြန်မာနိုင်ငံသား အခါ လူမျိုးစုနှင့် ထိုင်းနိုင်ငံသား အခါ လူမျိုးစု ရှုပ်ထွေးမှု မရှိစေရန် သတ်မှတ် ရမည့် ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံအတွင်း ရှိသမျှသော တိုင်းရင်းသား အားလုံးမှာ အနည်းဆုံး နှစ်နိုင်ငံ၊ သို့မဟုတ် သုံးနိုင်ငံ၌ တည်ရှိနေ သည်။ ဥပမာ ကချင်လူမျိုးစုသည် အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံတွင်လည်းကောင်း၊ ရခိုင်လူမျိုးစု သည် အိန္ဒိယ၊ ဘင်္ဂ လားဒေ့ရှ်၊ မြန်မာနိုင်ငံတွင်လည်းကောင်း၊ ရှမ်းလူမျိုးစုသည် မြန်မာ၊ တရုတ်၊ လာအိုနှင့် ထိုင်း နိုင်ငံတွင်လည်းကောင်း တည်ရှိနေသည်။ ၎င်းတို့မှာ နိုင်ငံကိုယ်စီ လွတ်လပ်ရေး ရယူ ဧရိယာ သတ်မှတ် ပြီးမှ ပြောင်းရွေ့သွားခဲ့ခြင်း မဟုတ်ဘဲ- သူတို့၏ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ရာ အရပ်ဒေသအား နိုင်ငံတစ်ရပ်စီ က ဧရိယာ သတ်မှတ်စဉ် ပိုင်းခြားခံလိုက်ရခြင်း သာ ဖြစ်သည်။ သို့အတွက် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိ၏ ဧရိ ယာအတွင်း ပါဝင်လာသော နယ်မြေမှ တိုင်းရင်းသားအစု ကို အတည်ပြုသတ်မှတ်ပေးရမည် ဖြစ်သည်။
အနီးဆုံးနှင့် အလွယ်ကူဆုံး ဥပမာတစ်ခုမှာ ၁၉၉၀ နောက်ပိုင်းတွင်မှ ဒဂုံမြို့သစ်များကို တည်ဆောက်၍ ရန်ကုန် ဧရိယာ အား ချဲ့လိုက်သောအခါ- ပဲခူးတိုင်းပိုင်ဖြစ်သော ငမိုးရိပ်ချောင်း၏အရှေ့ဘက် တိုးကြောင်ကလေးမှသည် တိုင်းရင်း (၃)၊ ဇက်ပင်၊ လေးဒေါင့်ကန် အားလုံး ရန်ကုန်တိုင်းဧရိယာထဲ၌ ပါဝင်သွားသည်။ ၁၉၉၂ ခုနှစ်ထိ စံပြဈေးအလွန် ငမိုးရိပ် တံတားထိပ်နားမှ တိုးကြောင်လေး ဘုန်းကြီးကျောင်း- ဆိုင်းဘုတ်သည် “ပဲခူးတိုင်း” ဟူ သည့် ခေါင်းစီးအောက်၌ ရှိခဲ့သည်။ ထိုနယ်မြေတို့အား ရန်ကုန်တိုင်းဟု သတ်မှတ်လိုက်သောအခါတွင် အဆိုပါ အရပ်ဒေသများမှ လူသားများ မြေများ အိုးအိမ် များ ဘုရားကျောင်းကန်များအားလုံး ရန်ကုန်တိုင်းအတွင်းသို့ ပါလာခဲ့သည်။-
ထိုဒေသမှ လူများအား- “ဤနယ်မြေအား ရန်ကုန်တိုင်းဟု သတ်မှတ်လိုက်ပြီ၊ သို့ဖြစ်၍ သင်တို့ ပဲခူးတိုင်းသား များအနေ ဖြင့် ဤနေရာမှ စွန့်ခွာလျှက်- ပဲခူးတိုင်းထဲမှ တစ်နေရာရာတွင် အခြေချကြ၊”ဟု မောင်းထုတ်ခွင့်မရှိ ချေ။ ရန်ကုန်အစိုးရ အနေဖြင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းလည်း မရှိခဲ့ချေ။ ဧရိယာ မသတ်မှတ်မှီက ရှိနေခဲ့သော လူ၊ မြေ၊ ဘုရားကျောင်းကန်နှင့် ရှိသမျှသော ၀တ္ထုတို့မှာ ခေါင်းစဉ်ပြောင်းသွားသော အရိပ်အောက်သို့ ရောက်ရှိခဲ့ ခြင်းသာ ဖြစ်သည်။
အလားတူပင် နယ်စပ်ဒေသမှ တိုင်းရင်းသားတို့သည်လည်း သက်ဆိုင်ရာ ဧရိယာ သတ်မှတ်ချက်အလျှောက် အရိပ်လွှမ်းမိုး မှုအား ခံလိုက်ရခြင်းသာ ဖြစ်သည်။
မြန်မာနိုင်ငံဟု သတ်မှတ်ထားသော ဧရိယာထဲတွင် ဧရိယာ နယ်နမိတ် သတ်မှတ်စဉ် တည်ရှိနေသော တိုင်းရင်း သားတို့မှာ လည်း ထိုပုံစံနှင့် တစ်ထပ်တည်း တူညီနေပေသည်။ သို့သော် မီဇိုချင်း၊ ကိုးကန့်နှင့် ရိုဟင်ဂျာတို့မှာ တိုင်းရင်းသားဟု သတ်မှတ်မှု၌ အငြင်းပွားဘွယ် ဖြစ်နေပေသည်။
ထိုသုံးမျိုးအနက်တွင်မှ ရိုဟင်ဂျာတို့၏ ပြသနာမှာ အကြီးကျယ်ဆုံးဖြစ်နေ၍ ကိုးကန့်ပြသနာမှာ အမှေးမှိန်ဆုံး ဖြစ် နေ သည်။ ထိုသို့ဖြစ်နေရခြင်း အရင်းအမြစ်မှာ ရိုဟင်ဂျာများက အစ္စလာမ်သာသနာကို ကိုးကွယ်၍ ယဉ်ကျေးမှုဓလေ့ သီးသန့် ဖြစ်နေကာ ကိုးကန့် များက ဗုဒ္ဓဘာသာနှင့် ၀င်ရောနိုင်သောကြောင့် ဖြစ်သည်။ မီဇိုချင်းတို့ မှာ ယဉ်ကျေးမှုဓလေ့ သီးသန့် ဖြစ်သော်လည်း ခရစ်ယာန်ဖြစ်နေသဖြင့် မွတ်စလင်နှင့် နှိုင်းယှဉ်လျှင် ပြသနာအ ရေးနောက်သို့ ဆုတ်နေပေသည်။
ထိုလူသားမျိုးနွယ်တို့၏ သမိုင်းကို သေချာစွာ လေ့လာသင့်သည်။ (ကျွန်ုပ်ယုံကြည်သည်မှာ မြန်မာသမိုင်းပညာရှင်များ အနေဖြင့် ဤမျှ ဗဟုသုတမဲ့မည် မဟုတ်ပါ။ သို့သော် အမျိုးသားရေးနှင့် ဘာသာရေးအယူ ရော ပြွန်းလွှမ်းမိုးစိတ်က အမှန် တရားအား ဖုံးဖိထားခြင်းသာ ဖြစ်တော့သည်။) ထို့နောက် ကျောသားရင်သား မခွဲခြားသော တိကျပြတ်သားသည့် ဥပဒေ ဖြင့် တစ်နိုင်ငံလုံးအပေါ်၌ ကျင့်သုံးသင့်သည်။ ဥပဒေအား မျက်နှာလိုက် တတ်သော အမျိုးသားရေးဝါဒီတို့သည် အနိုင်ကျင့် ခံရသော တိုင်းရင်းသားတို့ အပေါ်၌သာ မဟုတ်ဘဲ- မိမိ အချင်းချင်းလည်း ဗိုလ်ကျလိုစိတ် ဖိစီးနေမည်သာ ဖြစ်သည်။ ထို သို့သော လူသားများက တိုင်းပြည်ကို ဦးဆောင်ခွင့်ရနေလျှင် သို့မဟုတ် ပြည်သူများက ထိုသို့သော ခေါင်းဆောင်များအား လိုလားနေလျှင် ထိုတိုင်း ပြည်အနေဖြင့် မည်သို့မှ လူရာဝင်တိုးတက်လာမည် မဟုတ်ပေ။ တစ်တိုင်းပြည်လုံး နစ်နာရမည့် ချောက်ထဲသို့ သာ ဦးတည်နေပေသည်။
ရိုဟင်ဂျာ အရေး ပြသနာ၌ - “ရိုဟင်ဂျာ” ဟူသည့် အမည်နာမသည်လည်း ဆွေးနွေးစရာ တစ်ရပ် ဖြစ်နေသည်။ လွတ်လပ် ရေး ရပြီး မြန်မာနိုင်ငံ၌ မြန်မာတို့၏ ပထမဆုံး အစိုးရအနေဖြင့် “ရိုဟင်ဂျာ” ဟူသည့် ဝေါဟာရအား တရားဝင်လက်ခံလျှက် တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခဲ့သည်။ ၎င်းသည်ပင် မြန်မာနိုင်ငံဟု နယ် နမိတ်သတ်မှတ်စဉ် “ရိုဟင်ဂျာ- ဟူသည့် ဝေါဟာရဖြင့် လူမျိုးစု တည်ရှိနေသည့် ခိုင်လုံသော အထောက် အထားဖြစ်သည်။ လွတ်လပ်ရေး ရယူစဉ်က မရှိ ခဲ့ဘဲလျှက် နောက်နောင်မှ ၀င်လာခဲ့သော်- အငြင်းပွားနေမှုမှာ ယုတ္တိတန်လှသည်။
သူတို့အား “ဘင်္ဂလီ” ဟု သမုတ်ခေါ်ဝေါ်နေခြင်းသည် လူမျိုးတစ်မျိုးအား မတော်မတရား စွပ်စွဲနေခြင်းသာ ဖြစ်သည်။ ၎င်း တို့နှင့် စစ်တကောင်းလူမျိုးတို့ အနွယ်အားဖြင့် တူညီသော်လည်း- မြန်မာဟူသည့် လူမျိုးထဲတွင်ပင် မြန်မာ၊ ရခိုင်၊ အင်း သား၊ ကန့်ဂေါ၊ ထားဝယ် ဟူ၍ လူမျိုးစု ထပ်မံကွဲပြားနေသကဲ့သို့- ရိုဟင်ဂျာ ဟူသည် စစ်တကောင်းလူမျိုးမှ ထပ်ဆင့် ကွဲ သော လူမျိုးစု တစ်စု ဖြစ်သည်။ ဗမာမှ ရခိုင်တို့အား သီးခြားတိုင်းရင်းသား သ ဖွယ် လက်ခံနိုင်ပါလျှက် “စစ်တကောင် လူမျိုးနွယ် (၎င်းသည် ဘင်္ဂလီနှင့် လုံးဝ မတူပါ၊ -ဗမာနှင့် ရှမ်းကဲ့သို့ ဖြစ်သည်) မှ “ရိုဟင်ဂျာ”တို့အား သီးခြား လက်မခံ နိုင်ခြင်းမှာလည်း အလွန်တရာ ဗဟုသုတ လိုအပ်နေခြင်းသာ ဖြစ်ပေသည်။ စစ်တကောင်းလူမျိုးနှင့် ရိုဟင်ဂျာ လူမျိုးတို့မှာ ဘာသာစကား၊ ဓလေ့ထုံးတမ်း အရ၊ ဗမာနှင့် ရခိုင် တို့ထက် ပိုမိုကွဲပြားလျှက် ရှိနေသည်။
လူမျိုးတစ်မျိုး၏ အကြောင်းဇစ်မြစ်အား ပြည့်စုံစွာ မသိဘဲလျှက် သော်လည်းကောင်း၊ သိနေလျှက် ဖုံးဖိထား လျှက်သော် လည်းကောင်း အမျိုးသားရေးဝါဒီများ လွှမ်းမိုးသော ဓါတ်ခံဖြင့် သော်လည်းကောင်း- ကမ္ဘာ့အလည်၌ ဗြောင်လိမ်နေရသည့် ဒုက္ခမှာ သိက္ခာမဲ့လွန်း၍- ရှက်ဖွယ်လိလိပင် ဖြစ်ပေသည်။
မြန်မာ သမိုင်းဆရာများ အနေဖြင့်သော်လည်းကောင်း၊ ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် သော်လည်း ကောင်း မိမိတို့၏ သိက္ခအား မိမိတို့ ကိုယ်တိုင် ကာကွယ်စောင့်ရှောက်သင့်ပေသည်။ သို့မဟုတ် မိမိ တို့ဘက်မှ လုံးဝ မှန်ကန်သည်ဟု ယူဆလျှင်- တိကျသေချာသော အထောက်အထားများဖြင့် ကမ္ဘာ့ကုလသမဂ္ဂ သို့မဟုတ် ကမ္ဘာ့ခေါင်း ဆောင် ကိုယ်စားလှယ်များရှေ့မှောက်၌ အခိုင်အမာ နှစ်ဦးနှစ်ဘက် ဆွေးနွေးတင်ပြ ဆုံး ဖြတ်သင့်ပေသည်။
ပြည်ထောင်စု ဟူသည့် သဘောအား မကျေညက်ဘဲလျှက် ပြည်ထောင်စု တစ်ခု ထူထောင်မည်ဟု ကြွေးကြော် နေခြင်းမှာ စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်ပေသည်။ လူမျိုးတူ၊ ဘာသာတူချည်း စုနေသည့် အရပ်ဒေသအား ပြည်ထောင်စုဟု မည်သို့မျှ ခေါ်တွင်နိုင်ခြင်း မရှိပေ။
Subscribe to:
Comments (Atom)