Sunday, December 2, 2018

ခေတ်ရှေ့ပြေးခဲ့ပြီး ဂေဟစနစ်နဲ့လျော်ညီတဲ့စိုက်ပျိုးမှုနည်းလမ်းတွေဟာ မွတ်စလင်မ်တွေ စတင်ခဲ့ခြင်းဖြစ်။

ထယ်ထိုးတာ၊ မြောင်းဖော်တာ၊ ထွန်ချတာတွေနဲ့ လယ်မြေတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတာ အသေးစိတ်ဖော်ပြထားတဲ့ စာအုပ်တွေကိုလည်း ရေးသား ခဲ့ကြပါတယ်။ မြေဆီနဲ့ ရေကို အရည်အသွေးအလိုက် အဆင့်ခွဲတာတွေကိုလည်း မွတ်စလင်လယ်သမားတွေက စတင်ခဲ့တာဖြစ်ပါတယ်။ တော်လေဒိုဒေသ အုပ်ချုပ်ရေးမှူးရဲ့ ဥယျာဉ်မှူး အစ်ဗနေ့ ဘာဆဲလ် (Ibn Bssal) ဟာ ၁၀၈၅ ခုနှစ်မှာ Book of Agriculture (စိုက်ပျိုးရေးဆိုင်ရာကျမ်း) ကို ရေးသားခဲ့ပါတယ်။

ဆီးဗီးလားက ၁၂ ရာစု ရုက္ခဗေဒပရှင် အစ်ဗနေ့ အလ်-အောင်ဝမ် (Ibn al-Awwam) က ဂရိ၊ အီဂျစ်နဲ့ ပါရှန်ပညာရှင်တွေ အရင်က လေ့လာဖော်ထုတ်မှုတွေကို စုစည်းကာ ကဏ္ဍပေါင်း ၃၄ ခုပါတဲ့ စိုက်ပျိုးရေးကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပါတယ်။ အပင်တွေအကြောင်းအပြင် ဒီစာအုပ်မှာ တရိစ္ဆာန်မွေးမြူခြင်းဆိုင်ရာ နည်းလမ်းတွေ၊ လယ်သမားတွေအတွက် အဖိုးတန်အကြံပြုချက်တွေလည်း ပါဝင်ပါတယ်။ အပင်ပေါင်း ၅၈၅ ခုအကြောင်း ဖော်ပြထားရာမှာ သီးပင်စားပင်ပေါင်း ၅၀ ပါဝင်ပြီး ကိုင်းကူးကိုင်းဆက်နည်း၊ မြေဆီပြုပြင်မှု၊ သဘာဝမြေသြဇာ အသုံးပြုမှု၊ အပင်ဖျက်ပိုးအကြောင်းနဲ့ နှိမ်နှင်းမှုနည်းလမ်းတွေ၊ ခြံစိုက်နည်း၊ ရေးပေးနည်း၊ ပျိုးထောင်နည်းတွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။
အလ်-အောင်ဝမ်ရဲ့ ဒီစာအုပ်ာဟာ လယ်သမားတွေရဲ့ လက်စွဲစာအုပ်ဖြစ်ခဲ့ပြီး ၁၈ ရာစုအဆုံးပိုင်းနဲ့ ၁၉ ရာစု အလယ်ပိုင်းအထိ ပြင်သစ်၊ စပိန်ဘာသာစကားတွေနဲ့ အကြိမ်ကြိမ် ရိုပ်နှိပ်ထုတ်ဝေခဲ့ရပါတယ်။

သက္ကရာဇ် ၉၆၁ ခုနှစ် ကော်ဒိုဘာမှာ တော်တော်လေးကိုတိကျတဲ့ လယ်သမားသုံး ပြက္ခဒိန်တစ်ခု ပေါ်ထွက်ခဲ့ပါတယ်။ တစ်လချင်းစီမှာ လယ်သမားတွေ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ သီးနှံစိုက်ပျိုးရမယ့် အချိန်တွေ၊ ဂေဟစနစ်ပြောင်းလဲမှုတွေကို ဒီပြက္ခဒိန်မှာ အပြည့်အစုံ ထည့်သွင်းထားပါတယ်။

အလယ်ခေတ် မွတ်စလင် စိုက်ပျိုးရေးပညာရှင်ကြီးတွေဟာ သူတို့ရဲ့ ပညာရပ်တွေကို အိတ်သွန်ဖာမှောက် မျှဝေခဲ့ကြပါတယ်။
မွတ်စလင် စိုက်ပျိုးရေးပညာရှင်ကြီးတွေဟာ အပင်ဖျက်ပိုးမွှား နှိမ်နှင်းမှု၊ ပေါင်းသင်မှု၊ ရိတ်သိမ်းမှုနဲ့ သိုလှောင်သိမ်းဆည်းမှု နည်းလမ်းတွေကိုလည်း လေ့လာဖော်ထုတ်ခဲ့ပါတယ်။ ဆန်ကို ပုံစံအမျိုးမျိုး ချက်ပြုတ်မှုနဲ့ပတ်သက်ပြီး အစ်ဗနေ့ အလ်-အောင်ဝမ်ဟာ ထောပတ်၊ အုန်းဆီ၊ နို့တွေနဲ့ ချက်ပြုတ်စားသောက်တာဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုခဲ့ပါတယ်။ အလ်မိုဟဒ်မင်းဆက် (Almohad) လက်ထက်မှာ အမည်မသိ စာရေးဆရာတစ်ဦးဟာ Cookery Book of Maghrib and Andalusia (မဂ်ရစ်ဘ်နှင့် အန်ဒါလူစီယာမှ ချက်နည်းပြုတ်နည်း) ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး  အရသာရှိကာ လူကြိုက်များတဲ့ ဆန်မုန့် ၅ မျိုး အပါဝင် ချက်နည်းပြုတ်နည်း တော်တော်များများ ပါဝင်ပါတယ်။

လယ်ယာစိုက်ပျိုးရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက မြေဆီသြဇာ မျှတဖို့ဖြစ်ပါတယ်။ ဒီ နည်းလမ်းကို စိတ်ဝင်တစားနဲ့ သေသေချာချာ လေ့လာဖော်ထုတ်နေကြပေမယ့် လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကထက် များများစားစား ခြားနားသွားတာမျိုး မရှိပါဘူး။ အလယ်ခေတ် မွတ်စလင်တွေဟာ သဘာဝမြေသြဇာအတွက် ခိုချေးတွေကို အသုံးပြုပြီး ဒီကနေ့ခေတ် အသုံးအနှုန်းအရတော့ သဘာပတ်ဝန်းကျင်နဲ့ မျှတဆီလျော်ပြီး အော်ဂဲနစ်စစ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

အီရန်နိုင်ငံတစ်ဝှမ်းမှာ ခိုတွေနားနေဖို့အတွက် ရွှံ့နဲ့ ဆောက်လုပ်ထားတဲ့ မျှော်စင်ကြီးတွေ အမြောက်အများရှိပြီး ဒီမျှော်စင်တွေမှာ ခိုအိမ်လေးတွေကို ဖန်တီးပေးထားပါတယ်။ ၁၈ မီတာကနေ ၂၁မီတာ (ပေ ၆၀ မှ ၇၀) အထိ မြင့်စွင့်ပြီး သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်တဲ့ ခိုမစင်တွေကို ရယူဖို့၊ ခိုတွေ သားပေါက်စေဖို့ ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီမျှော်စင်တွေကို တစ်နှစ်တစ်ခါ သန့်ရှင်းလေ့ရှိပြီး ရရှိတဲ့ခိုချေးတွေကို အနီးအနားက လယ်ယာတွေမှာ မြေသြဇာအဖြစ် အသုံးပြုပါတယ်။ တစ်ချိန်က အီရန်နိုင်ငံ အစ္စဖာဟန်မြို့အပြင်ဖက်မှာ ဒီလို မျှော်စင်ပေါင်း ၃၀၀၀ လောက်ရှိတယ်လို့ ပြောစမတ်ရှိပါတယ်။

(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

Credit: Pacific Ba Thein


No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)