လက်လှမ်းမှီသလောက် ရန်ကုန်မှာ ဗလီဝတ်ကျောင်းတွေကို နေရာအတိအကျနဲ့ ပထမဆုံး မြေပုံမှတ်တမ်းတင်သွားသူက ၁၈၄၆ ခုနစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့ မစ္စတာဂရန့်ပါ။ ဆရာတင်နိုင်တိုး စာအုပ် အရဆို မစ္စတာဂရန့် အလည်လာချိန်မှာ ၁၈၄၅ မှ ၁၈၄၆ အထိတာဝန်ယူခဲ့တဲ့ မြန်မာ မြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ကျော်ထင် (ဦးညို) သို့မဟုတ် ၁၈၄၆ မှ ၁၈၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ မြို့ဝန်မင်းကြီးမဟာမင်းခေါင်ရာဇသူ (ဦးထိုက်) လက်ထက် အချိန် ဖြစ်မယ်လို့ယူဆပါသည်။
သူရဲ့ ရန်ကုန်သို့ ခရီးတခေါက်စာအုပ် စာမျက်နှာ ၂၁မှာ(A little further in-land appears the plain wooden spire of the Armenian Church, not very far from which, on the same road is the Roman Catholic Church, whilst in three different parts of the town there are Mohummudan mosques, indicating that intolerance in religious matters, at least, is not amongst the faults of the Boodhists.) ရန်ကုန်ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ အာမေးနီးယန်းချပ်စ် တခု၊ရိုမန်ကက်သလစ်ချပ်စ်တခုနဲ ဗလီဝတ်ကျောင်းသုံးခုတွေ့ရကြောင်း ရေးသွားခဲ့ပါတယ်။ထို့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူ့စာအုပ်ရဲ့ နောက်ဆုံးက မြေပုံမှာ ဗလီဝတ်ကျောင်း သုံးခုရဲ့ နေရာအတိအကျ ကို ထည့်ဆွဲပေးခဲ့တာပါ။ ၎င်းမြေပုံထဲမှာပဲ တရုတ်သင်းချိုင်း၊ အင်္ဂလိပ်သင်းချိုင်းကြား ထဲမှာ မွတ်စ်လင်တွေအတွက် ကဘရ်စတန် တစ်ခုကိုပါ မြို့အပြင်မှာတွေ့ရနိုင်ပါတယ်။
.14330834_10208277601912355_381737537_n
၎င်းရန်ကုန်မြို့ဟောင်းမြေပုံနဲ့ ပတ်သက်ပြီး သတိထားမိတာ တခုက ၁၉၉၈ ခုနစ်ထုတ် ဦးအေးချို (မဟာဝိဇ္ဇာ) ရေးတဲ့ ဆူးလေစေတီသမိုင်း စာအုပ် စာမျက်နှာ ၃၂မှာ အလောင်းမင်းတရားလက်ထက်ရန်ကုန်မြို့ဆိုတဲ့ မြေပုံမှာ ဗလီတလုံးပဲ နေရာပြထားတော့ ၊ နောက်ထပ် ၂လုံးက အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ထဲမှာ နောက်ပိုင်းမှ ထပ်ဆောက်တယ်လို့ တွေးထင်မိပါ၏။
.
ဆရာကြီး ဦးမောင်ကိုဂဖါရီက ၁၉၆၀ အောက်တိုဘာလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းမှာ ရန်ကုန်မှာ ဗလီသုံးလုံးရှိခဲ့ဖူးကြောင်း၊ တခြမ်းပဲ့ဗလီ၊ လမ်း၁၃၀ ပိန္နဲကုန်းဗလီနဲ့ ဘင်ဂါလီကဘရ်စတန်ထဲက ဗလီတွေဖြစ်ကြောင်း၊ သူရဲ့ရန်ကုန်ရောက် ရှေးဦး မွတ်စ်လင် အသိုင်းအဝိုင်းဆောင်းပါးထဲမှာ ရေးထားတာလည်းဖတ်ရသည်။
.
ရန်ကုန်မြို့ဟောင်းတည်ဆောက်ပုံအရ ဆရာကြီးရေးတဲ့ ဗလီသုံးလုံးဟာ ဂရန့်စာအုပ်ထဲက ဗလီတွေထက် ပိုပြီးနောက်ကျနိုင်ဖွယ် ရှိပါသည်။
.
ထိုကြောင့် ဂရန့်ရဲ့ စာအုပ်ထဲက ဗလီဝတ်ကျောင်းတော်သုံးလုံးဟာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ ဗမာဘုရင် လက်ထက်တော်က မြေပုံနဲ့တကွ အခိုင်အမာတွေ့ရတဲ့ဗလီဝတ်ကျောင်းသုံးလုံးဖြစ်ကြောင်း ဆင်ခြင်မိပါတယ်။ စိတ်ဝင်စားသူများ အတွက်ကတော့ အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျယ်အဝန်း၊ ခန့်မှန်းခြေ လူဦးရေ နဲ့ လက်ရှိ မြို့အနေအထားအရဆို ဘယ်နေရာ လောက်မှာ တည်ရှိမည်နိုင်ဆိုတာ ဆက်လက်စူးစမ်းသင့်ပေသည်။
.
မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှ အနှံ့ မြစ်ကမ်း၊ မြစ်ဆိပ်၊မြစ်ဝတွေနဲ့ မနီးမဝေးအရပ်တွေမှာ မွတ်စ်လင်ကုန်သည်လူတန်းစားများ အေးချမ်းစွာနေထိုင်ခဲ့ကြောင်း သက်သေတည်လျက်ရှိပါ၏။
ကိုဗခင် (စင်ကာပူ)
ကူးချထားသောစာအုပ်များ
၁) ဆူးလေစေတီသမိုင်း, ဦးအေးချို (မဟာဝိဇ္ဇာ), ၁၉၉၈ ခုနစ်ထုတ်။
၂) စာမျက်နှာ ၃၁၊ မဟာရန်ကုန်ကောက်ကြောင်း၊ တင်နိုင်တိုး။
၃) The First Muslim Community of Rangoon by Mg Ko Gaffari, The Guardian Magazine, 1960 October
၎) A Rough Pencillings of a Rough Trip to Rangoon in 1846, Colesworthy Grant
Credit: Pacific Ba Thein
Tuesday, January 8, 2019
“အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”
Saturday, December 29, 2018
"မင်းနှင့်လွှတ်တော်က ဆောက်လုပ်ခွင့်ပြုခဲ့သော ဗလီဝတ်ကျောင်းတော်များ"
အစ္စလာမ်ဘာသာဟာ ခရစ်ယာန်ဘာသာထက်စောပြီး မြန်မာပြည်သို့ရောက်ခဲ့တယ်။သူတို့ကို "ပန်းသေး" " ပသီ" လို့ခေါ်ကြောင်းသိရတယ်။ပုဂံခေတ်ကျောက်စာတွေမှာ"ပန်းသိမ်" "ပဲသည်"လို့ရေးသားထားတာ တွေ့ရတဲ့အတွက် ပုဂံခေတ်ကတည်းက မွတ်စလင်မ်များ ရှိတယ်လို့ ယူဆရတယ်။ကုန်းဘောင်ခေတ်မှာ ကသည်းလူမျိုးများကို အက္ကပတ်လို့ခေါ်တယ်။မြန်မာ မွတ်စလင်မ်များကို ဇေတဗာရီလို့ခေါ်တယ်။ဇေတဗာရီ ရဲ့ အဓိပ္ပာယ်က လေအောက်နိုင်ငံ ဖြစ်တယ်။မုတ်သုန်လေအောက်ကျရောက်တဲ့ အာရှနိုင်ငံတွေကို ဆိုလိုခြင်းဖြစ်တယ်။
အေဒီ ၁၄ ရာစုမှာ မွတ်စလင်မ်များ ဝင်ရောက်ပြီး ပေါ်တူဂီများနှင့်အတူ ရခိုင်ဘုရင် မြန်မာဘုရင်ထံမှာ အမှုထမ်းတယ်။ညောင်ရမ်းခေတ် စနေမင်း လက်ထက်မှာ မွတ်စလင်မ် အမှု့ထမ်းများကို ကုလားပျိုသေနတ်အစုလို့ ဖွဲ့စည်းပြီးထားခဲ့တယ်။ကုန်းဘောင်ခေတ် အလောင်းမင်းတရားလက်ထက်မှာ မွတ်စလင်မ် စစ်မှု့ထမ်းများ ထပ်ခန့်ထားတယ်။ဘိုးတော်ဘုရားစစ်တမ်းများမှာ မွတ်စလင်မ် စစ်မှုထမ်းများကို တောင်ငူ ရမည်းသင်း မိတ္ထီလာ ညောင်ရမ်း စတဲ့ ၁၂ ရွာကို နေရာပေးထားကြောင်းသိရတယ်။
သူတို့ကို စားမြေ နေမြေ များပေးထားပြီး အခွန်လွတ်ငြိမ်းခွင့်ပေးထားတယ်။မွတ်စလင်မ်များကို ယုံကြည်စိတ်ချရလို့ ကိုယ်ရံတော်တပ်အဖြစ် နန်းတော်အရှေ့ဘက်မှာထားလေ့ရှိတယ်။ဘုရားဝတ်ပြုဖို့ဗလီကို ဘုရင်ကိုယ်တိုင်ပန္နက်ရိုက်ပေးတယ် ဗဒုံမင်းလက်ထက် ကျမ်းစာများစုဆောင်းဖို့ အိန္ဒိယကိုလွှတ်တဲ့အခါ အစ္စလာမ်ဘာသာအကျဉ်းချုပ်နဲ့ ကျမ်းပါလာလို့ ဒီကျမ်းကတစ်ဆင့် ကုရ်အာန်ကျမ်းရဲ့ အနှစ်သာရအဆီအနှစ်များကို သိရှိရတယ်။
ကုန်းဘောင်ခေတ်ဦးပိုင်းမှာ ကုရ်အာန်ကျမ်းကို မြန်မာဘာသာမပြန်ဆိုသေးလို့ အာရေဗျ ဘာသာနဲ့ပြန်ဆိုစေခဲ့တယ်။မြန်မာဘုရင်များက မွတ်စလင်မ် များကို အိန္ဒိယပြည်လွှတ်ပြီး အင်္ဂလိပ် နဲ့ အိန္ဒိယ ပဒေသရာဇ် ဆက်ဆံရေးကို စုံစမ်းထောက်လှမ်းစေခဲ့တယ်။ခုလိုစေလွှတ်ခံရတဲ့သူများထဲမှာ ထင်ရှားသူကတော့ ဦးရွှေတုတ်ဖြစ်ပါတယ်။မင်းတုန်းမင်းလက်ထက် မန္တလေးမှာ မွတ်စလင်မ် ဦးရေများလာပြီး ဗလီ ၇၀ ကျော်ရှိလာတယ်။
မွတ်စလင်မ်များဟာ အများအားဖြင့် ကုန်သည်များ ဖြစ်ကြပြီး ကျောက်မျက်ရတနာများကို နိုင်ငံခြားသို့ရောင်းချပြီး မြန်မာဘုရင်အလိုရှိတဲ့ နိုင်ငံခြားပစ္စည်းများကို ဝယ်ယူလေ့ရှိတယ်။မွတ်စလင်မ်ကုန်သည်များ ထဲမှာပဲ အကောက်ဝန် ရာဖြတ် ပွဲစားကြီးများအဖြစ် ဘုရင်က ခန့်ထားပြီး နိုင်ငံခြားသားကုန်သည်များနှင့်ကုန်ကူးသန်းရောင်းဝယ်ရေးမှာ အသုးံပြုတယ်။ကုန်သွယ်လို့ ကြွယ်ဝလာတဲ့ မွတ်စလင်များကို ဘုရင်က သူဌေးဘွဲ့ပေးပြီး အသိအမှတ်ပြုတယ်။တခါတရံ မြို့ဝန်ခန့်တယ်။မင်းတုန်းမင်းလက်ထက်မှာတော့ ဘုရင့်သင်္ဘော ကပ္ပတိန်အဖြစ် ဘုရင့်လက်နက်ရုံမှာ ယမ်းချက်တဲ့လုပ်ငန်း စီမံကွပ်ကဲတဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်စေခဲ့တယ်။ဒဂုန် ရန်ကုန် တွင် မွန်တန်ပြန် အန္တရာယ်ကို တိုက်ထုတ်အောင်မြင်ပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် အုတ်နှင့်ဆောက်သော အဆောက်အဦး ၄ ခုသာရှိကြောင်း အာပေးနီးယန်း ဘုရားရှိခိုးကျောင်းတစ်ခု ဗလီကျောင်းတော်သုးံခု ဘရင်ဂျီဘုရားရှိခိုးကျောင်းတစ်ခု ဟု ဖော်ပြထားပါသည်။ဗလီဝတ်ကျောင်းတော်များနှင့်ဘုရားရှိခိုးကျောင်းများကို အခွန်လွတ်ငြိမ်းခွင့်ရှိသည် ဟု ဖော်ပြထားသည်။
ဦးမောင်မောင်ကြီး(မန်း)ဖုန်း၀၉-၄၀၂၆၅၅၈၇၈
မြန်မာပြည်က ဦးဟာရှင် တီထွင်ခဲ့သောပထမဆုံး နိုင်ငံပိုင် လေယာဉ်ပျံ
၁၉၃၀ - ခုနှစ်က မန္တလေးမြို့ အာဠဝီလမ်းနေ
မော်တာအင်ဂျင်နီယာ ဆရာကြီး ဦးဟာရှင်မှ
စီမံပြုလုပ်ဆဲ၊ နိုင်ငံခြားမှ စက်ကိရိယာများ
မကြာမီ ရောက်လာတော့မည်။ ပြီးတဲ့အခါ
ဧရာဝတီမြစ်အတွင်း အစမ်းပျံသန်းပြမည်တဲ့။
ဒါက ၁၂၉၂ တန်ခူးလဆုတ် ၁၀ - ရက်နေ့ထုတ်
သူရိယသတင်းစာ၏ ဖော်ပြချက် မှတ်တမ်းများပါ …။
စာကြွင်း -- ထိုခေတ်က ဦးဟာရှင်တို့ အဖွဲ့ဟာ
လိုအပ်ချက်များစွာဖြင့် အောင်မြင်လုဆဲဆဲ အချိန်မှာ
ဗြိတိသျှ အစိုးရ၏ တားမြစ် ပိတ်ပင်ခြင်းခံရတယ်။
Credit ~ ရှားပါး ဓာတ်ပုံမှတ်တမ်း များ
Credit That Naing Oo
ဦးပိန်တံတား သမိုင်း
ဒီတံတားဟာ အင်မတန်လှပတဲ့ ကျွန်းသစ်နဲ့ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ ဒီတံတားကို ၁၂၁၁ ခုနှစ်မှာဆောက်လုပ်ခဲ့ပြီး ၁၂၁၃ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ဒီတံတားကို မြို့စာရေး မောင်ပိန် (ဦးပိန်)ကနေဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
အချို့က သစ်နဲ့ဆောက်တဲ့ တံတားထဲမှာ ဒီတံတားရှည်ဆုံးလို့လဲပြောကြပါတယ် ကမ္ဘာမှာ သစ်နဲ့ဆောက်ထားတဲ့တံတား ဒီထက်ရှည်တာ ရှိမရှိတော့ ကျနော်လဲ မသိပါဘူး။ ကျနော်တော့ ဒီထက်ရှည်တဲ့ တံတားမရှိလောက်ဘူးလို့ထင်တယ်။ ရှေးအကျဆုံးနဲ့ သစ်နဲ့ဆောက်ထားတဲ့ တံတားသမိုင်းကြောင်းကိုပြောရမယ်ဆိုတော့ ကျနော့်စိတ်မှာ ပီတိဖြစ်မိတယ် ဒီတံတားကို မင်္ဂလာရှိတဲ့ တံတားလို့ပြောချင်တယ် မင်္ဂလာနဲ့ စခဲ့တယ်လို့လည်းပြောချင်ပါတယ်။ ဒီတံတား ဆောက်တဲ့နှစ်မှာ ကျနော့်ရဲ့ အဖိုး ခလီဖွှာဦးချိုသည်လည်း ၁၂၁၁ ခုနှစ် အမရပူရမြို့ နဂါးရုံဘုရားမြောက်ဘက်မှာ ဖွှားမြင်ခဲ့ပါတယ်။ ဒီတော့ ဦးပိန်တံတားရယ် နဂါးရုံဘုရားရယ် ကျနော့်အဖိုး ခလီဖွှာဦးချိုရယ်က တစ်နှစ်ထဲမှာ ဖွှားတဲ့အတွက် ဒီတံတားဟာ မင်္ဂလာတံတားလို့ ပြောချင်ပါတယ်။
ဒီတံတားကို တိုင်ပေါင်း ၁၀၈၆ တိုင်ပါဝင်ပြီး ပေပေါင်း ၃၉၆၇ ပေ အခန်းပေါင်း ၄၈၂ ခန်းပါဝင်ပါတယ် (တစ်မိုင်၏ ၄ ပုံ ၃ ပုံ ရှည်လျားသည်) လူတွေနားနေဖို့အတွက် တံတားရဲ့ အစအဆုံးမှာ ဇရပ်၂လုံးပါဝင်ပြီး အလယ်မှာ ဇရပ် ၂လုံး စုစုပေါင်း ဇရပ် ၄လုံးပါဝင်ပါတယ် တံတားရဲ့တိုင်တွေဟာ အောက်ကို ကျွံကျမသွားဖို့ မြေထဲမှာ လူတစ်ရပ်ကျော်ကျော်စိုက်ထားပါတယ် လက်တစ်လံခန့် တိုင်ကိုကန့်လန့် ထိုးဖောက်ပြီး ကြက်ခြေခတ်ပုံစံ သပ်သဖွယ်ပြုလုပ်ပြီး စိုက်ထားပါတယ်။
ဒါကြောင့်လည်း ၁၂၁၁ ခုနှစ်ကဆောက်ခဲ့တာ ယခုမြန်မာသက္ကရာဇ် ၁၃၈၀ ဆိုတော့ နှစ်ပေါင်း ၁၆၉ နှစ်ရှိပါပြီ ယခုတိုင်မရိန်းမယိုင်ပဲတည်ရှိနေပါတယ် ဒီတံတားကို လှိုင်းဒဏ် လေဒဏ် ခံနိုင်ဖို့ သဘောင်္ဦးချွန်ပုံစံ ကျင်တွယ်ပုံစံ ဆောက်လုပ်ထားပါတယ်။ ရှေးခေတ်က အင်ဂျင်နီယာတွေလဲ မရှိသေးပါဘူး ခုလိုခေတ်မီနည်းပညာတွေ မရှိသေးပါဘူး မြန်မာမှု မြန်မာ့ဟန်နဲ့ ဆောက်လုပ်ပါတယ်။ ဒါဟာ မြန်မာ့ဗိသုကာ မြန်မာ့အနုပညာ လို့တင်စားရင်လဲ မမှားပါဘူး။ ခုဆိုင်ရင် နှစ်ပေါင်း ၁၆၉ နှစ်ရှိခဲ့ပါပြီ။
တက္ကသိုလ်နေဝင်း ဘာသာပြန်စာအုပ်ထဲမှာ အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့ဆိုတဲ့ စာအုပ်ထဲမှာ ဒီဦးပိန်တံတားဟာ ဘေးအကာအရံ လက်ကိုင်တန်းတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ် တံတားရဲ့ ဘေးလက်ကိုင်တန်းတွေမှာ မြန်မာမှု မြန်မာ့လက်ရာတွေနဲ့ လက်ကိုင်တန်းတွေကို လှလှပပ တပ်ဆင်ထားတယ်လို့ အဆိုရှိခဲ့ပါတယ်
သုံးပန်လှ တောင်သမန်
နွေရာသီဆိုရင် ထည်စီးဖတ်တွေနဲ့တမျိုး ဆောင်းတွင်းမှာ စိုက်ခင်းတွေနဲ့ စိမ်းစိမ်း စိုစိုတွေနဲ့တမျိုး မိုးရာသီဆိုရင် ရေတွေအပြည့် မိုးရာသီရောက်တာနဲ့ တောင်သမန်လှိုင်းဆိုတာ အင်မတန်ကြောက်စရာကောင်းပါတယ် ဝါဆို ဝါခေါင်ဆိုရင် တောင်သမန်လှိုင်းကြောင့် လှေတွေမှောက်တတ်တဲ့အတွက် တောင်သမန်လှိုင်းက တော်တော်ကြီးပါတယ်။
တံတားဆောက်ရခြင်း ဦးပိန်ရဲ့ ရည်ရွယ်ချက်
နိုင်ငံခြား သံအဖွဲ့တွေလာတဲ့အခါ နန်းတော်ရှိရာကို လာတဲ့အတွက် ရေကြီးတဲ့အခါ သူတို့သဘောင်္ကြီးတွေဟာ နန်းတော်အပေါ်စီးက ဖြစ်နေတာကို တွေ့ရပါတယ် ဒါကို ဦးပိန်က မိမိအရှင် (ရှင်ဘုရင်) အပေါ်ကလူမျိုးခြားရှိနေတာကို မလိုလားတဲ့အတွက် နိုင်ငံခြားသဘောင်္တွေ နန်းတော်အနားကို မလာနိုင်စေရန်အတွက် တံတားနဲ့ ပိတ်ကာလိုက်တာကလည်း ရည်ရွယ်ချက် တစ်ခုဖြစ်ပါတယ်။
ဒီတံတားမှာ ရှင်ဘုရင်ရဲ့ လှေတော် ဖောင်တော်များ လွယ်ကူစွာ ဖြတ်သွားနိုင်ရန်အတွက် ဖောင်ကြောင်း ၉ ခုကိုလည်း ထည့်သွင်းဆောက်လုပ်ထားပါတယ်။ တံတားကို အရှင်ထားတာပါ လှေတွေ ဖောင်တွေဖြတ်သန်း သွားမယ်ဆို ဒါကို မ ပြီးသွားလို့ရပါတယ်။ စစ်သဘောင်္ကြီးတွေ ဝင်လာလို့မရအောင် ရည်ရွယ်ချက်တစ်ခု။
တောင်သမန်က ပြည်သူများ နေပြည်တော်ကို လွယ်ကူစွာလာရောက်နိုင်ရန် ဘုရားဖူးနိုင်ရန် ကောင်းမှုပြုနိုင်ရန် ကုန်ကူးသန်းရောင်းဝယ်နိုင်ရန် အလှူဒါနများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ပါတယ်။
တံတားဆောက်ရတဲ့ ရည်ရွယ်ချက်က မိမိရဲ့အရှင်သခင်နဲ့ တိုင်းသူပြည်သားများ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။ မွတ်စလင်မ်တွေ အာဏာသိမ်းဖို့ဆိုတာ လုံးဝမဟုတ်ခဲ့ပါဘူး။ သမိုင်းကိုဖျောက်ဖျက်ခြင်သူများက သမိုင်းကိုလိမ်ရေးနေခြင်းသာဖြစ်ပါတယ်။
တချို့က မွတ်စလင်မ်ကို မကောင်းမြင်ဝါဒနဲ့ ဒီကုလားတွေ ဗုံးအိုးရွာကနေ နေပြည်တော်ကို လွယ်ကူစွာ အာဏာသိမ်းဖို့ ဒီတံတားကို ဆောက်တာလို့ မနာလို မရှုစိတ်နဲ့ သမိုင်းနာအောင်ရေးကြတဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုသမိုင်းနာအောင် ရေးကြတဲ့သူတွေဟာ ပထဝီ မြေအနေအထားကို မသိပဲရေးကြတယ်။ ဒေသန္တရ ဗဟုသုတ လည်းမရှိပဲ ရေးကြတယ်။
တကယ်တော့ ဗုံးအိုးရွာနဲ့ ဦးပိန်တံတားနဲ့ ဘာမှမဆိုင်ပါဘူး။ ဗုံးအိုးရွာကနေ မန္တလေးနန်းတော်ကို မြေလမ်းခရီးကနေ ကြိုက်တဲ့အချိန် သွားလို့ရပါတယ်။ တောင်သမန်ရွာသား အများစုဟာ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ပါတယ်။
မြန်မာလူမျိုးများရဲ့ သမိုင်း ဗိသုကာကို ယနေ့ကျနော်တို့လူငယ်တွေ တန်ဖိုးထားစေချင်ပါတယ်။
တချို့က ဘိုင်ဆပ်နဲ့ ဦးပိန်ကို လူဆိုးကြီး ဗီလိန်ကြီးတွေဖြစ်အောင် ပြောကြတယ် သူတို့ဆိုးခဲ့တာလည်း ရှိချင်ရှိမှာပေါ့ဗျာ။ ဒါပေမယ့် ဘိုင်ဆပ်နဲ့ ဦးပိန်ဟာ မိမိအရှင်သခင်အပေါ် သစ္စာစောင့်သိခဲ့ပါတယ်။
နန်းတော်တိုင် မပါသော ဦးပိန်တံတား။
တချို့က နန်းတော်အဟောင်းတွေနဲ့ ဆောက်တယ်လို့ပြောကြတယ်။ နန်းတော်တိုင်နဲ့ ဆောက်တာမဟုတ်တဲ့အကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄ မှာ ဦးပိန်သည် အများပြည်သူများကို လွယ်ကူစေရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။ သမိုင်းပညာရှင်တွေ ဆောင်းပါးပညာရှင်တွေကလည်း အများအကျိုးအတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားကြပါတယ်။
နန်းတော်တိုင်မပါကြောင်း သက်သေက နန်းတော်မှာ တိုင်ဘယ်နှစ်တိုင်ရှိသလဲ မန္တလေးနန်းတော်ထဲ သွားရောက်ရေတွက်ကြည့်လို့ရပါတယ်။ အဆောင်တွေအားလုံးရေတွက်ကြည့်လိုက်ရင် တိုင်အလုံးရေ နှစ်ရာမပြည့်ပါဘူး။
ဦးပိန်တံတားမှာ တိုင်းပေါင်းတစ်ထောင်ကျော်ရှိပါတယ်။ တိုင်အကြီးအသေးလဲ ကွာပါတယ် နန်းတော်တိုင်များဟာ လူကြီးတဖက်စာ သာသာရှိပါတယ်။ တံတားရဲ့တိုင်က တောင်ဆုပ်အရွယ်သာရှိပါတယ်။ တိုင်အမျိုးအစားရလည်း ကွာပါတယ်၊ အရေအတွက်အရလည်း ကွာပါတယ်။
မြန်မာ့ဓလေ့ ထုံးစံအရ ရှင်ဘုရင်များဟာ မိမိနေခဲ့တဲ့ မြေနေရာကို သူများနင်းမှာ မကြိုက်တဲ့အတွက် အိမ်တော်ရာ ဘုရားဆိုပြီး တည်ထားကိုးကွယ်ခဲ့ပါတယ်။ မန္တလေးမြို့ အိမ်တော်ရာ ဘုရားသည် ပုဂံမင်းနေခဲ့တဲ့နေရာ ဖြစ်ပါတယ်။
နန်းရဲ့ ဓလေ့ထုံးစံအရ ရှင်ဘုရင်တွေဟာ မိမိတို့နေတဲ့ နန်းအဆောင်များကို သူများနင်းတဲ့ တံတားဆောက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
ဦးပိန်ဟာ သူ့ရဲ့ရာထူးနဲ့ သစ်တောကို ခုတ်ခွင့်ရသူပါ မြန်မာနိုင်ငံမှာ သစ်တွေအလွန်ပေါတဲ့အတွက် အသစ်တွေနဲ့သာ ဆောက်လုပ်ခဲ့တာဖြစ်ကြောင်း ဗြိတိသျှသံအမတ် မေဂျာဟင်နရီ ရေးတဲ့စာအုပ်မှာ ပါရှိပါတယ်။ ဒီတံတားတိုင်တွေထဲမှာ နန်းတော်တိုင်များ ပါခဲ့ရင်လည်း ဦးပိန်သည် အများပြည်သူ အကျိုးရှိစေရန် ဆောက်လုပ်ခဲ့တာ ဖြစ်တဲ့အတွက် သူ့ရဲ့ကောင်းသော ရည်ရွယ်ချက်ကြောင့် ဦးပိန်ကိုကျေးဇူး မမေ့သင့်ပါဘူး။ မြန်မာလူမျိုးများသည် ကျေးဇူးသိတတ်တဲ့ လူမျိုးဖြစ်ပါတယ်။ ကျေးဇူးသိတတ်တဲ့ မြန်မာတွေပါ။
ဦးပိန် ဆိုးတယ် မဆိုးဘူး ကျနော်မပြောလိုဘူး။ ဒီတံတားသည် ဦးပိန်ဆောက်ခဲ့လို့ ဦးပိန်တံတား။ ဦးပိန်တံတားသည် မြန်မာ့မှု မြန်မာ့လက်ရာ မြန်မာ့ရှေးဟောင်းအမွေအနှစ် ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့လာကြတဲ့နေရာ အပန်းဖြေတဲ့နေရာ မြန်မာ့ဂုဏ်ကျက်သရေဆောင် ဒီသမိုင်းအမွေအနှစ်ကို ကျနော်တို့မြန်မာနိုင်ငံသား အားလုံးက ထိန်းသိမ်းကြရမှာပါ။
ဒီဦးပိန်တံတားကြီးဟာ ဒုတိယကမ္ဘာစစ်တွင်း ပျက်စီးခဲ့တုန်းက အမတ်ဦးဘသီက ဦးဆောင်ပြီး အများပြည်သူနဲ့အတူ ပြင်ဆင်ခဲ့ပါသေးတယ်။ ၁၉၇၃ ခုနှစ် ရေးကြီးရေလျံတုန်းကလည်း အခန်းပေါင်း ၈၀ ကျော်ပျက်စီးခဲ့ပါသေးတယ် အဲဒိတုန်းက အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဦးဆောင်ပြီး အများပြည်သူနဲ့အတူ ပြန်လည်ပြင်ဆင်ခဲ့ပါသေးတယ်။ တံတားကိုပြုပြင်ခဲ့တုန်းကလည်း ဘာသာပေါင်းစုံ ပါဝင်ခဲ့တဲ့အတွက် မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှု ပြယုတ်ကို မြန်မာနိုင်ငံသားအားလုံးက ဘာသာလူမျိုးမခွဲခြားပဲ သမိုင်းကိုဆက်လက်ထိန်းသိမ်းဖို့လိုပါတယ်။
မြန်မာ့သမိုင်းကို မထိန်းသိမ်း မစောင့်ရှောက်ဘူးဆိုရင် သမိုင်းရဲ့တရားခံဖြစ်ပါလိမ့်မယ်။
လူမျိုလို့ လူမျိုးမပျောက်ပါဘူး သမိုင်းပျောက်မှ ဇာတိပျောက်မှ လူမျိုးပျောက်မှာဖြစ်ပါတယ်။
သမိုင်းကိုဖျောက်ဖျက်သောသူများ မဖြစ်စေပဲ သမိုင်းကိုပြုစုသောသူ ယဉ်ကျေးမှုကို ထိန်းသိမ်းသောသူများ အဖြစ်နဲ့ အမြဲတမ်းကျနော်တို့ ရပ်တည်သွားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ရှေးယခင်ကလည်း သမိုင်းကိုမထိန်းခဲ့ကြလို့ လူမျိုးပျောက်သွားခဲ့ကြတဲ့ သမိုင်းတွေလဲ ရှိပါတယ်။
ဒီသမိုင်းတစ်ခုတည်း မဟုတ်ပါဘူး ကျန်တဲ့ မြန်မာနိုင်ငံအတွင်းရှိ သမိုင်းများကိုလည်း ကျနော်တို့ မြန်မာနိုင်ငံသား အားလုံးက ဆက်လက်ထိန်းသိမ်းဖို့ လိုပါတယ်။
ဒီတံတားကိုလည်း ဘာသာပေါင်းစုံက ထိန်းသိမ်းခဲ့လို့ ခုလိုကမ္ဘာအံ့ဖွယ်ထဲမှာ ထင်ရှားကျော်ကြားနေခြင်းဖြစ်ပါတယ် ခင်ဗျာ။
ခလီဖွှာ ဦးသိန်းဝင်းအောင် K.A.F.T.G ဃရာနာ
ကျမ်းကိုး
၁။ မောင်သန်းဆွေ (ထားဝယ်) ထီးဓလေ့၊ နန်းဓလေ့။
၂။ အရှင်ဇနကာဘိဝံသ၏ ဘဝလမ်းညွှန် နာမည်ကျော် ဦးပိန်တံတား။
၃။ ဦးမောင်မောင်ကြီး (မန်း) သေနင်္ဂဗျူဟာမှူး မြို့ဝန်မင်းဘိုင်ဆပ်။
၎။ အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟသာင်္)။
၅။ 2015 ဇွန်လထုတ် ရွှေအမြုတေမဂ္ဂဇင်း။
၆။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄။
Thursday, December 27, 2018
တာမွေကဘရ်စတန် (သင်္ချိင်း) ၏ယနေ့ထိပိုင်ဆိုင်နေသော မြန်မာနိုင်ငံသား သူဌေးကြီး ME Mullah အကြောင်း တစ်စိတ်တပိုင်း
စူရတီပလီ့ဒကာ မူလ္လာအစ္စမန်အင် '
အမရပူရနေပြည်တော်တွင် သာယာဝတီထီးနန်းစိုးစံနေစဉ် အိန္ဒိယနိုင်ငံစူရတ်မြို့မှ အမရပူရမြို့သို့ကူးသန်းရောင်းဝယ်ရန်အတွက် ညီနောင် ၄ ဦးရောက်ရှိလာကြရာ
၎င်း ညီနောင် ၄ ဦး မှာ
မူလ္လာ ဟာရှင်
မူလ္လာ ကာစင်
မူလ္လာ အီဘရာဟင်
မူလ္လာ မာမက်တို့ဖြစ်ကြတယ်
၎င်း ညီနောင်၎ ဦးက သာယာဝတီမင်းထံသို့ ပိုးဖဲကတ္တီပါ နှင့် နန်းသုံးပစ္စည်းတွေဆက်သွင်းရတဲ့အသုံးတော်ခံတွေဖြစ်ကြတယ်
ညီနောင် ၄ ဦးအနက် မူလ္လာအီဘရာဟင်က ပိုမိုတတ်ကျွမ်းနားလည်တဲ့အတွက် သာယာဝတီမင်းက အကောက်ဝန် အခွန်ဝန် ရာထူးများကိုချီးမြှင့်မြှောက်စားခဲ့ပါတယ်
အကောက်ဝန်ရာထူးများချီးမြှင့်မြှောက်စားခဲ့ပြီးနောက်မူလ္လာအီဘရာဟင်ကို နန်းတွင်းအပျိုတော် ခင်စံပယ်နဲ့ထိမ်းမြားပေးခဲ့ပြီးနောက် သား ၄ ဦးဖွားမြင်ခဲ့ပါတယ်
မူလ္လာအစ္စမန်အင်
မူလ္လာဟူစိန်
မူလ္လာ မာမွတ်
မူလ္လာ အာရစ် တို့ဖြစ်ကြတယ်
သားအကြီးဆုံးဖြစ်တဲ့ မူလ္လာအစ္စမန်အင်ကို သာယာဝတီမင်းလက်ထက် ၁၈၃၉ ဂျူ လိုင် ၂၁ ရက်နေ့မှာ အမရပူရမြို့ မန်ကျည်းပင်ဈေးရပ်မှာမွေးဖွားခဲ့ပါတယ်
သာယာဝတီမင်းနတ်ရွာစံပြီးနောက် သားတော်တွေဖြစ်တဲ့ပုဂံမင်းနဲ့မင်းတုန်းမင်းတို့လက်ထက်တွေမှာလဲ မူလ္လာအီဘရာဟင် ကဆက်လက်အမှုထမ်းခဲ့ပါတယ်
မင်းတုန်းမင်းလက်ထက်မန္တလေးမြို့သစ်နန်းသစ်တည်ပြီးနောက် မူလ္လာအီဘရာဟင်အား ယခု ၈၃ လမ်းကူးသန်းရောင်းဝယ်ရေးကျောင်းနေရာ ယခင် မူလ္လာဝန်မင်းကြီးဝင်းအား နေထိုင်ရန် ချီးမြှင့်ခဲ့ပါတယ်
မူလ္လာအီဘရာဟင်က မင်းတုန်းမင်း လက်ထက် အသက် ၆၄ နှစ်အရွယ်မှာကွယ်လွန်ခဲ့ရာ သူ့ရဲ့နေရာတွင် သားကြီးဖြစ်သူ မူလ္လာအစ္စမန်အင်အား ဆက်လက်အမှုတော်ထမ်းရွက်စေခဲ့ရာ တာဝန်ကျေပြွန်စွာ တတ်သိနားလည်ကျွမ်းကျင်လိမ္မာသည့်အတွက် ကုလားဝန်မင်းခန့်အပ်ပြီး သူဌေးတို့၏ အစီးအနင်းအဆောင်အယောင် နှင့်တကွ မဟာဘောဂဓနရာဇာဘွဲ့နှင့် သူကောင်းပြုခြင်းခံခဲ့ရပါတယ်
မူလ္လာအစ္စမန်အင် တွင် ဒေါ်လှမင်း နှင့် ဒေါ်ဒေါ်သိုက် ဇနီးနှစ်ယောက်ရှိခဲ့ပြီး မွေးဖွားခဲ့သောသားသမီးများမှာ
ဘိလပ်မောင်မောင်
ခင်လေးကြီး
မောင်မောင်ဘ
ရေနံချောင်းခင်လေးငယ်
မောင်မောင်လတ်
မူလ္လာမောင်မောင် တို့ကိုဖြစ်ကြတယ်
မင်းတုန်းမင်းက မန္တလေးဈေးချိုသစ်ကြီးဆောက်လုပ်ပြီးစီးသောအခါ မူလ္လာအစ္စမန်အင်အား အကောက်စားစေခဲ့သောကြောင့် အရင်တုန်းက မန္တလေးဈေးချိုအား ကုလားဝန်မင်းဈေး မူလ္လာအစ္စမန်အင်ဈေးလို့လဲခေါ်ခဲ့ကြပါတယ်
ဈေးချိုနားမှာပဲမူလ္လာအစ္စမန်အင်က သူရဲ့ကုသိုလ်ကောင်းမှု စူရတီပလီကြီးကို မန္တလေးမြို့တည်တဲ့နှစ် ၁၈၅၉ မှာ မြန်မာမှုလက်ရာ ကျွန်းသားပလီကြီးအဖြစ်ဆောက်လုပ်လှူ ဒါန်းခဲ့ပါတယ်
မင်းတုန်းမင်းနတ်ရွာစံပြီးသားတော်သီပေါမင်းလက်ထက်မှာလဲ မူလ္လာအစ္စမန်အင်အား ဆက်လက်ချီးမြှင့်မြှောက်စားခဲ့ရာ မြန်မာသက္ကရာဇ် ၁၂၄၄ သီတင်းကျွတ်လဆန်း ၁၄ ရက်တွင်ပြန်တမ်းထုတိပြန်ခဲ့ပါတယ်
၎င်းပြန်တမ်းအရ မူလ္လာအစ္စမန်အား အကောက်ဝန် အခွန်ဝန် ကျောက်ရဲမြို့စား လောကဗိမာန်လှေတော်အုပ် မဟာဘောဂဓနရာဇာဘွဲ့ မင်းလှစည်သူဘွဲ့များကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်
ကျောက်ရဲမြို့မှာ ရေနံချောင်းမြို့အထက် ၇ မိုင်တွင်ရှိ၍ ရေနံထွက်ရှိပြီး သဘောင်္ဆိပ်မြို့လဲဖြစ်ခဲ့ပါတယ် မူလ္လာအစ္စမန်အင်မှာ ရေနံချောင်းမြို့တွင် ရေနံတွင်း ၁၀၀ ခန့်နှင့် ကျောက်ဆည်ခရိုင်အတွင်း လယ်ဧက ၅၀၀ ကျော်ခန့်ပိုင်ဆိုင်သူဖြစ်ပါတယ်
ယခု ဧရာဝတီရုံးနေရာ ၈၃ လမ်း ကူးသန်းရောင်းဝယ်ရေးကျောင်းနေရာနှင့် ဈေးချိုမြောက်ဘက်တိုက်တန်းကြီးမြေနေရာများမှာလည်း မူလ္လာအစ္စမန်အင်ပိုင်ဆိုင်ခဲ့သောနေရာများဖြစ်တယ်
သီပေါမင်းက မူလ္လာအစ္စမန်အင်အား ရာထူးများတိုးမြှင့်မြှောက်စားခဲ့ရာ ဈေးချိုခွန် ရေနံခွန် အောက်စုန်ခွန် ရတနာပုံအကောက်ခွန် ငပိရိုင်းခွန်များကို အကောက်စားစေပြီး ဘုရင့်ထံ အခွန်သေဆက်သွင်းခဲ့ရပါတယ်
သီပေါမင်းရဲ့မိဖုရားခေါင်ကြီးမြတောင်စုဖုရားလတ်က မြတောင်ကျောင်းတိုက်ကြီးဆောက်လုပ်နေတဲ့တစ်ချိန်ထဲမှာပဲ မူလ္လာအစ္စမန်အင်က ဒေးဝန်းအရပ် ကိုးလုံးတကာရဲ့တောင်ဘက်မှာလည်း ထင်ရှားကျော်ကြားလှတဲ့ အကောက်ဝန်မင်းကျောင်းတိုက်ကြီးကို ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးများအတွက် တစ်ဦးတည်းဆောက်လုပ်လှူ ဒါန်း ခဲ့ပါတယ်
ဒါ့အပြင် မော်လမြိုင်မြို့မှာလဲ စူရတီပလီနှင့် သချို င်္င်းမြေနေရာ ကိုလည်းလှူ ဒါန်းခဲ့ပါတယ် သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရ လက်ထက်မှာလည်း ခနှ်ဟာဒူး ဘွဲ့ကို ချီးမြှင့်ခံခဲ့ရပါတယ်
ခရစ်နှစ် ၁၈၈၈ မှာ မန္တလေးစူရတီပလီ ကို မူလ ကျွန်းသားပလီအဖြစ်မှ အခုလက်ရှိ အုတ်ကျောင်းပလီအဖြစ် ဆောက်လုပ်လှူ ဒါန်းခဲ့ပါတယ်
နာမည်ကောင်းများစွာနဲ့မင်းအဆက်ဆက်ချီးမြှင့်မြှောက်စားခံရပြီး ကိုယ့် ဘာသာအတွက်သာမက ဗုဒ္ဓဘာသာအတွက်ပါ များစွာသော ကုသိုလ်ကောင်းမှုတွေလုပ်ဆောင်ပေးခဲ့တဲ့ အခွန်ဝန် အကောက်ဝန် ကျောက်ရဲမြို့စား လောကဗိမာန်လှေတော်အုပ် မဟာဘောဂဓနရာဇာဘွဲ့ မင်းလှစည်သူဘွဲ့ ခန်ဗဟာဒူးဘွဲ့များ ခံ စူရတီပလီနှင့် အကောက်ဝန်မင်းကျောင်းတိုက်ဒကာ မူလ္လာ အစ္စမန်အင်သည် ၁၉၀၅ နိုဝင်ဘာ ၂၇ ရက် အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ရာ ၎င်း ၏ ကောင်းမှုကုသိုလ် စူရတီပလီဝင်းအတွင်းတွင် မြှု ပ်နှံ သဂြို ဟ် ထား၍ ယခုထက်တိုင်တွေ့မြင်နိုင်ပါသေးကြောင်းနှင့် မန္တလေးသူမန္တလေးသားများ၏ ကောင်းမှုကုသိုလ်များထဲတွင် သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်
Hj ထက်နောင်ဦး
ကိုးကား ( ရွှေဘိုဦးဘဦး ရွှေမန်းနှစ်တစ်ရာပြည့်မြန်မာမွတ်စလင်တို့၏ အတ္ထု ပတ္တိ ).
မြို့နယ်အစ္စလာမ်သာသနာရေးရာ ကောင်စီ
ချမ်းအေးသာဇံမြို့နယ် ၊မန္တလေးမြို့ ၏ဖေါ်ပြချက်အား ကူးယူတင်ပြအပ်ပါသည်