Sunday, March 25, 2012

ဘာသာခြားများ မေးခွန်းအတွက် အဖြေများ (၃)

၁။ တမန်တော်မွတ်ဟာမက်က ဘာလို့ မိန်းမအများကြီး ယူခဲ့တာလဲ။ သူက သာမန်ယောက်ျား ၃၀ စာ အားရှိတယ်ဆို။
(၁) ယောက်ျားကောင်း မောင်းမတစ်ထောင် ဆိုတာ အရပ်ထဲက စကားပါ။ ဒါပေမယ့် သာမန်လူထက် ထူးတဲ့လူတစ်ဦးမှာတော့ အခြားသာမန်လူများထက် ထူးခြားမှုတွေ ရှိနေမှာပေါ့။ ဒါက သဘာဝပဲ။ ကိုယ်တော်မုဟမ္မဒ် မိန်းမတွေ အများကြီး ယူခဲ့တယ်- ဆိုတဲ့ သမိုင်းက အဓိကကျမ်း ကုရ်အံမှာ မပါဘူးဗျ။ သမိုင်းဆရာများက ပြောဆိုနေတာပါ။ ပြသနာက အဲ့ဒီ လောက်မိန်းမတွေနဲ့ ဆက်စပ်တဲ့ သားသမီး တစ်ဦးတစ်ယောက်မှ မရှိတာပဲ။ ဒီတော့ မိန်းမယူခဲ့တယ်ဆိုတာ တိကျတဲ့ အထောက်အထား မဟုတ်ဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့
(က) ကိုယ်တော်မုဟမ္မဒ်က အမြုံမဟုတ်ဘူး- အကြင်ယာတော် ဘီဘီ ခတီဂျာနဲ့ သားသမီးတွေ ရှိခဲ့တယ်။
(ခ) ဘီဘီခတီဂျာ ကွယ်လွန်ပြီး နောက်ပိုင်းမှာ မိန်းမတွေ ရှိခဲ့တယ် ဆိုတဲ့ သမိုင်းတွေကို ရေးကြပေမယ့်- အဲ့ဒီအမျိုးသမီးတွေမှာ အရင်အိမ်ထောက်ဘက်နဲ့ ကလေးရှိတဲ့ အမျိုးသမီးတွေ ပါတယ်။ ဒီတော့ အဲ့ဒီ အမျိုးသမီးတွေဟာလည်း အမြုံတွေ မဟုတ်ဘူး။ အရပ်စကားနဲ့ ပြောတဲ့ အိမ်ထောင်ဘက်မျိုးဆိုရင် ကလေးက တစ်ဦးမဟုတ် တစ်ဦးတော့ ရမှာပဲပေါ့။
(ဂ) မွတ်စလင်တွေက မိန်းမအများကိစ္စကို အပြစ်လို့ မယူဆဘူး- ပြီးတော့ ကိုယ်တော်မုဟမ္မဒ် မျိုးရိုးဆိုရင် အင်မတန် တန်ဘိုး ထားတယ်- ဒါကြောင့် ကိုယ်တော်ဟာ အဆိုပါ မိန်းများနဲ့ တစ်ကယ် အရပ်ကနားလည်တဲ့ လင်မယားများ ဖြစ်ခဲ့ရင် ကလေးရမယ်- အဲ့ဒီကလေးကိုလည်း မွတ်စလင် တွေက ဂုဏ်သိက္ခာအတွက် သမိုင်းဖျောက်ပစ်စရာ အကြောင်းမရှိဘူး။ တန်ဘိုးထား ဂုဏ်ယူ မှာ ဖြစ်တယ်။

ဒီတော့ တစ်ကယ်တမ်း မိန်းမအဖြစ်ယူခဲ့ပုံကို ပြန်သုံးသပ်ရင်- islammyanmar.com ဆိုက်ထဲက စာအုပ်စင်၊ အဲ့ဒီမှာ ကိုယ်တော်မုဟမ္မဒ်၏ အိမ်ထောင်ရေးဘ၀ ဆိုတာလေးကို ဖတ်ကြည့်ပါ။ 

(၂) မိန်းမ အများတစ်ကယ် ယူခဲ့ရင်ကော ဘာဖြစ်သလဲ။ လူတစ်ယောက်ဟာ “ဘုရား” ဖြစ်ဘို့ရာ အင်မတန် ကိလေသာ ကင်းစင် ရမယ်- ဆိုပြီး “မိန်းမလျှာ ပုံသွင်း ကိလေသာ ကင်းစင်” မှုကို အနောက်အုပ်စုက ဖြန့်ချီတာပါ။ အဲ့ဒီ ၀ါဒမှိုင်း ၀င်သွားတော့ လူတွေက အမှန်ကို ဖုံးကွယ်တော့တယ်။- အမှန်ကတော့ဗျာ- ယေရှုလည်း မိန်းမနဲ့ ကလေးနဲ့ပဲ- မိန်းမက ပြည့်တန်ဆာမ လို့တောင် အတိအကျ ဖေါ်ထုတ်သေးတယ်။ ကိုယ်တော်ဂေါတမလည်း မိန်းမတွေနဲ့ပဲ။ သားတော်ရာဟုလာကို မွေးပြီး တောထွက်ခဲ့တာ- အဲ့ဒီနောက်ပိုင်း မိန်းမနဲ့ မနေတော့ဘူး ဘာညာ မပြောနဲ့နော်-၊ ရာဟုလာထက် အငယ် သမီးတွေ ရှိနေသေးတယ်။ ပိဋကတ်မှာကို အတိအကျပါတာပဲ- ဖုံးထားတာကိုး။ ဒါတွေက လူတစ်ဦးရဲ့ personal rights တွေပါ။ သူမိန်းမယူတာ- အခြားဘယ်သူ့ကိုမှ ထိခိုက်စော်ကားတာမှ မဟုတ်ဘဲ။ သူကလည်း သဘောတူတယ်၊ အမျိုးသမီး ကလည်း သဘောတူတယ်၊ အခြားသော ယူပြီးသား အမျိုးသမီးများကလည်း သဘောတူတယ်- ဆိုရင် အပြင်လူများက ဘာများ မနာလို ဖြစ်စရာ ရှိလို့လဲ။

၂။ မွတ်ဟာမက်က ဘာလို့နောက်ဆုံးတမန်တော်ဖြစ်ရတာလဲ။
အာရ်ဗီစကားလုံး (ခတားန်မ်) ဆိုတာ အချုပ်၊ အထွဋ်အခေါင်၊ နောက်ဆုံး (စီရင်နိုင်သူ) ဆိုတဲ့ အဓိပ္ပါယ်ကို ပေးပါ တယ်။ နောက်ဆုံး ဆိုတဲ့ အဓိပ္ပါယ်က သူ့ခေတ်မှာ သူ့အထက်က အခြားသူ မရှိ ဆိုတာမျိုးကို နားလည်ပါ။ အဲ့ဒီ ဂုဏ်ပုဒ်ကို ဘာကြောင့် ပိုင်ဆိုင်သလဲ ဆိုတော့--၊ (၁) ကမ္ဘာမှာ ပွင့်ခဲ့တဲ့ ဉာဏ်စဉ်ဆောင်များကို ပြန်ကြည့်ပါ။- သူတို့ရဲ့ ဉာဏ်သိ ဓမ္မများကို သူတို့ရှေ့မှောက် ခိုင်မာအောင် မှတ်တမ်းမတင်နိုင်ခဲ့ဘူး။ (မတင်နိုင်ခဲ့ဘူး ဆိုတာထက်- တင်ဘို့ မလိုအပ်သေး လို့ မတင်ခဲ့ဘူး)၊ တိုင်းပြည်တစ်ခုအတွက် ဖွဲ့စည်းပုံ constitution ရေးသလိုပဲ။ မူကြမ်းအဆင့်များသာ ရေးသွားခဲ့တယ်။ ကိုယ်တော်မောရှေ-လည်း ဒီလိုပဲ။ ကိုယ်တော် ဂေါတမလည်း ဒီအတိုင်းပဲ။ ကိုယ်တော်ယေရှုလည်း အလားတူပဲ။ သူတို့ လက်ထက်များမှာ သူ့တို့ပတ်ဝန်းကျင် အလျှောက် တရားဓမ္မများနဲ့ လူတွေကို ပြသွားပေမယ့်- သူတို့မျက်မှောက် ခိုင်မာတဲ့ လူ့လမ်းညွှန်ကျမ်းကို မပြုခဲ့ဘူး။ သူတို့ ကိုယ်တိုင်ကလည်း သူတို့ဟာ နောက်ဆုံးပါလို့ အာမမခံခဲ့ဘူး။

(၂) ကိုယ်တော်မုဟမ္မဒ်က “မင်းတို့မျှော်လင့်နေတဲ့ နောက်ဆုံးတစ်ပါးဟာ ငါပဲ လို့ တရားဝင်ကြေငြာတယ်။” လူသား အတွက် လမ်းညွှန်ကျမ်းကို ခိုင်မာအောင် ပြုစုခဲ့တယ်။ အဲ့ဒီ ကျမ်းဟာ သူ့ရဲ့ လူသားအတွေးအခေါ်နဲ့ ပြောဆိုခြင်း မဟုတ်ကြောင်း သဗ္ဗညု ဉာဏ်စဉ်နဲ့ သိမြင် ရွတ်အံပေးတဲ့ ကျမ်းဖြစ်ကြောင်း အာမခံသလို-၊ စိန်ခေါ်မှုလည်း ရှိတယ်။ ကုရ်အံကျမ်း တော်က “ဟိုတစ်မျိုး ဒီတစ်မျိုး မညီမညွတ်တဲ့ ကျမ်းမဟုတ်ဘူးလို့ အာမခံတယ်။” တစ်ကယ်လို့ ဒီကျမ်းဟာ အတုအယောင်လို့ မင်းတို့ ယိုးစွပ်မယ် ဆိုရင်- ဒီကျမ်းတော်အလား- (အာယတ်) ခေါ် တန်ခိုးအင်အားကြီးတဲ့ သက်သေခံ ချက်- သုတ်တော် တစ်ပါးလောက် စီရင်ပြုစု ကြည့်လိုက်ပါတဲ့။ မင်းတို့အနေနဲ့ ရှေ့ယခင်ကလည်း အဲ့လို မပြုစုနိုင်ခဲ့ နောင်လာနောက်သားများလည်း မပြုစုနိုင်စေရလို့ အာမခံထားတယ်။

ရိုးရိုးလေးပဲ ဆင်ခြင်ကြည့်ဗျာ- ဒီနေ့ ပိဋကတ်ကို လူသား ဘယ်လောက်က အသေခံ ကာကွယ်သလဲ။ သမ္မကျမ်းကိုရော လူသား ဘယ်လောက်က အသက်ပေးစောင့်ရှောက်သလဲ။ ကုရ်အံကို ထိရင် (သိသိ မသိသိ၊ တတ်တတ်၊ မတတ်တတ်) အသက်ပေးတဲ့ လူပေါင်း--၊ ဒီနေ့ ညီလေး မြင်နိုင်ပါတယ်။ လက်နက်အင်အားနဲ့ ခြိမ်းခြောက်လို့ မရဘူး- အသေခံမယ် ဆုံး ဖြတ်ထားသူကို ဘာလက်နက်နဲ့မှ ခြောက်လှန့်လို့ မရဘူးလေ။

ဒီလို အသေခံ ကာကွယ်နေတော့- အင်အားကြီးတဲ့ လူတွေက သူတို့လိုသလို ထိုးဖေါက်မရနိုင် ဖြစ်တယ်။ ဒီတော့ အယူသီးတယ်လို့ စွပ်စွဲပြန်တယ်။ ဒါဆို မင်းတို့က မင်းတို့ ဘာသာမှာ ဘာဖြစ်လို့ အယူမသီးကြတာလဲ။ မင်းတို့လည်း အယူသီးလိုက်ကြပါလား။- ဘယ်သူမဆို ကိုယ့်အယူဝါဒမှာ ကိုယ်အယူသီးခွင့်ရှိတာပဲ။ ကိုယ်ကိုယ်တိုင်က ယုတ္တိမဲ့ဒဏ္ဍာရီ တွေကိုယုံကြည်သလိုလို ခံစားနေ တယ်။ တစ်ကယ်တမ်း ရှင်းတော့လည်း မရှင်းနိုင် သိပ္ပံလိုလို- ဟိုလိုလိုတွေ ထိုးချ၊ တစ် ကယ်တမ်းကျတော့ မိရိုးဖလာ လူများရာ ကို ကပ်ပေါင်းနေတဲ့ အဆင့်မျှသာ ဖြစ်နေတယ်။- ရပ်ကွက်ထဲမှာ လူများတဲ့ အုပ်စု က နည်းတဲ့ အုပ်စုကို ဖိနှိပ်- ဒီအဆင့်နဲ့ ဘာသာရေးကို ခံယူနေတာပါ-၊ လို့ သူတို့ကို တွေ့ရလိမ့်မယ်။

ပြီးတော့ ခရစ်ယာန်များက ကုရ်အံကျမ်းကို အတုထုတ်သေးတယ်။ (ခရစ်ယာန် လို့ပြောဆိုခြင်းဟာ ကိုယ်တော်ယေရှုကို စော် ကားခြင်း မဟုတ်ဘူးနော်-၊ ကိုယ်တော်ယေရှုကိုယ်တိုင်က ခရစ်ယာန်သာသနာကို ထူထောင်ခဲ့တာ မဟုတ်ဘူး- နောက်ပေါက်တွေ က အမည်ပေး၊ ထူထောင်လိုက်တာပါ။) (Canada Bible Society) က ကုရ်အံ မူကွဲ နှစ်ခု ဆိုပြီး စာအုပ်ထုတ်တယ်။ တစ်ကယ် တမ်းလည်း သက်သေအတိအကျ မပြနိုင်ဘူး။ ဒါ လုပ်စရာလား။ ကိုယ်တော်မုဟမ္မဒ်ကို စော်ကားမော်ကား ကာတွန်းဆွဲကြသေး တယ်။ အလားတူ ကိုယ်တော်ဂေါတမကိုလည်း Rude Buddha ဆိုပြီး မကြာမှီက ရုပ်သံမှာ အကြီးအကျယ် နောင်ပြောင်စော် ကားသေးတယ်။ ဒါတွေက လုပ်စရာလား ညီလေး--၊ လူယဉ်ကျေးတွေလို့ ခံယူ ထားပြီး အဲ့လို လုပ်တာ- သင့်လျှော်ပါသလား။ မွတ်စလင်တွေဘက်က ဘယ်သူ့ကျမ်းကိုမှ မစော်ကားဘူး။ ဘယ် ဘာသာရေး ဦးသျှောင် (မောရှေ၊ ယေရှု၊ ဂေါတမ) ကိုမှ မသရော်ဘူး၊ မပုတ်ခတ်ဘူးလေ-။ ကဲ ဘယ်သူက ပိုမိုယဉ်ကျေး ပါသလဲ။

ဆိုလိုတာက- ကုရ်အံကျမ်းက စာတစ်လုံးချင်းစီကို အသက်ပေးကာကွယ်မယ့် သူတွေ ရှိနေတယ်။ ဒီကိစ္စဟာ နည်းတဲ့ ကိစ္စ မဟုတ်ဘူး-၊ လူဆိုတာ မိမိအသက်သေမှာကို အကြောက်ဆုံးပဲ။ အဲ့ဒီ အသက်အတွက် ဘာမဆို လုပ်နေကြတာ-။ အဲ့ လောက် မက်မောတဲ့ အသက်ကို ရင်းပြီး- ကာကွယ်ပေးလိုစိတ်မျိုး ဖြစ်အောင် ကုရ်အံကျမ်းကအပ အခြား ဘယ်ကျမ်းမှာ အဲ့လို တန်ခိုးမျိုး ရှိလို့သလဲ။- ရိုးရိုးလေး ဆင်ခြင်ကြည့်ပါ။

ဒီလောက် ခိုင်မာတဲ့ ကုရ်အံကျမ်း (လူသားများအတွက် လမ်းညွှန်ကျမ်း)ကို ကိုယ်တော်မုဟမ္မဒ်က မျက်မှောက်ပြုစုနိုင်ခဲ့တယ်။ ဒီကုရ်အံကျမ်းတော်ကြီး ကမ္ဘာအရပ်ရပ်ကို ပြန်နှံ့သွားလိမ့်မယ် ဆိုတာကိုလည်း တိတိကျကျ အာမခံချက်နဲ့ ပြော နိုင်ခဲ့တယ်။ ဒီနေ့ ကုရ်အံကျမ်း မပြန့်နှံ့ မရောက်ရှိတဲ့ ဒေသ ဆိုတာ မရှိဘူး- ဆက်လက်လည်း ပြန့်နှံ့နေဆဲပါ။

ပြောစရာ ထောက်ပြစရာ အချက်တွေအများကြီးပါ။ (မေးမြန်းချင်သူများ ဘက်ကလည်း လွတ်လပ်စွာ ဆွေးနွေးနိုင်ပါတယ်။)

၃။ နောက်ထပ်သဗညုတဥာဏ်ရနိုင်တဲ့သူမရှိတော့ဘူးလား။
သဗ္ဗညုတ ဉာဏ်က လူသားတိုင်း ရနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဆိုလိုတာက လူတိုင်းဟာ သမ္မတ ဖြစ်နိုင်ပေမယ့်- လူတိုင်းမှာ Constitution (ဖွဲ့စည်းပုံ) ရေးဆွဲခွင့်ရ သမ္မတ ဖြစ်ချင်မှ ဖြစ်နိုင်တာပါ။ ဖွဲ့စည်းပုံဟာ ခိုင်မာနေပြီ ဆိုရင် နောက်ထပ်ရေးသားနေဘို့ လိုမှ မလိုတာ။ ဒေသိကဆိုင်ရာ ပေါ်လစီတွေလောက်ပဲ လိုမှာပေါ့။ (ကြုံလို့ပါ- ကိုယ်တော် ဂေါတမကလည်း သူတစ်ဦးတည်းသာ သဗ္ဗညုတ ဉာဏ်ကို ရခွင့်ရှိတယ်လို့ မပြောခဲ့ဘူးနော်- သူနဲ့ အယူမတူတဲ့ သူ့ အတိုက်အခံ သမဏ၊ ဗြဟ္မဏ တွေမှာလည်း သဗ္ဗညုတ ဉာဏ်ရခွင့်ရှိတယ်လို့ ၀န်ခံထားပါတယ်။ မ၊ မြန်၊ ၂ ကဏ္ဏတတ္ထလသုတ်)

၎။ ရနိုင်သေးတယ်ဆိုရင် ခုဖြေကြးပေးနေသူက ဘာလို့မရတာလဲ။
အချိန်မရောက်သေးလို့ပါ။

၅။ အလ္လာဟ်ကလူတွေကို နိဗာန်ကိုတန်းပေးလိုက်လို့ မရဘူးလား။
လူတွေကို နိဗ္ဗာန်ကို တန်းပေးလိုက်တာပဲ။ လူမဖြစ်သေးတဲ့ (လူဖြစ်ပိုင်ခွင့်ရှိ) သတ္တ၀ါ တွေက ဆင်းပြေးလာတာပါ။
(ဆင်းပြေးတယ် သုံးလိုက်လို့ နိဗ္ဗာန်က အမြင့်မှာ လူပြည်က အောက်အနိမ့်မှာလို့ မြေပြင်သဘော အနိမ့်အမြင့်ကို မမြင်ယောင်စေလိုပါ။)

Wednesday, March 21, 2012

ဘာသာရေး လူမျိုးရေး မုန်းတီးမှုလမ်းကြောင်းဆီ ဦးဆောင်နေသူများသို့

မိတ်ဆွေတို့အတွက် အမှာစကားလေး ပေးလိုက်ပါရစေ၊ ဘ၀အတွက် အသုံးဝင်မယ် ထင်လို့ပါ။

မြန်မာပြည်သား ပညာတတ်များအနေနဲ့ လူသားအကျိုးများကို ဒီထက် ပိုမိုလုပ်ဆောင်နိုင်စေလိုတဲ့ စေတနာလည်း ရှိလို့ပါ။ အရိုးသားဆုံးပြောရရင် မိတ်ဆွေတို့လောက် ပညာတတ်တွေ- ပိုမိုရိုးဖြောင့်စေချင်တယ်ဗျာ။ မြန်မာပြည်အတွက်လည်း အင်မတန်မှကို လိုအပ်ပါတယ်။ မြန်မာပြည်ကို ဦးဆောင်နေတာ မြန်မာဗုဒ္ဓဘာသာဝင် အများစုပါ။ အခု မြန်မာပြည် ကြီး ဆင်းရဲ မွဲတေသွားရတာ- မြန်မာ ဗုဒ္ဓဘာသာဝင်များမှာ တာဝန်ရှိပါတယ်။ ဥပမာဗျာ- မိတ်ဆွေများ ဦးဆောင်နေတဲ့ အိမ်ထောင် တစ်ခုမှာ (မိတ်ဆွေများက အိမ်ထောင်ဦးစီးပေါ့) အဲ့ဒီ အိမ်မှာ ၀င်ငွေလည်းရှိတယ်။ လုပ်ငန်းလည်းရှိတယ်- အဘက်ဘက် က ရှိနေပါလျှက် အဲ့ဒီအိမ် မွဲနေ၊ ငတ်နေတယ်ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ မိတ်ဆွေများ တွေးကြည့်ပေါ့။-- ဒီလို တွေးလိုက်ရင် ကျွန်တော်ဆိုရင် လူရှက်ပြီး လဲ သေသွားလိုက်မယ်။ အဓိက-က ဦးဆောင်သူ လူများစုက ရိုးသားရမယ်- အမျှော်အမြင်ရှိရမယ်၊ သားသမီးချင်း ရန်ဖြစ်နေရင် ဖြန်ဖြေပေးရမယ်- ငါသာ မှန်တယ်ဆိုတဲ့ “အတ္တ” ကို ဖယ်ရှားနိုင်ရ မယ်။ ဖြစ်လာတဲ့ ပြသနာများကို ကိုယ်တိုင်ဝင်မပါဘဲ (၀င်မခံစားဘဲ)- အပေါ်ကကြည့်ပြီး သင့်လျှော်သလို ဆုံးဖြတ်နိုင်ရပါ မယ်။ အထူးသဖြင့် မရိုးသားမှု၊ မသေချာဘဲ စွပ်စွဲမှုတွေကို ဆင်ခြင်ရပါမယ်။

အထူးသဖြင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုမယ့် လူတစ်ဦးက နိုင်ငံတော်ကို ကျေးဇူးသိတတ်ရပါမယ်။- အခု  မိတ်ဆွေ များဖြစ်စေ- ကျွန်တော်ဖြစ်စေ ဘွဲ့ရလာခဲ့တာမှာ- နိုင်ငံတော်အတွင်းနေထိုင်တဲ့ ကုလား၊ တရုတ် အားလုံး- ဟို တောထဲမှာ နေတဲ့ မုဆိုးမ ကချင်အဘွားကြီးရဲ့ ချွေးနဲစာနဲ့ မကင်းခဲ့ဘူးဆိုတာ နားလည်ရပါမယ်။ မုဆိုးမကြီးကလည်း သူလုပ်တဲ့ လယ်ယာက စပါးတစ်တင်းဖြစ်စေ- နိုင်ငံတော်ကို အခွန်ပေးခဲ့ရပါတယ်။ တရုတ် ကုလားကလည်း သူလုပ်နေတဲ့ စီးပွားရေး ထဲက အခွန်ပေးနေရတယ်။ အဲ့ဒီ အခွန်ငွေတွေကို နိုင်ငံတော်အစိုးရ စစ်စရိတ် ဘယ်လောက်သုံးသုံး အနည်းဆုံး ကျောင်း ဆောင်တော့ ဆောက်ပေးတယ်။ ဒီတော့ ဒီကျောင်းတွေမှာနေခဲ့တဲ့ ကျွန်တော်တို့ရဲ့ အပေါ်မှာ ကျေးဇူးဆိုတာ ရှိနေပါတယ်။

နိုင်ငံတော်ရဲ့ Geo-politic အရ- အခြားနိုင်ငံသားတွေ အ၀င်မခံနိုင်တာ မှန်တယ်။ အဲ့ဒီ Geo- Politic လို့ ပြောတဲ့ နိုင်ငံ တော်ရဲ့modern map ကို ဘယ်အချိန်က သတ်မှတ်ခဲ့သလဲ။ အဲ့ဒီ မတိုင်မှီက နိုင်ငံတော်တွင်းမှာ ဘာတွေ ရှိခဲ့သလဲ။ map ဆိုတာ စည်းဝိုင်းတစ်ခုလို ဖြစ်တော့- စည်းဝိုင်းထဲမှာ ထည့်သွင်း ၀ိုင်းရံခံလိုက်ရတဲ့ လူသားတွေကို ဘယ်လို စဉ်းစားမလဲ- ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပါ။ စည်းဝိုင်းထဲမှာ ထည့်ဝိုင်းပိတ်ဆို့လိုက်ပြီး တံခါးပိတ် လှောင်ရိုက်မယ့် အလုပ်မျိုးကို မစဉ်း စားပါနဲ့။ အခုခေတ်က မျိုးပြုတ်သတ်ဖြတ်လို့ရတဲ့ ခေတ်မဟုတ်သလို- ရိုးသားတဲ့ မြန်မာပြည်သူတွေကလည်း အဲ့သလို အကုသိုလ်ကို ကျူးလွန်မှာ မဟုတ်ပါ။ အထူးသဖြင့် လူဆိုတာ ဖြူဖြူမဲမဲ ကိုယ့်အမျိုးကို ထိလာရင် ခုခံကာကွယ်ကြတာပဲ။ အခု မြန်မာပြည်က မွတ်စလင်ဆိုသူတွေမှာ ကုလား အမျိုးတစ်ယောက်၊ ဗမာအမျိုးတစ်ရာ တော်စပ်နေသူများပါတယ်။ သူ့ မိသားစုထဲမှာသာ- ကုလားလေး၊ ကုလားကြီး ခေါ်ချင်ခေါ်မယ်- အခြားတစ်ဦးက စော်ကားလာရင် အထိမခံကြဘူးဆိုတဲ့ လူသားရဲ့ psycho ကိုလည်း နားလည်ထားဘို့ လိုပါတယ်။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားစေလိုတယ်။

အယူအဆပိုင်း ဆိုင်ရာမှာလည်း ရန်လိုမှုနဲ့ မသုံးသပ်ပါနဲ့။ ကိုယ်မနိုင်ရာကို ကိုယ် လက်ဝင်မနှိုက်ပါနဲ့-၊ လူကြီး လူကောင်း များ၊ ပညာရှင်များ အဖြစ်ရပ်တည်နိုင်အောင် ကြိုးစားပါ။

ကျွန်တော်ဆိုရင်- ဥပမာ-ဗုဒ္ဓဘာသာများကို အယူအဆရေးရာ ဝေဖန်ရင် ရစရာမရှိအောင် ဝေဖန်လို့ ရပါတယ်။ ဒါပေမယ့် ဘယ်တုံးကမှ စေတနာယုတ်နဲ့ အဲ့ဒီအလုပ်ကို မလုပ်ခဲ့ဘူး။ ကျွန်တော့အမျိုးတွေ၊ ကျွန်တော့ကို ကျွေးမွေးစောင့်ရှောက် ခဲ့ သူတွေ၊ ကျွန်တော့မိတ်ဆွေတွေ- နောက်ဆုံး ကျွန်တော့ရဲ့မြေက မြန်မာပြည်သူအများ သက်ဝင်နေတဲ့ အယူ- ဆိုတဲ့ ဆင်ခြင်မှုနဲ့ အမြဲနေခဲ့ပါတယ်။

နောက်တစ်ခုက ထိကပါး၊ ရိကပါး စကားလုံးမျိုးကို ပညာတတ်များအနေနဲ့ ရှောင်စေလိုတယ်။ (ကျွန်တော် ကိုယ်တိုင် လည်း ဆင်ခြင်နေပါတယ်။) မိတ်ဆွေများ ယုံကြည်တဲ့ ဘာသာကောင်းတယ်ဆိုတာကို လွတ်လပ်စွာ တင်ပြနိုင်တယ်။ ဒါ ဟာ ယုံကြည်သူတစ်ဦးရဲ့ အခွင့်အရေးနဲ့ တာဝန်ပါပဲ။ ဥပမာ- ကြံခိုင်ရေးပါတီဝင်တစ်ဦးက သူ့ပါတီကောင်းကြောင်းပြောတာ အပြစ်မရှိပါ။ ဒါပေမယ့် NLD ကို မစော်ကားဘို့ လိုပါတယ်။ အလားတူ NLD ကလည်း သူ့ပါတီ ကောင်းကြောင်း ပြောခွင့် ရှိ ပါတယ်။ အခြားတစ်ဘက်ကို ထိကပါး ရိကပါး မစော်ကားနဲ့ပေါ့။ ဒါမှ လူကြီးလူကောင်း ပီသလာမယ်လေ။ ဒါပေမယ့် လူ အများအတွက် ဥပဒေနဲ့ ပေါ်လစီ ချမှတ်တဲ့အခါ- နှစ်ဦး နှစ်ဘက် သူ့ပေါ်လစီကောင်းတယ်- ငါ့ပေါ်လစီကောင်းတယ်လို့ အ ကျိုးသင့် အကြောင်းသင့် ဆွေးနွေးတိုင်ပင် ရပါမယ်။ လိုအပ်ရင် ပြည်သူကိုလည်း ပေါ်လစီနှစ်ခုကို နှိုင်းယှဉ်ပြီး ချပြ နိုင်ရပါ မယ်။ ဒါဟာ ငြင်းခုံတာ မဟုတ်ဘဲ သင့်လျှော်တာကို ဆုံးဖြတ်နိုင်အောင် ဖြစ်သင့်တယ်။ ဒါမှ အဲ့ဒီပေါ်လစီ၊ အဲ့ဒီ ဥပဒေ အရိပ်က လူတွေက တိုးတက်လာမှာပေါ့။

အလားတူပဲ ဘာသာရေးနယ်မှာ-၊ ပညတ်ရှိတယ်။ ပရမတ်ခေါ် ဉာဏ်စဉ်ပေါက်မြောက်ရေး ရှိတယ်။ ပညတ်က ဥပဒေ ဆို တော့ အဲ့ဒီဥပဒေကို ဆွေးနွေးနိုင်တယ်။ ပရမတ် ကိစ္စကတော့ တစ်ကယ်ကျင့်မယ့် လူတွေချင်း- နှီးနှောဖလှယ်ရမယ့် ကိစ္စ ဖြစ်တယ်။- ပရမတ်သဘောကို ဒေါင့်စေ့အောင် အကုန်မသိဘဲလည်း ၀င်မစွက်ပါနဲ့။ (ဒေါင့်စေ့အောင်ဆိုတာ ဘာသာစုံကို ပြောတာပါ။- ဗုဒ္ဓဘာသာ တစ်ခုတည်းကို သိပြီး ငါတို့မှာပဲ ၀ိပဿနာ ရှိတယ်- အခြားသူများမှာ ကမဌာန်းပဲ ရှိတယ် ဆိုတာ မျိုး- မပြောသင့်ဘူး။ အခြားသူများမှာ ဘာသာရေးရဲ့အနက် ဘာတွေရှိသလဲဆိုတာ တစ်ကယ့်အနက်ကို လိုက်တဲ့လူတွေပဲ သိတဲ့ကိစ္စ ဖြစ်တယ်။) ပညတ် နယ်က ဘယ်ဘာသာကမဆို ဓမ္မစရိယများရေးတဲ့ စာအုပ်များကို ဖတ်ပြီး- ပရမတ်ကိစ္စကို လက်မနှိုက်သင့်ဘူး။ ပညတ်၊ ပညတ်ချင်း ဆွေးနွေးပါ။ ဆွေးနွေးမှုမှာလည်း ယုတ္တိဗေဒကို အခြေခံပါ။ (ဆွေးနွေးလိုရင် ပြောတာပါ။)

တချို့ မိတ်ဆွေများ အင်္ဂလိပ်ဘာသာပြန်၊ မြန်မာဘာသာပြန်တွေ ဖတ်ပြီး ထောက်ပြတဲ့ ကုရ်အံစာသားများကို ကျွန်တော် ပြန်မရှင်းနိုင်ပါ။ မိတ်ဆွေများအနေနဲ့ အင်္ဂလိပ်စာကို ဆက်လက်လေ့လာဘို့ လိုပါသေးလို့ ပြောပြပါရစေ။ ဘာသာ စကား တိုင်းမှာ အရပ်သုံး၊ နိုင်ငံရေးသုံး၊ သံတမန်သုံး၊ သက်ဆိုင်ရာ ဘာသာဗေဒသုံး၊ ဘာသာရေးသုံး ဆိုတာတွေ ရှိပါတယ်။

ဥပမာ-လေးတစ်ခု ပြောမယ်။ မိတ်ဆွေများက အင်္ဂလိပ်ဘာသာပြန် ကုရ်အံကျမ်းချက်ကို ကူးယူဖေါ်ပြတယ်။ ပြီးတော့ အောက်က ဘာသာပြန်တယ်- လုံးဝ လွဲသွားပါတယ်။ ဥပမာ- မိတ်ဆွေများ ထောက်ပြတဲ့ ကျမ်းချက်များပါ ဝေါဟာရ များ က We ဆိုတဲ့ စကားလုံးကို “ငါတို့” လို့ ဘာသာပြန်လိုက်တယ်။ လုံးဝကို မှားသွားပါတယ်။ အာရ်ဗီစာ၊ ဟီးဗရူးစာနဲ့ အင်္ဂလိပ်စာပေမှာ- မြင့်မြတ်တဲ့ အရာများကို “အများပြ” နဲ့ သုံးပါတယ်။ ဥပမာ- ဘုရင်တစ်ပါး ဆိုပါတော့- သူက စကား ပြောရင် “ငါ” ဆိုတဲ့နေရာမှာ “We” လို့ သုံးပါတယ်။ ဟီးဗရူးစာမှာ ဘုရားရှင် ဆိုတာ ကို “အီလိုဟင်းမ်” “ဘုရားများ” လို့ သုံးပါတယ်။ မြင့်မြတ်လွန်းလို့ ဂုဏ်ပေးတဲ့ စကားလုံးများ ဖြစ်ပါတယ်။ နောက်ထပ် ဥပမာတစ်ခု ပြောပါမယ်။ Mg Mg ဆို တာနဲ့ mg mg ဆိုတာလည်း မတူညီပါ။ အင်္ဂလိပ်စာမှာ စာလုံး အကြီးနဲ့ရေးရင် လူသားရဲ့အမည်နာမဖြစ်လို့ လူသားဟာ အခြားအရာများထက် မြင့်မြတ်တဲ့သဘောကြောင့် ဂုဏ်ပေးပြီး စာလုံးကြီးကို သုံပါတယ်။ ဒါကြောင့် Mg လို့ ရေးလိုက်တာနဲ့ အင်္ဂလိပ်တွေက ဒါဟာ လူတစ်ဦးရဲ့ အမည်ဆိုတာကို သိပါတယ်။ တစ်ကယ်လို့ mg လို့ပဲ ရေးလိုက်ရင် ဒါဟာ မီလီဂရမ်ကို ပြောနေတာလို့ နား လည်သွားပါတယ်။ အလားတူ God နဲ့ god ဆိုတာလည်း အနက်သဘောမှာ လုံးဝ မတူညီပါ။

ဒီတော့- မိတ်ဆွေများ ထောက်ပြထားတဲ့ ကုရ်အံကျမ်းချက်များကို မိတ်ဆွေများက မြန်မာပြန်တာမှာ လုံးဝကို လွဲချော် နေ ပါတယ်။ တစ်လုံးချင်း ရှင်းနေဘို့ မလိုလောက်ဘူးထင်လို့ပါ။ တစ်ကယ့် အင်္ဂလိပ်လို ဘာသာရေး စကားလုံးများကို လေ့ လာလိုရင် ပထမအဆင့်အနေနဲ့ မြန်မာပြန်သမ္မာကျမ်းစာအုပ်နဲ့ အင်္ဂလိပ်သမ္မာကျမ်းစာကို တွဲပြီး အရင်လေ့ကျင့်ပါ- လို့ အကြံပေးလိုပါတယ်။

ဒီတော့ဗျာ- စာပေတစ်ခုကို တစ်ကယ့် အနက်ထိ မတတ်ရင် အဲ့ဒီဝေါဟာရ term ကို ၀င်ရောက် မစွက်ဖက်တာ ကောင်းပါ တယ်။ နို့မဟုတ် ပညာတတ်လောကမှာ မျက်နှာမလှ ဖြစ်ရတာပေါ့။

တစ်ကယ့် လူတော်တစ်ဦး ဖြစ်စေချင်တဲ့ စေတနာနဲ့ ဒီစကားများကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်တယ်။

အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၂)

အရှင်ကောမလ(ခ)ဆန်နီနေမင်း ရဲ့ ဘာသာရေးဆွေးနွေးမှု စောဒနာ သောဓနာများ ဆိုတဲ့ပိုတ်စ့်အတွက်  အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၁) အနေနဲ့ ပြန်လည်စောကြောပေးလိုက်ပါတယ်… 

ဆန်နီနေမင်း နှင့် ပထမအကြိမ် မေး/ဖြေ ကို ဤနေရာလေး မှာ ကလစ်နှိပ်ကာ ဖတ်ရှုနိုင်ပါတယ်….

ယခုတဖန် ဆွေးနွေးရန် ကျန်ရှိနေသည့် အကြောင်းအရာများကို အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၂) အနေနဲ့စောကြောပေးလိုက်ပါတယ်-

ဟင်းမကောင်းရင် ဒကာ ဒကာမတွေကို ကြိမ်းမောင်းတယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ဟာ လုပ်တဲ့ဘုန်းကြီးနဲ့ပဲသက်ဆိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ခွဲခြားနားလည်စေချင်ပါတယ်။ မြတ်စွာဘုရားရှင်က အဲဒီလိုကြိမ်းမောင်းရမယ်လို့ ဘယ်တုန်းကမှ မဟောခဲ့ဘူးသလို စားကောင်းတဲ့(အပ်စပ်တဲ့)အသားနဲ့ မစားကောင်းတဲ့ (မအပ်စပ်တဲ့)အသားဆိုတာ ခွဲခြားပြီး သတ်မှတ်ပေးတော်မူခဲ့ပါတယ်။ ဆင်သား၊ ခွေးသား၊ မြွေသားစတဲ့ အသားကြီးဆယ်မျိုးကိုတော့ ရဟန်းတွေအနေနဲ့မစားကောင်းသလို အရိုး အရေတွေကအစ အသုံးမပြုဖို့ သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။ အသားကြီးဆယ်မျိုးမှလွတ်ကင်းတဲ့ တစ်ခြားအသားတွေ ကိုတော့ အစွန်း(၃)ပါးလွတ်တယ်ဆိုရင် စားရန်အပ်စပ်ပါတယ်။

အစွန်း(၃)ပါးဆိုတာက …..

(၁) ကိုယ့်အတွက်ရည်မှန်းပြီး သတ်ဖြတ်တာကို ကိုယ်တိုင်မြင်တဲ့အသား

(၂) ကိုယ့်အတွက်သတ်ဖြတ်တယ်လို့ ကိုယ်တိုင်ကြားရတဲ့အသား

(၃) ကိုယ့်အတွက်သတ်ဖြတ်တယ်ဆိုတာ ကိုယ်တိုင်က ယုံမှားသံသယဖြစ်တဲ့အသား

အဲဒီလို အသားမျိုးတွေကို မစားကောင်းပါဘူး။ အဲဒီအစွန်းသုံးပါးလွတ်ကင်းတယ်ဆိုရင်တော့ စားဖို့ရန်အပ်စပ်တယ်ဆိုတာ မြတ်စွာ ဘုရားရှင်က မိန့်တော်မူပြီးသားပါ။ မလွတ်ဘဲနဲ့စားတယ်ဆိုရင် စားတဲ့သူရဲ့အပြစ်သာဖြစ်ပြီး ဘာသာတရားရဲ့သတ်မှတ်ချက်မဟုတ် ဘူးဆိုတာ ဒကာတော် သဘောပေါက်စေချင်ပါတယ်။ ဥပမာ-ဒကာတို့ရဲ့ဘာသာတရားမှာ လူကိုမသတ်ဖို့ ဘုရားသခင်က တားမြစ် ထားတယ်ဆိုပါတော့။ အဲဒါကို ဒကာတို့ရဲ့ဘာသာဝင်တစ်ဦးဦးက လူသတ်မှု ကျူးလွန်တယ်ဆိုရင် ဘုရားသခင်ရဲ့အပြစ်မဟုတ်သလို ဘာသာဝင်အားလုံးရဲ့အပြစ်မဟုတ်ပါဘူး။ ကျူးလွန်တဲ့သူရဲ့ အပြစ်ပါပဲ။ အခုလည်း အဲဒီသဘောတရားကို ခွဲခြားသိမြင်ပါလို့ တိုက်တွန်းပါရစေ။

မှန်ပါတယ်- တစ်စုံတစ်ဦးရဲ့ ကျူးလွန်မှုက သာသနာ တစ်ခုလုံးကို ကိုယ်စားမပြုပါ။ ဦးဇင်းဖြေစဉ်က အသားကျတော့ မစား၊ စိတ်ဓါတ်ကျတော့ ညစ်ထေးကြတယ် ဆိုတဲ့ စကားလေးကြောင့်သာ ပြန်လည် ထည့်ပြောမိခြင်းပါ။ မိမိကိုရည်ရွယ်ပြီး ပြင်ဆင်ထား တဲ့ အသားကို အရှင်ဂေါတမကိုယ်တိုင်စားသုံး ခဲ့ကြောင်း ပိဋကတ်မှာ တွေ့မိပါတယ်။-  အင်္ဂုတ္တိုရ် ၂- မဟာဝဂ်၊ ၂ သီဟသုတ်။ အသားဆယ်မျိုးကို အကပ္ပိယ အသားအဖြစ် သတ်မှတ်ခဲ့ကြောင်းကိုလည်း မဟာဝဂ္ဂမှာ တွေ့ပါတယ်။ အခု ဆွေးနွေးမှုမှာ ရှင်ဂေါတမကို မဝေဖန်ပါ။ မဝေဖန်လိုပါ။ သူပြောခဲ့ပါတယ်လို့ ကိုးကားပြီး နောက်လူတွေက ဋီကာချဲ့ ထားလို့ ခံစားမိတဲ့ အရာများကိုသာ ပြောဆိုဝေဖန်ပြနေခြင်း ဖြစ်ပါတယ်။ မတော်တဆ အဲ့လိုများဖြစ် နေရင် တကယ်တမ်း ဗုဒ္ဓဘာသာကို သုံးစားနေတာက ကျွန်တော် မဟုတ်ဘူး ဆိုတာလည်း ဦးဇင်း သိစေလိုပါတယ်။- အကယ်၍ ပါဏာတိပါတာ ဝေယာမဏိ သိက္ခာပဒံ သမ္မာဒိယာမိ ဆိုတာကို သူ့ အသက်အား သတ်ခြင်းလို့ ဘာသာပြန်တာဟာ တစ်ကယ့် အဓိပ္ပါယ် အစစ်အမှန်ဖြစ် ရင် ဟောပြော သူကိုယ်တိုင်က မျက်နှာသစ်လို့တောင် မဖြစ်နိုင်ပါ။ ပါဏ ဆိုတာ (အာနာပါဏ- က ဆင့်ပွားတဲ့) အသက်ဆို တာလား၊ သို့မဟုတ် ဘ၀ ဆိုတာလား ကွဲပြားစေလိုပါတယ်။ ဒါကြောင့် စောကြော လိုက်ခြင်းပါ။ ဦးဇင်း ဆန္ဒရှိရင် စိတ်လက်ပေါ့ ပါးပြီး- လွတ်လပ်စွာ ဆွေးနွေးလိုရင် ဆွေးနွေး နိုင်ပါ တယ်။ ကျွန်တော်ကတော့ ဇီဝသည် အသက်၊ ပါဏသည် ဘ၀လို့ပဲ ခံစားမိ ပါတယ်။ (ပါရာဇိကံ မှာ လည်း လူကိုသတ်- သို့မဟုတ် သေစေ မှာ ပါရာဇိကံ ထိုက်ကြောင်း၊ တိရိစ္ဆာန်ကို သေစေခြင်းဟာ ပါ စိတ်ကံသာ ထိုက်ကြောင်း ခွဲထားတာကို တွေ့ရလို့ပါ။)

ဒကာတော်ရဲ့ ဒီမေးခွန်းကတော့ အပေါ်မှာလည်းပါခဲ့ပြီးဖြစ်တဲ့အတွက် အပေါ်မှာဖြေဆိုထားတဲ့ အဖြေတွေနဲ့လုံလောက်ပြီလို့ ထင်ပါတယ်။ ပရိုဂရမ်ထည့်သွင်းခြင်းသည်လည်း အကြောင်းတရားထဲမှာ ပါဝင်ပါတယ်။ ကွန်ပျူတာခလုပ်ကိုနှိပ်ခြင်းသည် စာလုံးတစ်ခုပေါ်လာခြင်းရဲ့ နီးသောအကြောင်း ဖြစ်တယ်ဆိုရင် ပရိုဂရမ်ထည့်သွင်းထားခြင်း၊ ကွန်ပျူတာတီထွင်ခြင်းစတဲ့ အကြောင်းတရားတွေက ဝေးသောအကြောင်းတရားတွေပါ။

ဝေးသော အကြောင်းသည်လည်း အကျိုးဆက် ဖြစ်လာမယ့် အကြောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလို ရန်ကုန်က လာတဲ့သူကို မန္တလေးရောက်တော့- ဘယ်က လာသလဲ မေးတာမှာ ပဲခူး ကျော်လာတယ်လို့ ဖြေဆိုခြင်းဟာလည်း မမှားတဲ့ အဖြေပါ။ ဒါပေမယ့် လုံလောက်တဲ့ အဖြေ မဟုတ် ဘူးလို့ ခံစားမိပါတယ်။

 ရှင်နာဂသိန် ဖြေသလို မြှားလာရာကို မကြည့်နဲ့ ဆိုလည်း စကားလုံးက လှပပါတယ်။ အဲ့လို ခံယူထား သူများ အနေနဲ့ ခံယူမှုဟာလည်း လျှော်ကန်ပါတယ်။ ဒါပေမယ့် မြှားပစ်သူ မရှိဘူးလို့ ထပ်ဆင့်ငြင်းဆို ခြင်းဟာ မသင့်တော်ပါ။

အင်း ကျားတစ်ကောင်ဟာ ပထမဘ၀မှာ မကောင်းတာလုပ်ခဲ့လို့ ဒုတိယဘ၀မှာ မကောင်းတဲ့ဘ၀ကိုရောက်ပြီး မကောင်းတာတွေ ကို ထပ်လုပ်ခဲ့သော်လည်း သူ့ရဲ့ အရင်ဘ၀တွေက အကျိုးပေးစရာကံတွေ ရှိပါသေးတယ်။ တတိယဘ၀ကနေ ပန်းတိုင်ရောက်တဲ့ အထိ အကျိုးပေးတဲ့ကံဟာ ဒီဘ၀ဟာ မကောင်းတာလုပ်ပေးမဲ့ အဲဒီကံက နောက်မှအကျိုးပေးပြီး အရင်အရင်ဘ၀က ကောင်းတဲ့ အကျိုးပေးရှိနေနိုင်တာကြောင့် နောက်ဘ၀မှာ ဘာဖြစ်မယ်ဆိုတာ သေချာပေါက် ပြောလို့မရပါဘူး။ ဥပမာ-အဇာတသတ်မင်းဟာ ဒီဘ၀မှာ အဖသတ်တဲ့မကောင်းမှုကြောင့် သူဟာ ငရဲကိုကျခဲ့ရပါတယ်။ ငရဲကျတဲ့အခါမှာလည်း သူ့မှာ ကောင်းကံလုပ်စရာ မရှိပါ ဘူး။ ဒါကြောင့် သူဟာ နောက်ဘ၀ကျရင်လည်း မကောင်းတဲ့ဘုံကို ရောက်မယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ သူ့မှာ တတိယ ဘ၀ကနေ ပန်းတိုင်ရောက်တဲ့အထိ အကျိုးပေးမဲ့ ကောင်းမှုကံများရှိနေသေးတာကြောင့် အဲဒီကံကအကျိုးပေးလိုက်ရင် သူဟာ ကောင်းတဲ့ဘုံမှာရောက်ပြီး ကောင်းတဲ့ဘ၀ကိုပြန်လည်ခံစားရပါလိမ့်မယ်။ မကောင်းတဲ့ဘုံကိုရောက်ပြီးရင် မကောင်းတဲ့ဘုံ ကိုထပ်ရောက်ဖို့က များတယ်ဆိုတာ မှန်ပါတယ်။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက အပါယ်လေးပါးကျသွားရင် အပေါ်ကိုပြန်တတ်ဖို့ရာ မလွယ်ကူတာကြောင့် အပေါ်ကိုရောက်နေတုန်းမှာ အောက်ကိုပြန်မရောက်အောင် ပြုလုပ်နေထိုင်ကြပါလို့ မိန့်ကြားခဲ့ခြင်း ဖြစ်ပါ တယ်။

ကောင်းပါပြီ။ ကောင်းရာတွေ လုပ်ဆောင်ဘို့ ပမာပေးပြောတာလို့ နားလည်ပေးပါမယ်။ ဆက်တိုက် စောဒကတက်နေလို့လည်း တိကျသေချာတဲ့ အဖြေကို ရလာနိုင်မှာ မဟုတ်ပါ။ လူတွေအနေနဲ့ ကောင်းမှုတွေ ပြုလုပ်စေဘို့ ပြောဆိုသွန်သင်တဲ့ စကား အဖြစ်ပြောတာလို့ မြင်ပေးပါမယ်။

ဒကာတော်ကိုဘဲ အရင်ဆုံးမေးခွန်းတစ်ခု ပြန်မေးပါရစေ။ ဒကာတော် နံနက်တိုင်း မျက်နှာသစ်တဲ့အခါမှာ မျက်နှာကအညစ်ကြေး ကို စင်ကြယ်လိုတဲ့စိတ်ကြောင့် မျက်နှာသစ်တာလား? ဒါမှမဟုတ် ပိုးမွှားစတဲ့သတ္တ၀ါတွေ သေစေလိုတဲ့စိတ်နဲ့ မျက်နှာသစ်နေတာ လား? မြတ်စွာဘုရားရှင် လက်ထက်တော်အခါက စက္ခုပါလမထေရ်ဟာ လမ်းလျှောက်တဲ့အခါမှာ ပိုးမွှားစတဲ့သတ္တ၀ါတွေကို မတော် တဆတက်နင်းမိပြီး ပိုးမွှားတွေသေကုန်လို့ တစ်ခြားရဟန်းတွေက စက္ခုပါလမထေရ်ကို ပါဏာတိပါတကံဖြင့် စွပ်စွဲကြပါတယ်။ မြတ်စွာဘုရားရှင်ကို လျှောက်ထားတော့ ဘုရားရှင်က စက္ခုပါလမထေရ်မှာ ပိုးမွှားတွေကို သေစေလိုတဲ့စိတ် မရှိတာကြောင့် ပါဏာတိပါတကံမထိုက်ကြောင်း မိန့်ကြားတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်မှာလည်း သတ္တ၀ါတွေရဲ့အသက်ကို သတ်လိုစိတ်မရှိဘူးဆိုတာတော့ အထူးပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒကာတော်ပြောသလိုဆိုရင် သတ္တ၀ါတွေရဲ့အသက်ကို မသတ်ဖို့တားမြစ်ထားတာသည်ပင် အပြစ်တစ်ခုလိုဖြစ်နေတယ်။ သူတစ်ပါးအသက်ကို သတ်တာနဲ့မသတ်တာ ဘယ်ဟာကိုပိုပြီး အပြစ်ကင်းတယ်ဆိုတာ ဒကာတော်လည်း စဉ်းစားတတ်မှာပါ။ မမြင်ရတဲ့သက်ရှိလေးတွေကို ကရုဏာမထားနဲ့လို့ တစ်ခါမှ ဘုရားရှင်ကမဟောခဲ့ပါ။ ဒကာတော်ပြောသလို မျက်နှာသစ်ခြင်းကြောင့်ဖြစ်စေ၊ တစ်ခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ကိုယ်ကသတ်လိုစိတ်မရှိပါဘဲ မတော်တဆ ပိုးမွှားစသော သတ္တ၀ါတွေသေနိုင်တာကို သိတော်မူလို့လည်း သတ်လိုစိတ်မရှိရင် ပါဏာတိပါတကံမမြောက်ကြောင်း၊ ဘယ်လိုအင်္ဂါတွေနဲ့ ပြည့်စုံမှသာ ကံမြောက်ကြောင်း ဟောကြားတော်မူခဲ့တာပါ။ သတ်လိုစိတ်နဲ့ဆိုရင် သေးငယ်သောပိုးမွှား ခြပုန်းကအစ မသတ်ဖို့ အတိအလင်းဟောကြားတော်မူခဲ့တာရှိပါတယ်။ ဒီလို မြတ်ဗုဒ္ဓက ဟောကြားခဲ့တာကလည်း သူက ဖန်တီးပြုလုပ်ပေးတာ မဟုတ်ဘဲ သူ့သဘာဝနဲ့သူ အပြစ်မရှိတာကိုမြင် လို့ ပြောပြခဲ့တာပါ။ ဒီလောက်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ ကရုဏာတော်နဲ့ပတ်သက်ပြီး သံသယရှိစရာလိုမယ်မထင်ပါဘူး။ 

ငါ ဒါကို လုပ်လိုက်ရင် သူတို့ သေတော့မှာပဲ ဆိုတာကို သိလျှက် အဲ့ဒီ အလုပ်ကို လုပ်နေခြင်းဟာ အသက်များကို သေစေမှု၊ အသက်များကို သတ်နေမှု ထဲမှာ မပါဝင်ဘူးလား- ဒါဆို ရှင်ဂေါတမ လုပ်ခဲ့တာ (ဆရာတော်များ ဖွင့်ဆိုတဲ့အတိုင်း ပြောတာပါ) အကုန်ကောင်းတယ် ဝေဖန် သုံးသပ် နေစရာ မလိုဘူးလို့ ဖြစ်မနေဘူးလား ဦးဇင်း-။ ဒါဆို ကာလမသုတ်ကို ဘာဖြစ် လို့ ဟောခဲ့ သေးတာလဲ။ မမြင်သူက အသက်သေမှာကို မသိလို့ မသတ်မိတာ အပြစ်မရှိနိုင်ပေမယ့် မြင်နေသူက အသက်များ သေမှာကို သိလျှက် ကျူးလွန်နေခြင်းဟာ သွယ်ဝှိက်သောနည်းနဲ့တောင် အပြစ် မသင့် နိုင်ဘူးလား-။ ဒီလိုဆို သေနတ်တစ်လက်ကို ကိုင်ပြီး ဘယ်သူ့ကိုလို့ မရည်ရွယ်ဘဲ လူကြားထဲ ပစ်ထည့် လိုက်သူ တစ်ဦးကြောင့် သူမရည်ရွယ်တဲ့ လူ သေသွားရတဲ့ ကိစ္စမျိုးမှာ သေနတ်နဲ့ ပစ်သူ ကို အရေးယူနေတာ မှားယွင်းနေပါသလား။- ဦးဇင်းဖြေကြည့်ပါ။
နွားလောက် အကောင်ကြီးတဲ့ သတ္တ၀ါမှာလည်း အသက်က တစ်ခုတည်းပါ။ မျက်နှာမှာ ရှိတဲ့ ပိုးလေး တွေလည်း အသက်က တစ်ခုတည်းပါ။ အကောင်ကြီးလို့ အသက် နှစ်ခု သုံးခု မပါသလို။ အကောင် သေးလို့လည်း အသက် တစ်ခုထက်လျှော့ပြီး ထက်ဝက်၊ တစ်စိတ် ပါဝင်နေခြင်း မဟုတ်ပါ။

 မိမိရဲ့ မျက်နှာ၊ မျက်လုံးကျမ္မာရေးအတွက် လိုအပ်ချက်ကို ဖြည့်ဆီးတဲ့အခါ ပိုးမွားများ အသက်ကို စတေးလိုက်ရသလို၊ မိမိတို့ လူသားများ ၀မ်း- ခန္ဓာ ကျမ္မာရေးအတွက် နွား၊ ကျွဲ၊ ဆိတ် စတေးလိုက်ရတာ ဘယ်လိုများ ကွာမယ် ထင်ပါသလဲ- ဦးဇင်း


သစ္စာလေးပါးကို ဆွေးနွေးချင်တယ်ဆိုရင် ဒကာတော်အနေနဲ့ သစ္စာလေးပါးအကြောင်းကို ဘယ်လောက်အထိ သိနားလည် သလဲဆိုတာ အရင်ဆုံး ဝေဖန်ဆန်းစစ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သစ္စာလေးပါးအကြောင်းကို အသေးစိတ် သိနားလည် တယ်ဆိုရင် ဒကာတော်မေးတဲ့ မေးခွန်းက ဖြေစရာတောင်မလိုဘဲ သူ့အလိုလိုရှင်းသွားမှာပါ။ ဒကာတော်ရဲ့မေးခွန်းကို ဖတ်ကြည့်သောအားဖြင့် သစ္စာလေးပါးအကြောင်းကို တီးမိ ခေါက်မိရုံလောက်တောင် မသိဘူးဆိုတာထင်ရှားပါတယ်။ 

သစ္စာလေးပါးအကြောင်းကို တီးမိခေါက်သိတယ်ဆိုရင် ဒီနေ့မှာသုံးပါးဖြစ်လိုက် နောက်နေ့မှာငါးပါးဖြစ်လိုက်ဆိုတဲ့ မေးခွန်းမျိုး မမေးပါဘူး။ သစ္စာလေးပါး ဆိုတာ ဖောက်ပြန်မှုမရှိတဲ့ တိကျတဲ့နိယာမတစ်ခုပါ။ မည်သည့်အရာကမှ ပြဋ္ဌာန်းပေးထားတာမျိုး မဟုတ်ဘဲ လောကမှာ ထင်ရှားရှိနေတဲ့တရားပါ။ မြတ်စွာဘုရားရှင်က အဲဒီသစ္စာတရားကို ဖော်ထုတ်ပြသသူသာ ဖြစ်ပါတယ်။ ဒီသစ္စာလေးပါးတရားကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တီထွင်ခဲ့တာမဟုတ်သလို တခြားသူတစ်ယောက်ယောက်က တီထွင်ခဲ တာလည်း မဟုတ်ပါဘူး။ သဘာဝအတိုင်းတည်ရှိနေတာတွေကို မြတ်ဗုဒ္ဓကသိမြင်ခဲ့လို့ သိမြင်ခဲ့အတိုင်း ပြန်လည်ပြောပြပေး ခဲ့တာပါ။ ဒကာလည်း သစ္စာလေးပါးအကြောင်းကိုလည်း နားလည်အောင် လေ့လာပါလို့ စေတနာနဲ့တိုက်တွန်းလိုပါတယ်။

ဒီလောက်တိကျတဲ့ ဖေါက်ပြန်မှုမရှိတဲ့ အရာတစ်ခုက၊ နိယာမတစ်ခုက ဘာအသိဉာဏ်မှ မရှိတဲ့ သဘာဝအလျှောက်ကြောင့် ဆိုတာ တစ်ကယ် ဖြစ်နိုင်ပါလား ဦးဇင်း ဟိုးအထက်မှာ Atuo တံခါး ဥပမာ ဆွေးနွေးမှုများကို ပြန်ကြည့်ပါ။

 သဘာဝအလျှောက် သူ့အလိုလိုတည်နေတဲ့ အရာချည်းပဲ ဆိုရင် ကျွန်တော်တို့ လူသားတွေလည်း ဘာမှ လုပ်နေစရာမလိုဘဲ ကိုယ့်ဟာကိုယ်ကြိုက်သလိုနေ၊ ကြုံသလိုစား- သူ့အလိုလို သဘာဝ အလျှောက် ဘာကြောင့် နိဗ္ဗာန်ကို ရောက်မသွားနိုင်တာလဲ။ ဦးဇင်း ဆင်ခြင်ပေးစေလိုပါတယ်။

အင်း ဦးဇင်း တခြားဘာသာရေးခေါင်းဆောင်တွေ မဟောခဲ့ဘူးလို့ မပြောခဲ့ပါဘူး ဒကာ။

ဒီသဘောတူညီချက် အပေါ်မှာ ဦးဇင်းကဲ့သို့ ကျွန်တော်လည်း စိတ်ရှိပါတယ်။ ဒါကြောင့် ဆွေးနွေးသာ ဆွေးနွေးနေရပါတယ်- ရှင်ဂေါတမကို စော်ကားသလို ဖြစ်မှာကို စိုးရိမ်နေမိပါတယ်။

ဒကာပြောတဲ့အရာတွေက ကျေးဇူးရှင်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ရှိခိုးရိုသေတဲ့အခါမှာ မိမိမလုပ်နိုင်တာကိုလုပ်နိုင်လို့ ကိုယ့်ထက်သာလို့ အဲဒီလူဟာ မိမိထက် အဆင့်အတန်းမြင့်လို့ ရှိခိုးရိုသေရတာတွေလည်း ရှိပါတယ် ဒကာ။ အပေါ်က မြတ်ဗုဒ္ဓ ရှိခိုးတယ်ဆိုတာတွေထဲမှာလည်း အဲဒါတွေ ပါပါတယ်။ ဒါပေမဲ့ ဦးဇင်းက လိုရင်းအဓိကကျတာကိုပဲ ဖြေပေးခဲ့တာမို့ပါ။ မိဘတွေက ယနေ့မှ ကိုရင်ဝတ်တဲ့ သားကို ဘာဖြစ်လို့ ရှိခိုးရတာလဲဆိုတော့ မိဘတွေက စောင့်ထိန်းတဲ့သီလတရားထက် ကိုရင်ဖြစ်သူက သာသွားလို့ပါ။ နောက်တစ်ခုက ကိုရင်ဝတ်ရုံထားတဲ့သင်္ကန်းဟာ မိဘတွေဝတ်ထားတဲ့ အင်္ကျိ ပုဆိုးထက် မြင့်မြတ်လို့ ပါ။ မြင့်မြတ်တယ်ဆိုတာက သာသနာဘောင်မှာနေတဲ့ ကိုရင်၊ ရဟန်းတွေရဲ့ အ၀တ်တန်ဆာဟာ ကိလေသာကုန်အောင် အားထုတ်ခဲ့ကြတဲ့ ရဟန္တာအရှင်မြတ်များရဲ့ အ၀တ်တန်ဆာဖြစ်နေလို့ ခုဝတ်နေတဲ့ကိုရင်ရဟန်းဟာ ရဟန္တာမဟုတ်ပေမဲ့လည်း ထိုနည်းတူမြင့်မြတ်မဲ့ပုဂ္ဂိုလ်ဖြစ်မှာမို့ ရည်းမှန်းရိုသေရှိခိုးခြင်း ဖြစ်ပါတယ်။

ဥပမာ-ဘုရင်ကိုယ်တိုင်မလာသော်လည်း ဘုရင်ရဲ့အမိန့်စာပါတာနဲ့ အဲဒီအမိန့်စာရှေ့မှာ ဒူးထောက်ရိုသေပေးရသလို ကိုရင်လေးဟာ ဒီနေ့ဘာမှမဖြစ်သေးပဲ သူဝတ်ရုံထားတဲ့ အရဟတ္တဓဇ-ဘုရားရဟန္တာတို့ရဲ့ အ၀တ်အစားဖြစ်ခြင်းကြောင့် ရိုသေကန်တော့ရခြင်း ဖြစ်ပါတယ်။


မှန်ပါတယ် ဦးဇင်း ရိုသေထိုက်သူကို ရိုသေရမှာပါ။ ဒါပေမယ့် ဦးဇင်းပြောတဲ့ ဒသန မျိုးက တစ်ကယ့် လက်တွေ့မှာ ဓမ္မစရိယများရဲ့ ပါးစပ်ဖျားလောက်မှာသာ ရှိနေပါတယ်။ သူတို့ကိုယ်တိုင် ကြိတ်ပြီး အားကိုးမရှိ အားကိုးရှာ (နတ်က အစ အိမ်ထဲမှာ ကြိတ်ပြီး) ကိုးကွယ်နေတာပဲ- ပြီးတော့ သူတစ်ပါးကိုတော့ ဆုတောင်းခြင်းဟာ မှားနေသလိုလို လျှောက်ပြောနေတော့ မခက်ဘူးလား။
ဦးဇင်းနဲ့ ကျွန်တော် ဆက်ဆွေးနွေးနိုင်မှာပါ။- စကားလုံးအရ မဟုတ်ပေမယ့် သဘောတရားအရ အတော်လေး အတွေးအခေါ်တူညီတာတွေကို တွေ့ရပါတယ်။ ဦးဇင်း အားမှပါ။

အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၁)

Tuesday, March 20, 2012

အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၁)

အရှင်ကောမလ(ခ)ဆန်နီနေမင်း ရဲ့ ဘာသာရေးဆွေးနွေးမှု စောဒနာ သောဓနာများ ဆိုတဲ့ပိုတ်စ့်အတွက် အချိန်ရသလောက် အတွင်း မှာ အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၁) အနေနဲ့ ပြန်လည်စောကြောပေးလိုက်ပါတယ်…

ဆန်နီနေမင်း နှင့် ပထမအကြိမ် မေး/ဖြေ ကို ဤနေရာလေး မှာ ကလစ်နှိပ်ကာ ဖတ်ရှုနိုင်ပါတယ်….

နေတို့ လတို့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး အဂ္ဂညသုတ်မှာ မြတ်စွာဘုရား ရှင် ဟောကြားတော်မူခဲ့တာ ရှိပါ တယ်။ အဲဒါကို ဒကာတော် အနေနဲ့ လေ့လာမယ်ဆိုရင် ဒကာတော်မေးထားတဲ့ မေးခွန်းအတွက်လည်း အဖြေရပြီးသား ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အဂ္ဂညသုတ်မှာပါတဲ့ နေတို့လတို့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်တဲ့ အကြောင်းအရာ လေးကို ရွေးပြီးဖော်ပြပေး လိုက်ပါတယ်။ ရှည်သော ကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံ၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထို(ဘုံ)၌ (ဈာန်)စိတ်ကြောင့် ဖြစ်ကုန် ၏၊ နှစ်သိမ့်ခြင်း 'ပီတိ'လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

ရှည်သောကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် တည်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောက ဖြစ် လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံမှ စုတေ၍ ဤ (လူ့ဘုံ)သို့ ရောက်လာကုန်၏။ ထိုသူ တို့သည် ဤလူ့ဘုံ၌ (ဥပစာရ ဈာန်) စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း 'ပီတိ'လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်း လျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

ထိုအခါ (စကြဝဠာကုဋေတစ်သိန်းလုံးသည်) တစ်ခုတည်းသော ရေပြင်ကြီးသာ ဖြစ်၏၊ မှောင်အတိ ဖြစ်၏၊ တစ်ခဲ နက် မှောင် အတိဖြစ်၏၊ လနေတို့သည် ထင်ရှားမရှိကုန်၊ နက္ခတ်တာရာ့သဏ္ဌာန်တို့သည် ထင်ရှားမရှိကုန်၊ ညဥ့်နေ့တို့ သည် ထင်ရှားမရှိ ကုန်၊ လ, လခွဲတို့သည် ထင်ရှားမရှိကုန်၊ ဥတု, နှစ်တို့သည် ထင်ရှားမရှိကုန်၊ မိန်းမ, ယောက်ျားတို့ သည် ထင်ရှားမရှိကုန်၊ သတ္တဝါတို့သည် 'သတ္တဝါ' ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။

ရှည်သော ကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ထိုသတ္တဝါတို့အား အရသာနှင့် ပြည့်စုံသော မြေဆီ သည် ရေ၌ ထက်ဝန်း ကျင် အနှံ့ တည်၏၊ ဥပမာ ပူသောနို့သည် အေးသည်ရှိသော် အထက်၌ အမြှေးဖြစ်သကဲ့သို့၊ ဤအတူ မြေဆီသည် ထင်ရှား ဖြစ်၏၊ ထို (မြေဆီ)သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့နှင့် ပြည့်စုံ၏၊ အရသာနှင့် ပြည့်စုံ၏၊ ထောပတ်ဆီဦးသည် (အဆင်း နှင့်) ပြည့်စုံသကဲ့သို့၊ ဤအတူ အဆင်းနှင့် ပြည့်စုံ၏၊ (ပျားချေးစသည့်) အပြစ်ကင်းသော ပျားငယ်ရည်သည် အရသာနှင့် ပြည့်စုံသကဲ့သို့၊ ဤအတူ အရသာနှင့် ပြည့်စုံ၏။

ထိုအခါ လျှပ်ပေါ်သော သဘောရှိသော သတ္တဝါတစ်ယောက်သည် ''အချင်းတို့ ဤအရာသည် အဘယ်သို့ အရသာ ဖြစ်လိမ့်မည် နည်း'' ဟု မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်၏၊ မြေဆီ ကို လက်ချောင်းဖြင့် (ယူ၍) လျက်သော ထိုသတ္တဝါအား (အရ သာသည် ခုနစ်ထောင်သော အကြောတို့ကို) ပျံ့နှံ့၍ တည်၏၊ ထိုသတ္တဝါအား တပ်ခြင်း တဏှာသည်လည်း ဖြစ်၏။ တစ်ပါးသော သတ္တဝါတို့သည်လည်း ထိုသတ္တဝါကို အတုလိုက်၍ မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်ကုန်၏၊ မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်ကုန်သော ထိုသတ္တဝါတို့အား (အရသာသည် ခုနစ်ထောင်သော အကြောတို့ကို) ပျံ့နှံ့၍ တည်၏၊ ထိုသတ္တဝါတို့အား တပ်ခြင်း တဏှာသည်လည်း ဖြစ်၏။

ထို့နောက် ထိုသတ္တဝါတို့သည် မြေဆီကို လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အားထုတ်ကုန်၏၊ ထိုသတ္တဝါတို့သည် မြေဆီကို လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အားထုတ်ကြသောအခါ ထိုသတ္တဝါတို့အား မိမိတို့ ကိုယ်ရောင်သည် ကွယ်၏၊ မိမိတို့ ကိုယ်ရောင် ကွယ်သည်ရှိသော် လနေတို့ ထင်ရှားဖြစ်ကုန်၏၊ လနေတို့ ထင်ရှားဖြစ်ကုန်သော် နက္ခတ် တာရာတို့ ထင်ရှားဖြစ်ကုန်၏၊ နက္ခတ် တာရာ သဏ္ဌာန်တို့ ထင်ရှားဖြစ်ကုန်သော် ညဥ့်နေ့တို့ ထင်ရှားဖြစ်ကုန်၏၊ ညဥ့်နေ့တို့ ထင်ရှားဖြစ်ကုန်သော် လ, လခွဲတို့ ထင်ရှားဖြစ်ကုန်၏၊ ဥတု, နှစ်တို့ ထင်ရှားဖြစ်ကုန်၏။ ဤမျှသော အပိုင်းအခြားဖြင့် ဤလောကသည် တစ်ဖန် ဖြစ်၏။

ဒီသုတ်တော်ရဲ့ နောက်ဆုံးအပိုဒ်မှာ လူသားတွေ ကိုယ်ရောင်ပျောက်သွားလို့ နေ၊ လတို့ ထင်ရှား ဖြစ်လာတယ်။ နက္ခတ်တာ ရာတွေ ဖြစ်လာတယ်။ နေ့ည၊ လ လဆန်းတွေ ဖြစ်လာတယ်လို့ ပြောထား ပါတယ်။ ဒီအချက်က ကမ္ဘာမှာ လူတွေ၊ သတ္တ၀ါတွေ က အရင် ဖြစ်တယ်။ သူတို့ကိုယ်ရောင် ကွယ်သွားတော့မှ နေ၊ လ နက္ခတ်တာရာ များ ဖြစ်ရတယ်လို့ ပြောဆိုထားခြင်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ- နေ၊ တို့ လတို့က နဂိုကတည်းက ရှိနေတာ-၊ လူတွေက ကိုယ်ရောင်လင်းနေလို့ သတိမထားမိခဲ့တာ- ကိုယ်ရောင်တွေ   ပျောက်သွားတော့မှ သတိထားမိလာတာလို့ စောဒက တက်လို့ မရနိုင်ဘူး- အကြောင်းက ဒီသုတ်တော်ရဲ့ သုံးပိုဒ်မြောက်မှာ ထိုအခါ (စကြဝဠာကုဋေတစ်သိန်းလုံး သည်) တစ်ခုတည်းသော ရေပြင်ကြီးသာ ဖြစ်၏၊ မှောင်အတိ ဖြစ်၏၊ တစ်ခဲ နက် မှောင်အတိဖြစ်၏၊ လနေတို့သည် ထင်ရှားမရှိကုန်၊ နက္ခတ်တာရာ့သဏ္ဌာန်တို့သည် ထင်ရှားမရှိကုန်၊ ညဥ့်နေ့တို့ သည် ထင်ရှားမရှိကုန်၊ လ, လခွဲတို့သည် ထင်ရှား မရှိကုန်၊ ဥတု, နှစ်တို့သည် ထင်ရှားမရှိကုန်၊ မိန်းမ, ယောက်ျားတို့ သည် ထင်ရှားမရှိကုန်၊ သတ္တဝါတို့သည် 'သတ္တဝါ' ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။ လို့ အတိအကဖေါ်ပြထား လို့ပါ။- 

ဒီအချက်ဟာ-၊
(၁) ကမ္ဘာက အရင်ဖြစ်၊ လူ- သတ္တ၀ါတို့ဖြစ်၊ ပြီးမှ နေ လ နက္ခတ်တို့ ဖြစ်-၊ ဆိုတဲ့ ဖြစ်စဉ်ကို ရှင် ဂေါတမက သဗ္ဗညုဉာဏ်နဲ့ သိခဲ့ တယ်- ဆိုတော့၊ အဲ့ဒီ သဗ္ဗညုဉာဏ်ဆိုတာကို စောဒက တက်စရာ ဖြစ်နေပါတယ် ဦးဇင်း (ဦးဇင်း နားလည်သလို ထပ်ဆင့် ရှင်းပြစေလိုပါတယ်။)

(၂) သတ္တ၀ါတို့သည် ဓါတ်ကြီးလေးပါးကို အခြေခံပြီး ဖြစ်တည်လာတယ်လို့ ဗုဒ္ဓသီအိုရီက ပြောပါ တယ်။- အဆိုပါ အဂ္ဂည သုတ်တော်အရ- လူတွေနဲ့အတူ အခြားတိရိစ္ဆာန်တွေလည်း ဖြစ်နေပြီ ဖြစ်ကြောင်း မသမာသူကို နွားချေးဖြင့် ပစ်ပေါက်ကြသည် ဆိုတဲ့ စကားက ခိုင်လုံစေပါတယ် (အဂ္ဂည သုတ်တော်ကို ဆုံးအောင် ဆက်ဖတ်ပါ)။ နေ မဖြစ်မှီ တေဇောဓါတ်က ဘယ်က လာပါ သလဲ- လို့ ဆက်မေးပါရစေ။ “လူကတော့ ကိုယ်ရောင်ရှိ လို့ ကိုယ်ရောင်က သူ့ဟာသူ အပူဓါတ် တေဇော ကို ပေးခဲ့နိုင်တယ် ထား ပါတော့- အခြားသတ္တ၀ါတွေမှာ တေဇောဓါတ်ကို ဘယ်က ရလာခဲ့ပါသလဲ။”

(၃) လူတွေက အဘဿရဘုံက လောကကို ဆင်းလာခဲ့တာ-၊ ဆိုတော့၊ အဲ့ဒီကာလ အခြားသော တိရိစ္ဆာန်များက ဘယ်ဘုံက ဆင်း လာပါသလဲ။

(၄) ရှည်သောကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် တည်၏၊- ဒီနေရာမှာ ဒီ လောက် စနစ်တကျ ဖြစ်တည်နေတဲ့ ကမ္ဘာ- လောက ဟာ သူ့အလိုလို ဖြစ်တည်လာတယ်လို့ ခံစား မိပါသလား။ သို့မဟုတ် ဘယ်အကြောင်းကြောင့် အကျိုးဆက် ဖြစ်တဲ့ ကမ္ဘာလောက က တည်လာရပါသလဲ။ (ကမ္ဘာလောက ဆိုတာမှာကော- ရှေ့ဘ၀ကံ ရှိနေလို့ အခုဘ၀မှာ ကမ္ဘာလောက ဖြစ်နေ ရ တာလား။)

ဖြစ်၊ ပျက် နိယာမ အလျှောက် အလိုလို စနစ်တကျ ဖြစ်တည်လာတာလို့ ခံစားမိရင်- အဲ့ဒီလောက် စနစ်တကျ ရှိနေတဲ့ ဖြစ်၊ ပျက် နိယာမကို ဖေါက်ပြန်ပြောင်းလဲခြင်း မရှိအောင် အထိန်းအကွပ် မရှိဘဲ သဘာဝ အလျှောက် ဖြစ်တည်နေတယ်လို့ ခံစားမိပါသလား။

စာတစ်ခုကို ဖတ်တဲ့အခါမှာ အတွေးလွန်ခြင်းနဲ့အတွေးခေါင်ခြင်းဆိုတဲ့ အစွန်းနှစ်ဘက်ကို ရှောင်ကြဉ် ရပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတယ်ဆိုတဲ့ နိယာမအနေနဲ့ကြည့်မယ်ဆိုရင် ဒကာ မေးထားတဲ့ ကွန်ပျူတာတီထွင်သူ မရှိဘူးဆိုတဲ့ မေးခွန်းက ထပ်ဆင့်မေးစရာတောင် လိုမည်မထင်ပါ။ ကွန်ပျူတာကို တီထွင်လိုက်တဲ့ ပညာရှင်ကြောင့် ကွန်ပျူတာဆိုတဲ့အရာ ပေါ်ပေါက် လာ တယ်။ သူတီထွင်လိုက်တာက အကြောင်း၊ ကွန်ပျူတာဖြစ်ပေါ်လာခြင်းက အကျိုးဆက်ပါ။ ပညာရှင် တစ်ယောက်က တီထွင်မှုဆိုတဲ့ အကြောင်းမရှိဘဲ ကွန်ပျူတာဖြစ်ပေါ်လာပါသလား? 

ဦးဇင်းရဲ့ အဖြေက ရှင်းနေပါပြီ။ တီထွင်ပြုလုပ်သူ (ဖန်ဆင်းသူ) သူ ဆိုတဲ့ အကြောင်းမရှိဘဲ- ဖြစ်တည်လာစေတဲ့အကျိုး မရှိဘူးပေါ့- ဒါဆိုရင် ကမ္ဘာလောကကရော- ဦးဇင်း?

နောက်ပြီးဘုရားသခင်က ဖန်ဆင်းတယ်ဆိုရင် ပညာရှင်က မလုပ်ဘဲ ဘုရားသခင်ဖန်ဆင်းလို့ သူ့အလိုလို မိုးပေါ်ကကျလာသလိုမျိုး ကွန်ပျူတာဖြစ်ပေါ်လာတာလား? နောက်ပြီး ဘုရားသခင် ဖန်ဆင်းတယ် ဆိုရင် ပညာရှင်တစ်ဦးဦးက ကွန်ပျူတာမတီထွင်ခင်အချိန် က ဘာဖြစ်လို့ ဘုရား သခင်က မဖန်ဆင်းတာလဲ? ဒီလိုပြောဆိုနေတာတွေက ဘုရားသခင်ကိုဖြစ်စေ၊ ဖန်ဆင်းရှင် ၀ါဒကိုဖြစ်စေ တိုက်ခိုက်ချင်လို့ ပြောဆိုတာမဟုတ်ပါဘူး။ ဒကာတော်ပြောတဲ့ ဥပမာနဲ့ပဲ ဒကာတော်ကို ပြန်ပြီး မေးခွန်းထုတ်တဲ့သဘောပါ။

ဒါက ကျွန်တော့အနေနဲ့ ကွန်ပြူတာ ဆိုတာကို ဥပမာ ပေးလိုက်တာပါ။ တီထွင်ဖန်တီးသူ မရှိဘဲ သူ့အလိုလို သဘာဝအလျှောက် ဘာမှ ဖြစ်မလာနိုင်ဘူး ဆိုတာကို ပေါ်လွင်စေလို့- လို့ ဖြစ်ပါတယ်။ အလားတူ ကမ္ဘာလောကကြီးဟာလည်း သူ့အလိုလို သဘာဝ အလျှောက် ဖြစ်လာတာ မဟုတ်ဘူး ဆိုတာကို တွေးမိစေလိုတဲ့ စေတနာနဲ့ပါ။

ဒီနေရာမှာ ထပ်ဆင့် ရှင်းပြစရာလေး ရှိပါတယ်။ ဖန်ဆင်းမှု (တီထွင်ပြုလုပ်မှု) မှာ သုံးဆင့်ရှိပါတယ်။

(၁) ပရမတ်ဘုရား (အသင်္ခတဓါတ်တော်) အလ္လာဟ် က မူလဇစ်မြစ် ဖြစ်တယ်- ဒါကို အာရ်ဗီလို ဗဒိ လို့ခေါ်ပါတယ်။ (ကုရ်အံ ၆း၁၀၁)

(၂) အဲ့ဒီ အသင်္ခတဓါတ်တော် အလ္လာဟ်ကမှ လောကဓမ္မကို ဖြစ်တည်စေတယ်- ဓါတ်တော်များနဲ့ ထပ်ဆင့်ကွပ်ကဲပေးတယ်- အဲ့ဒီ လောကဓမ္မနဲ့ ဖန်ဆင်းပေးခြင်း ဖြစ်တယ်။ (ကုရ်အံ ၁၀း၃)။

(၃) လူသားများကို လောကအပေါင်းအတွက် အသင်္ခတဓါတ်တော် အလ္လာဟ်ရဲ့ ကိုယ်စားလှယ်များ အဖြစ် ဖြစ်တည်စေတယ်။ (ကုရ်အံ ၆း၁၆၅)

ဒါကြောင့် လူသားများမှာ- လောကအပေါင်းရဲ့ ဘုရားအဖြစ် ထိန်းသိမ်းကွပ်ကဲနိုင်စေဘို့ လောက အပေါင်းမှာ ရှိတဲ့ အရာများကို သိနိုင်စွမ်း ဉာဏ်ရည် ဖြစ်တည်နေပါတယ်။ ဒီဉာဏ်ရည်ကို အရောင် တင်လေ ထွန်းတောက်လေ ဖြစ်ပါတယ်။ ဉာဏ်ရည် ထွန်းတောက်လာသူများက သူထွန်းတောက် လာတဲ့ ကဏ္ဍမှာ သူထွန်းတောက်သလောက် လောကထဲက နိယာမတွေကို သိနိုင်တယ်။ အဲ့ဒီ နိယာမ တွေကို ဖေါ်ထုတ်ပြီး- နောက်ထပ်လူသားတွေအတွက် အသုံးပြုမယ့် ၀တ္ထုပစ္စည်းတွေကို ထပ်ဆင့် ဖန်ဆင်းပေးနိုင်တယ်။ 

အရာဝတ္ထုများ ဖြစ်တည်စေခြင်းရဲ့ အက္ခရာက လောကဓမ္မ ဖြစ်နေလို့ပါ။- ဒီနေရာမှာ အဓိက သော့ချက်က “ဉာဏ်” ဖြစ်ပါတယ်။ ဉာဏ်ပွင့်မှ လောကဓမ္မကို သိနိုင်တာပါ။ သာမန် ဉာဏ်မပွင့်သူများက ဘာဆို ဘာမှ တီထွင်ဖန်ဆင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒီတော့ လောကမှ ၀တ္ထုပစ္စည်းတစ်ခု ဖြစ်လာတိုင်း အဲ့ဒါရဲ့ အခြေခံ ဇစ်မြစ်က ဉာဏ် ကြောင့် ဆိုတာကို သိစေလိုပါတယ်။ အဲသလို ပဲ--၊ လောကအလုံးစုံ ဖြစ်တာလည်ရတာဟာလည်း မူလဇစ်မြစ် ဉာဏ် တစ်ခုအခြေခံ မပါဝင်ဘဲ ဖြစ်တည်လာဘို့ရာ အကြောင်း မရှိပါ။-- လို့ ဆွေးနွေးလိုပါတယ်။ (ဦးဇင်းရဲ့ အမြင်ကို သိပါရစေ၊)

ဦးဇင်းတို့အနေနဲ့ သိပ္ပံပညာရှင်စတဲ့ပညာရှင်တစ်ယောက်ယောက်က အရာဝတ္ထုပစ္စည်းတစ်ခုကို တီထွင်လိုက်လို့ အရာဝတ္ထုတွေဖြစ်ပေါ်လာတာကို ယုံကြည်လက်ခံပါတယ်။ လက်တွေ့လည်း ကျပါတယ်။ ဘုရားသခင်က ဖန်ဆင်းလို့ဖြစ်ပေါ်လာ တာကို လက်မခံတာပါ။ အဲဒါကို ခွဲခြားပြီးနားလည် စေချင်ပါတယ်။

သိပ္ပံပညာရှင် ဆိုတဲ့ ရုပ်ကလပ်က အရာဝတ္ထုကို ဖန်ဆင်းပေးတာလား၊ သူ့မှာ မှီဝဲတဲ့ ဉာဏ်က ဖန်ဆင်း ပေးတာလား- ဦးဇင်း ဝေခွဲ ဆင်ခြင်ကြည့်ပါ။ ဦးဇင်းပြောသလို အရာတစ်ခုဟာ အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ဘူး- ဆိုတဲ့ အဆိုနဲ့ တွဲပြီး ဆင်ခြင်ကြည့် ရင်- ကမ္ဘာလောကကြီးက ရော အလိုလို ကျလာပါသလား-၊ ဆက်လက် ဉာဏ်ဆန့်ကြည့်ပါ ဦးဇင်း- ပြီးရင် ပြန်လည် စောဒကကို သိလိုပါတယ်။

ဒကာတော်ပြောတဲ့စကားထဲမှာ အဖြေကပါပြီးသားလို ဖြစ်နေပြီလေ။ စာကြိုးစားရင် စာမေးပွဲ အောင်တယ်ဆိုတာ သူကြိုးစားလို့ အောင်တာလား? ဘုရားသခင်က ဖန်ဆင်းပေးလို့ အောင်တာလား? ကျရှုံးရင်လည်း အတူတူပါဘဲ။ သူစာမကြိုးစားလို့ ကျရှုံးတာ လား? ဘုရားသခင်က ကျရှုံးအောင် ဖန်ဆင်းလိုက်တာလား? မိမိကိုယ်တိုင်က ကျရှုံးအောင်လုပ်ချင်တယ်ဆိုရင် မဖြေဘဲနေလို့ ရ သလို အောင်မှတ်မရအောင် အမှားတွေချည်းဘဲဖြေလို့ကော မရနိုင်ဘူးလား? အောင်ခြင်း ကျခြင်း ဆိုတာ တွေကတော့ လူတွေခေါ်ဆို မှတ်သားရအောင် သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပညတ်တစ်မျိုးပါ။ ဥပမာ- ထမင်း၊ ရေ၊ သစ်ပင်စသည်ဖြင့် သတ်မှတ်ခေါ်ဆိုသလိုမျိုးပေါ့။ အဲဒီလိုသတ်မှတ်ချက်ဆိုတာ မရှိရင် ဖြေနိုင်လို့ အောင်မြင်သွားရင် (သို့) မဖြေနိုင်လို့ကျရှုံးသွား ရင် အောင်တယ်/ကျတယ်လို့ ပြောစရာမရှိဘဲ လူတွေသိအောင် ဘယ်လိုပြောမှာပြမှာလဲ? အောင်တယ်/ကျတယ် ဆိုတဲ့နာမည် ပညတ်တွေဟာ ဘုရားသခင်က ဖန်ဆင်းလို့ဖြစ်ပေါ်လာတာမျိုး မဟုတ်ဘဲ လူတွေသတ်မှတ်ခြင်းဆိုတဲ့ အကြောင်းကြောင့် ဖြစ်ပေါ် လာတယ်ဆိုတာ သဘောပေါက်စေချင်ပါတယ်။

ဦးဇင်းရဲ့ စောကြောထောက်ပြမှုက ကောင်းပါတယ်။ ဦးဇင်းက ကျွန်တော်ထောက်ပြတဲ့ ဥပမာမှာ ဖန်ဆင်းရှင် ဆိုတဲ့ စကားလုံး မပါ ၀င်သေးပါ။ ဦးဇင်းအနေနဲ့ ဖန်ဆင်းရှင်ဝါဒကို ကြိုတင် ငြင်းဆန်နေတယ်လို့ ခံစားမိပါတယ်။ လက်တွေ့ မစောကြောသေးပဲ ကြို တင်ငြင်းဆန်မှုဟာ ကာလာမသုတ်လား ၀ိဘဇ္ဇ၀ါဒနဲ့လည်း မကိုက်ညီပါ။ ကျွန်တော်မေးထားတဲ့ မေးခွန်းက အောင်ခြင်း၊ ကျခြင်း ပညတ်ကို ပညတ်ထားမှု မရှိဘဲ ဘယ်လောက်ကြိုးစား ကြိုးစား အောင်ခြင်း ကျခြင်းဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး လို့ ပြောတာ ပါ။ အောင်ခြင်း ကျခြင်းကို ကာယကံရှင်ကိုယ်တိုင်က ပညတ်တာလား- ကာယကံရှင် မဟုတ်သူက ပညတ်တာလား- ဆိုတာပါ။ ကာယကံရှင်ကိုယ်တိုင်က သူ့ကြိုးစားမှု အလျှောက် အကျိုး ခံစားခွင့် အောင်ခြင်း ကျခြင်းကိုသာ ခံစားခွင့်ရှိတယ်- မဟုတ်လား လို့ ထောက်ပြခြင်း ဖြစ်ပါတယ်။ ကိုယ်ကြိုးစားပြီး ကိုယ့်ဟာကို အအောင်ပေးတဲ့ သဘော ဘယ်နေရာမှာများ တွေ့ဘူးပါသလဲ။ အခု ဦးဇင်း ဒေါက်တာ အဆင့်ကျမ်းပြုနေတယ်ပဲထား-၊ ဒေါက်တာအဆင့်မှီ- မမှီကို ဦးဇင်းကိုယ်တိုင်က ကြိုးစားပေမယ့်- ဦးဇင်း ကိုယ်တိုင် မိမိကိုယ်မိမိ စာမေးပွဲ အအောင်ပေးလို့ရပါသလား။ ဒါကိုပဲ မေးတာပါ။ အလားတူပဲ ကံ-ကံ၏ အကျိုးဆိုတာကို မိမိကိုယ် မိမိ ဆုံးဖြတ်သတ်မှတ်လို့ ရပါသလား- စဉ်းစားဖြေဆိုပေးပါ။

ဒကာတော်အနေနဲ့ ကံတရားနဲ့ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ဆိုလိုချက်အမှန်ကို တစ်ကယ် နားမလည်ဘူးဆိုတာ ဒကာတော်ရဲ့စာကို ကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။ စောဒကသဘောနဲ့ဆွေးနွေးချင်တယ်ဆိုရင် ဒီထက်ပိုပြီး နားလည်အောင် အားထုတ်စေချင်ပါ တယ်။ မြတ်ဗုဒ္ဓက ဖြစ်သမျှအကြောင်း အားလုံးဟာ ကံကြောင့်ချည်း ဖြစ်နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ဆူးပုံကို မြင်တဲ့ လူတစ်ယောက် ဟာ ဆူးစူးနိုင်မှန်း သိရဲ့နဲ့ အဲဒီဆူးပုံကို တက်နင်းမယ်ဆိုရင် အဲဒီလူဆူးစူးခံရတာဟာ ကံကြောင့် မဟုတ်ပါဘူး။ အဲဒီလိုဘဲ ဒကာတော်အနေနဲ့ တစ်နေရာကိုဘဲသွားဖို့အတွက် ခြေလှမ်း, လှမ်းတယ်ဆိုရင်လည်း အဲဒီခြေလှမ်းဟာ ဒကာတော်ရဲ့အားထုတ်မှုကြောင့်ဖြစ်ပေါ်လာတာပါ။ ကံတရား ကြောင့် မဟုတ်ပါဘူး။ အဲဒီသဘောတရားကို အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်မှာ အတိအလင်း ဟောထားတာ ရှိပါတယ်။ ဒီလောက်ဆိုရင် မီးခဲကိုင်လို့ ပူတာဟာ ကံရှိသလောက်ပူတာ မဟုတ်ဘူး ဆိုတာ ရှင်းပြီထင်ပါတယ်။

ဦးဇင်းအနေနဲ့လည်း ဖန်ဆင်းမှု သီအိုရီ ဆိုတာကို ကြားဘူးနားဝ အဆင့်မျှသာ ရှိပါသေးကြောင်း မိရိုးဖလာအရ အကြောက် အကန်ငြင်းဆန်သလို ဖြစ်နေသေးကြောင်း ဦးဇင်းရဲ့ စာသွားစာလာအရ သိနိုင်ပါတယ်။ ဒါပေမယ့် “ဒီကိစ္စကို မင်းမသိသေးပါဘူး ကွာ” ဆိုတဲ့ စကားလုံးမျိုးနဲ့ နှစ်ဦးနှစ်ဘက် ဆွေးနွေးမှုဟာ သေချာကောင်းမွန်တဲ့ အဖြေတစ်ခုကို မရောက်နိုင်ပါ။ မတော်တဆ ကျွန်တော့ဘက်က ဦးဇင်းပြောသလို ကံ-အကြောင်းကို မသိသေးဘဲ လျှောက်ပြောနေမိရင် ကျွန်တော့ကို အကုသိုလ်သင့်နိုင် သလို၊ ဦးဇင်းဘက်ကလည်း ဖန်ဆင်းရှင်ကို သေချာတိကျစွာ မသိသေးဘဲ ငြင်းဆန်နေမိရင် ဖန်ဆင်းရှင်ဆိုတာ တကယ်ရှိနေရင် ဦးဇင်းလည်း အကုသိုလ်သင့်နိုင်ပါ တယ်။ ဒါကြောင့် မင်း မသိသေးပါဘူးဆိုတဲ့ စကားလုံးမျိုးကို ရှောင်ပြီး ရိုးသားဖြူစင်စွာ ပဲ ဆွေးနွေးပေးလိုပါတယ်။

လက်ခံတာ လက်မခံတာက ဦးဇင်းနဲ့ ကျွန်တော်တို့ရဲ့ တစ်သီးပုဂ္ဂလ ကိစ္စသာ ဖြစ်ပါတယ်။ -- ဒီ- မီးခဲ ဥပမာမှာ မီးခဲသည် သူ့နဂို သတ်မှတ်မှု အပူရှိန် ဒီဂရီ ဆိုတာ ရှိနေပြီး ဖြစ်တယ်- ဆိုတာကို ဦးဇင်း သတိထားမိစေလိုတဲ့ သဘောနဲ့ တင်ပြတာပါ-၊ အဲ့ဒီ သူ့နဂို သူ့အတွက် ရှိနေတဲ့ သတ်မှတ်မှု ဒီဂရီကို ဘယ်အရာက သတ်မှတ်ထားပါသလဲ- အသိဉာဏ်လုံးဝ မရှိတဲ့ သဘာဝ တရားက သတ် မှတ် ထားတယ်လို့ ဦးဇင်းတွေးမိပါသလား-၊ သို့မဟုတ် အသိဉာဏ်ရှိနေတဲ့ အရာတစ်ခုကသာ နိယာမ ဆိုတာကို သတ်မှတ်နိုင် သလား- ဦးဇင်း ဆင်ခြင်ပြီး ဦးဇင်း အတွေးအတိုင်း ပြန်လည်ဆွေးနွေး ပေးစေလိုပါတယ်။ 

နောက်တစ်ချက်အနေနဲ့ ဒကာတော်ကပြောတဲ့ လူဆိုတာအရည်အသွေးသာ မတူညီချင်နေမယ် “လူ” ဆိုတဲ့ဂုဏ်ရည်မှာ အားလုံး တူညီတယ်ဆိုတဲ့ စကားမှာ အဲဒီလိုအရည်အသွေးတွေ မတူညီတာက ဘာကြောင့်ပါလဲ? တချို့ဖြူတယ် တချို့မည်းတယ် တချို့ ချမ်းသာတယ် တချို့ဆင်းရဲတယ် အဲဒီလို အရည်အသွေးအားဖြင့် ကွဲပြားနေတာက ဘုရားသခင်က ဖန်ဆင်းတာကြောင့်ဘဲလား? လူတွေ အပေါ်မှာ မေတ္တာထားပါတယ်ဆိုတဲ့ ဘုရားသခင်က ဘာကြောင့်တန်းတူညီတူ မဖန်ဆင်းတာလဲဆို တာတော့ လူတိုင်း သိချင်နေကြတဲ့ ကိစ္စပါ။ အပေါ်ယံဆန်တယ်ဆိုတဲ့ စကားနဲ့ရှောင်လွှဲဘို့ မကြိုးစားစေ ချင်ပါဘူး။ စိတ်ကျေနပ်စေမဲ့ အဖြေမျိုး   ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ နောက်ပြီး ဒကာပြောတဲ့ “အရည်အသွေး ပြည့်သွားတဲ့ လူ” ဆိုတာ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ တိုင်းတာ ပါသလဲ? ဦးဇင်းတို့ဘာသာမှာတော့ အရဟတ္တဖိုလ်ရသွား တဲ့ ပုဂ္ဂိုလ်အားလုံးကို “၀ိမုတ္တိရသကို ခံစားတဲ့သူ” အဖြစ် သတ်မှတ်ပါတယ်။

ဟုတ်ပါတယ် ဦးဇင်း စိတ်ကျေနပ်တဲ့ အဖြေမျိုးကို ပေးသင့်ပါတယ်။ ဒါဟာ တရားမျှတတဲ့ တောင်းဆိုမှု ဖြစ်ပါ တယ်။- ပြသနာက လူတွေဟာ တရားမျှတတဲ့ တောင်းဆိုမှုကိုပဲ တောင်းဆိုတတ်လေ့ရှိပြီး- ပြန်လည် ဖြေဆိုသူက  တရားမျှတတဲ့ အဖြေမျိုး ဘယ်လောက်ပေးပေး- အဖြေဟာ တရားမမျှတဘူး၊ စိတ်ကျေနပ်ဘွယ် မဖြစ်ဘူး လို့ ခံစားလေ့ ရှိပါတယ်။ ဒီလို ဖြစ်ရတာဟာ “ဟေတု” ဆိုတဲ့ အကြောင်း ရင်းကြောင့်ပါ။ အစ္စလာမ်ကတော့ “ဟေတု” ဆိုတာကို မိရိုးဖလာအုပ်ဆောင်းလို့ ပြောဆိုပါတယ်။ ဦးဇင်းလည်း နိဗ္ဗာန်တို့ သုံးဆယ့်တစ်ဘုံတို့ကို ရှင်းရတဲ့ အခါများမှာ- ရှင်းပြခံရသူများဘက်က တန်ပြန် စောဒကပေါင်းများစွာကို ကြုံရမှာပါ။ ဒါဟာ နဂိုဓါတ်ခံ (ဟေတု) နဲ့ ဆိုင်ပါတယ်။

အခုအပေါ်ယံ ခံစားမှုများကို အနည်းငယ် ရှင်းပါမယ်။ (အားလို့ အချိန်ရရင် ဒီကိစ္စတစ်ခုတည်းကို သီးခြား ခေါင်းစဉ်နဲ့ ဆွေးနွေးပါ။- တတ် အားသမျှ ရှင်းပြပါမယ်။)

(၁) အသားရောင်ပြသနာ-၊ ဒါကို လူသားတွေက သတ်မှတ်တာပါ။ ကုရ်အံကျမ်းမှာ အသားအရောင် မျိုးနွယ် ခွဲခြား သတ်မှတ် ဖြစ် တည်စေတဲ့ အကြောင်းရင်းက လူသားချင်း လွယ်ကူစွာ မှတ်မိစေဘို့သာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ခွဲခြား ဆက်ဆံဘို့ မဟုတ်ပါ။- ဒါကြောင့် အစ္စလာမ်လောကမှာ အသားဖြူ အသားမဲ ခွဲခြားထားမှု မရှိပါ၊ အားလုံးဟာ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်ကြပါတယ်။

အပြင်လောကမှာ- နိုင်ငံရေးအာဏာလုနေတာက ဖြစ်တည်လာတဲ့ ပြသနာ ဖြစ်ပါတယ်။ လူမဲနဲတဲ့ အရပ်မှာ လူမဲက အနှိမ်ခံဖြစ် တယ်။ လူများစု လူဖြူတွေက အာဏာနဲ့ အုပ်ချုပ်ခွင့်ကို ကိုင်ထားချင်တာကိုး- အလားတူ လူမဲများတဲ့ အရပ် ဥပမာ မာဒါဂါ့စ်ကာ ကျွန်းနိုင်ငံကြီးမှာ လူဖြူ မလေးမျိုးနွယ်တွေက အစဉ်အလာနဲ့ အနှိမ်ခံ နေရဆဲပါ။ အာဖရိက နိုင်ငံများ အားကောင်းစဉ်က မလေး၊ အင်ဒို ဘက်ထိ ရေတပ်တွေ ရောက်ပြီး မလေး အင်ဒိုက မလေးလူဖြူများကို ဖမ်းဆီးက ကျွန်အဖြစ် ပြုကျင့်ခဲ့ ပါတယ်။ အဲ့ဒီ မျိုးဆက်က အာဖရိက ကမ်းရိုး တမ်းနိုင်ငံတွေမှာ အခုထိ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ အထူးသဖြင့် မာဒါဂါ့စ်ကာ မှာ အခုထိ အကြီး အကျယ် ရှိပါတယ်။

ဒါက နိုင်ငံနယ်တစ်မိတ်တစ်ခုကို သတ်မှတ်တဲ့ ဧရိယာအတွင်းမှာ လူများစု လူနည်းစု ပြသနာလို့ ခေါ်ပါတယ်။ အရေပြားပြသနာ မဟုတ်ပါ။ အရေပြားအရောင်က အာဏာမက်သူတွေရဲ့ အကြောင်းပြ ချက်တစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း ဒီပြသနာ ရှိနေတာပဲ- ဗမာနဲ့ ကရင်အကြားပြသနာ၊ ဗမာနဲ့ မွန် အကြား ပြသနာ- အရေပြားကို အကြောင်းပြလို့ မရရင်- အခြားရတဲ့နည်းနဲ့ အကြောင်းပြနေတာပဲ လေ။ နောက်ဆုံး လူမျိုးတူ အရောင်တူ ဘာသာတူ ဖြစ်ရင်တောင် ပါတီ၊ ခံယူချက် မတူညီတာကို အကြောင်းပြပြီး- အနိုင်ရတဲ့ အုပ်စုက အနိုင်မရတဲ့ အုပ်စုကို နည်းမျိုးစုံ ဖိနှိပ်နေတာပဲ မဟုတ်လား။ ဒီတော့ ဒီကိစ္စကို ဘုရားသခင် က ဘာဖြစ်လို့ တစ်ပြေးညီ မလုပ်ထားတာလဲ- ဆိုတဲ့ မေးခွန်းက ကလေးဆန်တဲ့ မေးခွန်းပါ။ ဒါပေမယ့် နားမလည်သူအတွက် မေး သင့် ပါတယ်။-

ဇစ်မြစ်ရှင် ဖြစ်တဲ့ အသင်္ခတဓါတ်တော် ပရမတ်ဘုရားက- လူသားကို လောကအပေါင်းအတွက် ဘုရား ဖြစ်စေဘို့  ဖြစ်တည်စေ တာ- လို့ ကုရ်အံ ၆း၁၆၅ မှာ ပြောထားပါတယ်။ ပြီးတော့ အဲ့ဒီ လူသားထဲက အဖြူစင် အသန့်ရှင်းဆုံးသူသည်သာ အမြင့်မြတ်ဆုံး အဖြစ် ဖြစ်တည်စေတယ်လို့ ၉၅း၎ မှာ ပြောထားပါတယ်။

တစ်ကယ်လို့ လူသားကိုသာ ဘုရားဖြစ်စေဘို့ဆိုတဲ့ ဂုဏ်ရည်ဓါတ် မပါဝင်ဘဲ ဖြစ်တည်စေမယ်ဆိုရင် လူသားဟာလည်း အခြား ရုပ်ဝတ္ထုပစ္စည်းတစ်ခုလို (ဥပမာ ကျောက်ခဲတစ်ခုလို) ဘာ စောဒကမှ မရှိဘဲ လောကမှာ အလိုက်သင့်နေတဲ့ ပစ္စည်းတစ်ခု ဖြစ်နေ မှာပါ။

ဘုရားဖြစ်စေမယ့် အရာမှာ ဘုရားဖြစ်မယ့် အရည်အချင်းဓါတ် “ဉာဏ်” လိုအပ်သလို- အဲ့ဒီ ဉာဏ်အတွက် တွန်းအား ဆန္ဒ လိုအပ် ပါတယ်။ အဲ့ဒီ ဆန္ဒ ဆိုတာကလည်း အရာအားလုံးကို သိနိုင် စပ်စုနိုင်ဘို့ လွတ်လပ်ခွင့် လိုအပ်ပါတယ်။ လွတ်လပ်ခွင့် မရှိရင် သူ့မှာ ဆန္ဒ ဘယ်လောက်ရှိရှိ သူစပ်စုဘို့ အခွင့်မရခဲ့တာကို သိနိုင်အား မရှိပါ။

ဥပမာ- မွတ်စလင်ကလေးတစ်ဦးကို သူ့မိဘများက ဇာတ်ပျက်မှာ စိုးလို့ ဆိုပြီး- ဘုန်းကြီးကျောင်းတို့ စေတီပုတိုး တို့ကို သွား လာခြင်းက တားမြစ်ထားတာမျိုး ရှိတတ်တယ်။- ဒီတော့ အဲ့ဒီကလေးဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက် ပြီး လေးလေးနက်နက် တိတိ ကျကျ သိနိုင်ဘို့ရား အားနည်းသွားတယ်။ ဒီတော့ သူ့မှာ သိအပ်တဲ့ အသိတစ်ခု ချို့ယွင်းနေတယ်လို့ သုံးသပ်နိုင်တယ်။ သူ့မှာ ကြားဘူးနားဝလောက်သာ ရှိမယ်။ ဗုဒ္ဓဘာသာရဲ့ ပြင်ပက ဗုဒ္ဓ ဘာသာအကြောင်း မကောင်းဝါဒဖြန့်တာများကိုပဲ သိခွင့်ပိုရှိမယ်။ ဒီလို ဆိုရင် သူဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ ကို ကောင်းမွန်စွာ သိခွင့်မရဘူးပေါ့။--

အလားတူပဲ- ပရမတ်ဘုရားရှင်က လူသားကို ဘုရားဖြစ်စေဘို့ ဂုဏ်ရည်နဲ့ ဖြစ်တည်စေတယ်။ ဒါပေမယ့် သူ့မှာ အဲ့ဒီ ဉာဏ်ကို ပံ့ပိုးပေးမယ့် ဆန္ဒ ဆိုတာ မပါဝင်ဘူး၊ ဆန္ဒ ဆိုတာ ပါပြန်တော့လည်း ဆန္ဒက မလွတ်လပ်ဘူး ဆိုရင် သူက သူ့ဉာဏ်ရည်ကို ဘယ်လိုများ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင် မလဲ-၊ ဉာဏ်မဖွံ့ဖြိုးရင် သူဟာ ဘယ်လိုလုပ်ပြီး ဘုရား ဖြစ်နိုင်မလဲ။ ဒါကြောင့် ဆန္ဒကို လွတ်လပ်ခွင့်ပုံစံနဲ့ ပြဌာန်းထားပြီး ဖြစ်ပြန်တယ်။ အဲ့ဒီ ဆန္ဒရဲ့ လွတ်လပ်ခွင့်ထဲမှာ- ဆန္ဒကို ၀ိုင်းရံအားဖြည့်တဲ့ လောဘ၊ ဒေါသ၊ မာန၊ မောဟ တွေက ရှိလာပြန် တယ်။- ဒါတွေဟာ ဒွန်တွဲ ဖြစ်တည်စေတဲ့ နိယာမတွေ ဖြစ်ပါတယ်။

ဥပမာ ကွန်ပြူတာတစ်လုံး ဆိုပါတော့- အထဲက စက်ချည်း မတည်ဆောက်ဘူး- အပြင်က အကာ၊ လျှပ်စီးလမ်း ကြောင်း ကီးဘုတ် စတာတွေနဲ့ ၀ိုင်းရံပေးပြီး အားလုံးပေါင်း တစ်ခု ဖြစ်စေတဲ့ သဘောပါ။  ဒါတွေရဲ့ အချုပ်က ဉာဏ် ဆိုတဲ့ အရာကို ၀ိုင်းရံပေးရတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဉာဏ်ကြီးလေ အဲ့ဒီ အရာကြီးလေပဲ။

သဘာဝဉာဏ် လောက်သာ ပိုင်ဆိုင်တဲ့ အခြားတိရိစ္ဆာန်တွေမှာ အဲ့ဒီအရာများ ပါဝင်ခြင်းက အလွန်အားနည်း ပါတယ်။ ဥပမာ တိရိစ္ဆာန်တစ်ကောင်မှာ လောဘ ဆိုတာ မရှိဘူး- သူ စားဘို့လောက်ပဲ သူလိုက်ရှာလေ့ ရှိတယ်။ ဒါပေမယ့် အစာလုတဲ့ သဘောတွေကို တွေ့ရမယ်-၊ အဲ့ဒါတွေက မတော်လောဘကြောင့် မဟုတ်ဘူး-၊ သူ့ဝမ်းက တောင်းဆိုမှုကြောင့်သာ ဖြစ်တယ်။ သူ့ဝမ်းပြည့်သွားရင် သူ့အနေနဲ့ နောက်နေ့စားဘို့ အပို သယ်မသွားဘူး။ သူ့ဟာသူ လှည့်ပြန်သွားပါတယ်။ ကျန်တဲ့အကောင်တွေ စားလို့ ရပါတယ်။ ဒါတွေ ဟာ သတ္တ၀ါတစ်ကောင်ချင်းစီမှာ ဖြစ်တည်စေထားတဲ့ မိမိကိုယ်မိမိ ရပ်တည်ရှင်သန်စေခြင်း အတတ်လို့ သတ်မှတ် ပါတယ်။

လူဟာ ရုပ်အားဖြင့် အခြား တိရိစ္ဆာန် တစ်ကောင်ကဲ့သို့ ဖြစ်တယ်။ ဉာဏ်အားဖြင့် အခြားတိရိစ္ဆာန်များထက် သာတယ်။ (အထက်မှာ ရှင်းပြခဲ့ပါပြီ)။ ဒီမှာ ဉာဏ်ဟာ ဉာဏ်အလုပ်ကိုသာ လုပ်ဆောင်ရင် သို့မဟုတ် ရုပ်နဲ့ ဉာဏ်ကို အလုပ်ခွဲခြား လုပ်ကိုင်တတ်ရင် (အလုပ်ခွဲခြား လုပ်ကိုင်နည်းလည်း ရှိပါတယ်။) လူ ဖြစ်ရခြင်း ဂုဏ် ရည် (ဉာဏ်ပိုင်ရခြင်း ဂုဏ်ရည်) အလျှောက် ဘုရား ဖြစ်ခြင်း ဆီသို့ ဒီဂရီ အလျှောက် နီးစပ်လာပါတယ်။

ဒီလိုမဟုတ်ဘဲ- ဉာဏ်က ရုပ်အလိုချည်း လိုက်နေရင်- (ရုပ်က သူ့တစ်နပ်စာ သူဝရင် ကျေနပ်သွားပေမယ့်- ဉာဏ်က နောက်နေ့   နောက်နှစ် သားစဉ်မျိုးဆက် စားဘို့ပါ တိုက်တွန်းနေရင်) ဉာဏ်ကို လောင်စာပေးတဲ့ ဆန္ဒ ဟာ ဉာဏ်ရဲ့ လောင်စာ မဟုတ်တော့ ဘဲ ရုပ်ကို မြှောက်ပင့်ပေးတဲ့ လောင်စာလို ဖြစ်သွားပါတယ်။ (သူက လွတ်လပ်ခွင့် ရှိနေတာကိုး)။

တကယ်တော့ ဆန္ဒက ဉာဏ်ကို ဖြူဖြူစင်စင်အားပေးမှ ဉာဏ်က ဖြူစင်ကောင်းမွန်မှုနဲ့ ဖွံ့ဖြိုးလာမှာပါ။ ဒီနေရာမှာ စောဒက တစ်ခု   ရှိပြန်တယ်- အဲ့ဒီ ဆန္ဒကို အဲ့ဒီ ပရမတ်ဘုရားက ဘာဖြစ်လို့ ဖြူဖြူစင်စင်ပဲ ဉာဏ်ကို အားပေးဘို့ မပြဌာန်းထားတာလဲပေါ့။

ဟုတ်ပါတယ်- ဒီလိုဆိုရင် ဆန္ဒ အတွက် “လွတ်လပ်စွာ”  ဆိုတဲ့ စကားက တစ်ခြမ်းပဲ့သွားပါလိမ့်မယ်။ လူတစ်ဦးက လူငယ်တစ်ဦး ကို “မင်း လွတ်လွတ်လပ်လပ် အိမ်ထောင်ဘက်ကို ရွေးပါ။ ဒါပေမယ့် ဦးနီရဲ့ သမီးကိုပဲ ယူရမယ်၊” ဆိုတာမျိုး ဖြစ်နေပါလိမ့် မယ်။ နောက်ထပ်စောကြောမှု တစ်ခုက- ဒီလိုဆိုလည်း လူတွေကို ဒုက္ခ မဖြစ်စေမယ့် အရာတွေချည်း ဖန် ဆင်းထားပေါ့- လို့ ပြောနိုင်ပါတယ်။

ဒါလည်း အင်မတန်မှ အတွေးအခေါ်နိမ့်တဲ့ မေးခွန်းပါ။ တစ်ကယ်တော့ ကမ္ဘာလောကမှာ ဒုက္ခ၊ သုခ ဆိုတာ အားလုံးက မာယာတွေ ပါပဲ။ လွတ်လပ်ခွင့်ပေးထားတဲ့ ဆန္ဒက ထပ်ဆင့်ဖန်ဆင်းထားတဲ့ အရာများသာ ဖြစ်ပါ တယ်။ “ဆန္ဒ” ဆိုတာသာ မရှိခဲ့ရင်- ဒုက္ခ တို့ သုခ တို့ မရှိဘူးလို့ ပြောပါရစေ။

ဥပမာ- အလိုဆန္ဒနည်းတဲ့ (ရောင့်ရဲနိုင်တယ်ဆိုတဲ့ ပညတ်အောက်က လူသားတွေနဲ့) အလိုဆန္ဒများတဲ့ လူသား တွေ- နှိုင်း ယှဉ်ကြည့်ပါ။ ဘယ်သူတွေက ဒုက္ခ- သုခ ပိုများသလဲ တွေ့နိုင်ပါတယ်။ အလို ဆန္ဒများသူများသာ သုခ ပိုရှိနိုင်တယ်- (သူဌေး ကြီး ဖြစ်ပြီး တိုက်ကြီး တာကြီး ကားကြီးတွေနဲ့ နေနိုင်တယ်။) ဒုက္ခလည်း ပိုများနိုင် တယ် (လိုတာ မရလွန်းလို့ ခံစားရတဲ့ ဝေဒနာ များပါ။) အလိုဆန္ဒ မများတဲ့ လူများက အဲ့လောက် ဒုက္ခ ဆိုတဲ့ ခံစားချက်၊ သုခဆိုတဲ့ ခံစားချက်များ မရှိနိုင်ပါ။ ဒါကြောင့် လူ ပီသ စွာ မဖြစ်သေးတဲ့ (ဖလောင်းအဆင့်မျိုး) လူတွေပြောဆို ခံစားနေတဲ့ ဒုက္ခ သုခ ဆိုတာမှာ ဘာသာရေးဝန်ဆောင် စစ်စစ်များက ခံစားနေခြင်း မရှိဘဲ-၊ လူစစ်သွားရင် အားလုံးအတူတူပဲလို့ ဒဲ့ဒိုး ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ (ဦးဇင်း မေးလိုရာကိုဆက်မေးပါ။) 

ဒကာတော်အနေနဲ့ ဒီနေရာမှာ ဥတုနိယာမ၊ ဗီဇနိယာမ၊ ကမ္မနိယာမ၊ စိတ္တနိယာမ၊ ဓမ္မနိယာမဆိုတဲ့ နိယာမ (၅) မျိုးကို နား လည်အောင်လေ့လာထားသင့်တယ်လို့ အကြံပြုပါရစေ။ အားလုံးကို ရှင်းပြနေရင် စာရှည်နေမှာစိုးလို့ ဗီဇနိယာမနဲ့ဘဲ ဥပမာပေးပြီး ရှင်းပြပါ့မယ်။ မျိုးစေ့လို့ခေါ်တဲ့ဗီဇဟာ သရက်စေ့ဆိုရင် သရက်ပင်ပေါက်မှာဖြစ်ပြီး မန်ကျည်းစေ့ဆိုရင် မန်ကျည်း ပင်ပေါက်ပါလိမ့် မယ်။ အဲဒီနေရာမှာ တစ်စုံယောက်က ဖန်ဆင်းတာမျိုး မဟုတ်ဘဲ မျိုးစေ့ရဲ နိယာမသဘောတရားအရ သရက်စေ့က သရက် ပင်ပေါက်တဲ့ သဘောပါ။ ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ အဲဒီလိုဘဲ ကံတရားက အကျိုးပေးတဲ့အခါမှာ ကောင်းတဲ့ ကုသိုလ်ကံ က ကောင်းတဲ့အကျိုးတရားကိုဖြစ်စေပြီး မကောင်းတဲ့ကံက မကောင်းတဲ့အကျိုးတရားကို ဖြစ်စေပါတယ်။ အဲဒီလို အကျိုးပေး တဲ့နေရာမှာ တစ်စုံတစ်ယောက်ကနေပြီး စီမံအမိန့်ပေးတာမျိုးမဟုတ်ဘဲ ကမ္မနိယာမသဘောတရား အရ သူ့အလိုလို အကျိုးပေး တာဖြစ်ပါတယ်။ ငရုတ်သီးစားရင် စပ်တယ်ဆိုတယ်ဆိုတာ ငရုတ်သီးမှာ စပ်စေတဲ့ အစွမ်းက ပါပြီးသားမို့ပါ။ တစ်စုံတစ်ယောက် ကနေပြီး ဒီပုဂ္ဂိုလ်စားရင် စပ်စေ ဟိုပုဂ္ဂိုလ်စားရင် မစပ်ပါစေနဲ့ဆိုပြီး အမိန့်ပေးတာမျိုးကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် ဒကာပြော တဲ့ auto တံခါးမှာလည်း တံခါးဖြစ်ပေါ်လာအောင် ပြုလုပ်ထားခြင်းသည် အကြောင်း တံခါးဖြစ်ပေါ်လာခြင်းသည် အကျိုးတရားပါ။ အဲဒီတံခါးကို ဘယ်သူမှ မဖွင့်ဘဲ ဒီအတိုင်းဘဲထားရင် ပွင့်လာစရာအကြောင်းမရှိပါဘူး။ တစ်ယောက်ယောက်က ဖွင့်လိုက်မှသာ လျှင် ပွင့်လာ မှာပါ။ တစ်စုံတစ်ယောက်ပယောဂကြောင့် ပွင့်လာတယ်ဆိုရင် အဲဒီအားထုတ်မှုပယောဂသည်အကြောင်း ပွင့်လာခြင်း သည် အကျိုးတရားလို့ မှတ်ထားစေချင်ပါတယ်။

ဦးဇင်းနဲ့ ကျွန်တော် ဆွေးနွေးတာမှာ တစ်စုံတစ်ခုတော့ ကွာဟနေပါတယ်။ ကျွန်တော်က ဇစ်မြစ်မူရင်း ကို ပြောဆိုတင်ပြတယ်- ဦးဇင်းက အဲ့ဒီ ဇစ်မြစ်မူရင်းကို ဖျောက်ပြီး ကြားဖြတ်ပြောဆိုနေတဲ့ သဘော ဖြစ်ပါတယ်။ ဥပမာ- ရန်ကုန်က ထွက်လာတဲ့ ကား တစ်စီး မန္တလေးရောက်တော့၊ “ဘယ်က လာခဲ့ သလဲ” လို့ မေးတာကို “ပဲခူး ကျော်လာတယ်ကွာ” လို့ ဖြေသလိုဖြစ်နေပါတယ်။ အခု ကျွန်တော်မေးနေတာက “ဗီဇနိယာမ” ဆိုတာမှာ “နိယာမ” ဆိုတဲ့ ပြဌာန်းချက်က ရှိနေပြီး ဖြစ်တယ်- အဲ့ဒီ နိယာမကို ဘယ် အရာ ပြဌာန်းထားပါသလဲ- လို့ မေးတာပါ။ နိယာမကြောင့် ဖြစ်တာတဲ့ အကျိုးဆက်ကို မေးတာ မဟုတ်ပါ။ နိယာမ ဆိုတဲ့ အရာဖြစ် လာရတဲ့ အကြောင်းရင်းကို မေးနေခြင်း ဖြစ်ပါတယ် ဦးဇင်း-၊ ငြုတ်သီးဟာ စပ်တယ် ဆိုရင်- အဲ့ဒီ ငြုတ်သီးကို စပ်စေတာ သူ့ရဲ့ ဗီဇ နိယာမ ကြောင့်ဖြစ်တယ်။ အဲ့ဒီ ဗီဇနိယာမတိုင်းကို ဆင်ခြင်ကြည့်ပါ- တိကျမှန်ကန်နေတယ်။ ငြုတ်စေ့ က သရက်ပင် မပေါက်ဘူး၊ သရက်စေ့က ဖရဲပင် မပေါက်ဘူး-၊ သူ့အတိုင်း မှန်ကန်ညီညွတ်နေတယ်-၊ ဒီလောက်တိကျသေချာ နေတာများကို ဘာအသိဉာဏ်မှ မရှိခဲ့တဲ့ သဘာဝတရားက ဖြစ်စေတာလား- လို့ မေးခြင်းပါ။

ပြီးတော့ ဒီချင်းချက်မှာ ဗီဇနိယာမ အလျှောက် အလိုလိုဖြစ်တယ် ဆိုတဲ့ စကားကို ဦးဇင်း ထည့်ပြောမိ နေပါတယ်။ ကျွန်တော်မေး ထားတာမှာ Auto တံခါးတစ်ချုပ်ဟာ အလိုလို ဖြစ်နေပါသလားလို့ မေးထား တာပါ။ ပြန်လည်ဆက်စပ် ဆင်ခြင်ပြီး ဆွေးနွေးစေ လိုပါတယ်။ (ဒီကိစ္စမှာလည်း ဖန်ဆင်းရှင်ကို မထိုးချပါနဲ့ ဦး တီထွင်ရှင် မရှိဘဲ အလိုလိုဖြစ်မဖြစ်ကိုပဲ အရင် ဖြေပေးစေလိုပါတယ်။)

ကျန်တာတွေ ဒီမှာ ဆက်ဖတ်ပေးပါရန်-
အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၂)

ကမ္ဘာ့ဘုရားများ (နိဒါန်း)

ဘုရားဟူသည့် ပညတ် ဝေါဟာရ

ဘုရားဟု ပညတ်ခံရသူအား ပညတ်ဘုရားဟု ခေါ်သည်ဟု ရိုးရှင်းလွယ်ကူစွာ ဖွင့်ဆိုနိုင်သော်လည်း မြန်မာ ဝေါဟာရ ဘုရားဆိုသည့် စကားလုံးနှင့် ပညတ်ခြင်း ဆိုသည်ကို နားလည်ရန် လိုအပ်မည် ထင်မိသည်။

ဘုရား၊ မြတ်စွာဘုရား ဟူသော စကားလုံးမှာ ကိုယ်တော်ဂေါတမကိုသာ ရည်ညွှန်းသည်- သို့မဟုတ် ကိုယ် တော် ဂေါတမ၏ ကိုယ်ပိုင် နာမ်တစ်ခုဖြစ်သည်ဟု လွဲမှားစွာ ထင်မှတ်လာမှုများ ရှိပေသည်။ ထိုအချက်မှာ ထင် မှတ်သူများ အဘို့ မိမိကိုယ်မိမိ အလွန် ကျဉ်းမြောင်းသော အတွေးအခေါ်ထဲသို့ ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းစေရန် ဘောင်သွင်းယူနေမှုသာ ဖြစ်သည်။ 

ကိုယ်တော်ဂေါတမကိုယ်တိုင်က ဤဘဒ္ဒကမ္ဘာ (ဤကမ္ဘာ) ၌ ငါသည်သာ တစ်ဦးတည်းသော ဗုဒ္ဓဖြစ်သည်ဟု ရင့်ကျူးခဲ့ခြင်းမရှိသလို၊ ငါသည် ဘုရား ဖြစ်သည်ဟု မြန်မာဝေါဟာရ ဘုရားကိုယူ၍ ပြောခဲ့ခြင်းလည်း မရှိချေ။

ပါဠိဝေါဟာရ ဗုဒ္ဓ (အသိထူးဖြင့် သိခြင်း၊ သိသူ)၊ ဘဂ၀ (ကျက်သရေမင်္ဂလာနှင့် ပြည့်စုံခြင်း၊ ပြည့်စုံသူ)၊ ပဏ္ဍိတ (ကိုယ်ပိုင်ပညာနှင့် ပြည့်စုံခြင်း၊ ပြည့်စုံသူ) ဆိုသည့် ဝေါဟာရများအား- မြန်မာ ပိဋကတ် ဘာသာပြန်များ၌ ဘုရား၊ မြတ်စွာဘုရား- ဟု ပြန်ဆိုခြင်းများ ဖြစ်ပေသည်။

ဘုရား- ဟူသော မြန်မာ ဝေါဟာရနှင့် စပ်လျှဉ်း၍ အဆိုပြားလျှက် ရှိသည်။ အချို့က ထိုစကားလုံးမှာ သက္ကတ ဘာသာစကား ဖုသျှာ မှ ဆင်းသက်လာ၍ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသို့ မရောက်မှီကပင်- တကောင်း၊ သီရီခေတ္တ ရာ- စသည့် ပျူမြို့ပြနိုင်ငံများ လက်ထက် ကပင် နိုင်ငံအကြီးအကဲ ဘုရင်၊ ဘုရင်မများအား လက်အောက် ငယ် သားများက- ဖယား၊ ဖုယား၊ မိဖုရား စသည်ဖြင့် ခေါ်ဆိုခဲ့ ရကြောင်း- ထိုကြောင့် ဖယား- ဖုရား- ဘုရား ဆိုသည် မှာ ကြီးကဲမြင့်မြတ်သောသူ၏ နာမ်စားတစ်ခုဖြစ်ကြောင်း ရှင်းလင်းချက်များ ရှိပေသည်။ အချို့ကလည်း သီဟို ပြည်မှ ရှင်ဗုဒ္ဓဃောသ မှတဆင့် ရှင်အရဟံတို့ သထုံပြည်ကို ဗုဒ္ဓသာသနာ ဆောင်ကြည်းခဲ့စဉ်က ကုလား ရဟန္တာတို့က ဗရား- (အကြီးဆုံးသူ)ကို ကိုးကွယ်ကြဟု ပြောသောအခါ- တလိုင်းတို့က အသံမပီဘဲ- ဗရား ကို ဖယား ဟု ခေါ်ရာမှ ဖယား ဟု ဖြစ်သွား၍ နောက်ပိုင်း အောက်မြန်မာနိုင်ငံအား အင်္ဂလိပ်တို့ အုပ်ချုပ်သော အခါ တွင် လျှောက်လွှာများ၌ အင်္ဂလိပ်မင်းတို့အား ဘုရား ဟု ရေးသားရပြီး- ထိုမှ ဖယား မှာ ဘုရား ဖြစ်သွားတော့သည်ဟု ဆိုပေသည်။

ဤနေရာ၌ စကားစပ်၍- ထိုင်းလူမျိုးများကလည်း ဘုရားကို ဖ ဟု ခေါ်၍ တရုတ်ဘာသာစကားဖြင့် ဘုရားဟု အနက်ရသော အသံ ထွက် ကျောက် နှင့် ပေါင်းစပ်လျှက် ဖကျောက် ဟု ခေါ်ပေသည်။ သို့သော် ယခုတိုင် လူ အများစုက ဘုရားကို ဖ ဟုသာ ခေါ်လေ့ရှိ သည်။ သို့သော် ၎င်းတို့ ခံစားသော ဖ-စက်တ (ဘုရား သိဒ္ဓထ) ဆို သည်မှာ ကိုးကွယ်ရာ အရှင်ဟု အဓိပ္ပါယ်ကို မပေးပေ။ ၎င်းတို့ ကိုယ်တိုင်ကလည်း ကိုးကွယ်ရာ အရှင်ဟု ခံစားခြင်း မရှိချေ။ လမ်းပြဆရာ ဟုသာ ခံစားလေ့ရှိပေသည်။

မြန်မာရှေးအကျဆုံး ကျောက်စာများတွင်လည်း ကိုယ်တော်ဂေါတမအား ကိုးကွယ်ရာ အရှင်ဟု အဓိပ္ပါယ်ကို ပေးသည့် အရေး အသားများကို မတွေ့ရပေ။ ပုဂံခေတ် ဘာသာရေးနှင့် ပတ်သက်သော များသောကျောက်စာ များတွင် ရဟန်းကြီးဂေါတမဟု သာ ရေးသားမှတ်တမ်းတင်ထားမှုကို တွေ့ရပေသည်။

အင်္ဂလိပ် ဘာသာပြန် ပိဋကတ်များတွင် ယခုမြန်မာများ ပြောဆိုခံစားနေသော အဓိပ္ပါယ်ကိုပေးသည့် ဘုရား God ဟု သုံးနှုံးပြောဆို သည်ကို လုံးဝ မတွေ့ရချေ။ များသောနေရာများ၌ The Blessed One ဟုသာ ကိုယ် တော် ဂေါတမအား ရည်ညွှန်း ပြန်ဆိုထားပေ သည်။

ထို့ပြင် ဘုရား ဟူသော ဝေါဟာရမှာ ကိုးကွယ်ရာ အရှင် ဖြစ်သည်ဟု မည်သည့်နေရာတွင်မှ အထောက်အထား မရှိချေ။ လက်ရှိ တွင်လည်း ရဟန်းအချင်းချင်း- တစ်ပါးနှင့်တစ်ပါး ပြောဆိုဆက်ဆံသည့် အခါတွင် တစ်ပါးကိုတစ်ပါး အရှင်ဘုရား ဟု ခေါ်ဆိုနေ ကြပေသည်။ ထိုသို့ ခေါ်ဆိုခြင်းကြောင့် ရဟန်းတစ်ပါးက အခြား ရဟန်းတစ်ပါးကို ကိုးကွယ်ရာ အရှင်ဟု သတ်မှတ်ခြင်း မရှိဘဲ - လေးစားသမှု ခေါ်ဆိုခြင်းသာ ဖြစ်ပေသည်။ ကျောင်းဆရာတစ်ဦးက အခြားကျောင်းဆရာ တစ်ဦးအား– ဆရာ ဟုပင် ခေါ်ဆို သကဲ့သို့ပင်။

သို့ဖြစ်၍ လူသားတစ်ဦးအား ဘုရား ဟူသော ဝေါဟာရနှင့် ပညတ်ခံရခြင်းသည်- ထိုလူသားအား ကိုးကွယ်ထိုက်သော အရှင်- ဖြစ် သည်ဟု ခံစားမိခြင်းမှာ မှားယွင်းသော ခံစားမှုသာ ဖြစ်သည်။ သို့သော် ထိုလူသားအား ပုတ်ခတ်ရမည်၊ စော်ကားရမည်ဟုလည်း ဆိုလိုခြင်း မဟုတ်ချေ။ လေးစားထိုက်သူ- ဂုဏ်ပေးထိုက်သူ အဖြစ် ခံစားနားလည်ပေးရမည် ဖြစ်သည်။ ထိုပုဂ္ဂိုလ်၏ သွန်သင်မှု- လမ်းပြမှုကိုသာ လူ့ဘောင်အတွက် အသုံးဝင်၏ မ၀င်၏ကိုသာ ဆင်ခြင်သင့်ပေသည်။

သို့ဖြစ်၍ ဘုရား ဟူသော ဝေါဟာရအား မူပိုင်ဆွဲလျှက် သူ့ဘုရား ငါ့ဘုရား ဟု အတ္တကြီးကာ ဘုရားလု ရန်ဖြစ် နေခြင်း၊ ငြင်း ခုံနေခြင်းများမှာ မေတ္တာထားရမည်ဟု သွန်သင်နေသော ဘာသာတရားများနှင့် လုံးဝ ပတ်သက်မှု မရှိချေ။–

Monday, March 19, 2012

အောင်ဆန်းကွင်းဘေး တခြမ်းပဲ့ဗလီ သမိုင်းအကျဉ်း


အေဒီ ၁၈၂၆ ခု၊ ရန္တပိုစာချုပ်ချုပ်ဆိုအပြီးတွင် ဘကြီးတော်မင်းတရားကြီး က မိမိ၏သစ္စာတော် ခံတပ်သားများကို ဆုလဒ်များပေး ခဲ့ရာ တပ်ဗိုလ်မှူးများဖြစ်သော ဦးရွှေသိုင်း နှင့် ဦးရွှေမှိုင်း  ညီအစ်ကို နှစ်ဦးက ကျွန်တော်မျိုး တို့သည် အစ္စလာမ်ဘာသာဝင် ရခိုင် လူမျိုးများ ဖြစ်သည့်အလျောက် ခေါင်းချရန် (၀ါ) ၀တ်တက်ရန် နေရာပေး တော်မူပါရန် သံတော်ဦးတင်ခဲ့သဖြင့် ဘကြီးတော်မင်းက လက်ရှိ အောင်ဆန်းကွင်းအနီး နေရာတွင် မြေနေရာ လှူဒါန်းခဲ့သည်။ ပေစာ မှတ်တမ်း ရှိခဲ့သည်။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန် မာစစ်ပွဲအပြီးတွင် စစ်ဗိုလ် ဆာ ဖယ်ရာက လမ်းဖောက်ခဲ့ရာ လမ်းနှင့်မလွတ်၍ ဖဲ့ချခဲ့ရသဖြင့် တစ်ခြမ်းပဲ့ ဗလီဟုတွင်ခဲ့သည်။

အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပန်းဝါနှင့် ၀က်ထီးကန် တိုက်ပွဲတို့တွင် မြန်မာတပ်များ၏ စစ်ရေးစွမ်အင်ကို အင်္ဂလိပ် တို့က အောက်ပါ အတိုင်း ဖွင့်ဟထားပါသည်။

ထိုမြန်မာတပ်အားလုံး၏ စစ်ဆင်ရေးဗျူဟာမှာ အဆင့်အဆင့် ချီတက်တပ်စွဲလေ့ရှိသော ခံတပ်စ်ဆင်ရေးသာလျှင် ဖြစ်၏ ။ ထိုခံတပ် စစ်ဆင်ရေးများ၍ မြန်မာတို့သည် စိတ်ကူးဉာဏ်ကောင်းသူများဖြစ်ပြီး စိတ်ရောကိုယ်ပါ အားတက်သရော ပြူမှုဆင်နွဲ လေ့ရှိသည်။ ခံကတုတ်များကနေ၍ မယိမ်းမယိုင်သောစိတ်ဓါတ် ရဲရင့်သော သူရ သတ္တိတို့ဖြင့် ရင်ဆိုင်လေ့ရှိကာ ထိုမြန်မာတို့အား စစ်မြေပြင်ရှိ စစ်သားများအဖြစ် နှင့်မူကား ကြောက်မက်ဖွယ် ကောင်းသူများအဖြစ် တွေ့ရ၏”

မဟာဗန္ဓုလနှင့်အတူ အစ္စလာမ်ဘာသာဝင် နေမျိုးဂုဏ္ဏရတ် ခန်ဆပ်ဗိုလ် နှင့် ခေါင်းဦးရွှေမှိုင်း ဦးရွှေသိုင်း ခေါ် မွတ်စလင် စစ်ဗိုလ် စစ်သားများမှာ ဗိုလ်မှူးဝါဟစ်ကဲ့သို့ အင်္ဂလိပ်ဘက်မှ မွတ်စလင်စစ်သည်များ နှင့် ဘာသာတူ မှုကိုမကြည့်ပဲ အမိနိုင်ငံ မျက်နှာကို ကြည့်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။

ခေါင်းဦးရွှေမှိုင်းမှာ ရခိုင်စုရပ် စစ်ဗိုလ်ခေါင်းဆောင်ဖြစ်ပြီးမွတ်စလင် မြန်မာရဲမက် ၅၀၀ ပါ စစ်တပ် သိမ်ကြီးတပ်ကို တာဝန်ယူခဲ့ သည်။ သိမ်ကြီးတပ်မှာ သိမ်ဖြူခံတပ်ကိုခေါ်ပါသည်။ ဘကြီးတော်မင်းလက်ထက် ဂေါ့တော့ ပုလ္လင် တိုက်ပွဲကား အရေးကြီးလှပေ သည်။ အင်္ဂလိပ်တို့ဘက်မှ စစ်သည် သောင်းကျော်ပါဝင်ခဲ့သလို မြန်မာ့ အင်အားကလည်း မသေးလှသမို့ အင်္ဂလိပ်တပ်များမှ အကျ အဆုံးများစွာနှင့် နောက်ဆုတ်ခဲ့ရသည်။ ဤ တိုက် ပွဲတွင်လည်း ခန်ဆပ်ဗိုလ်ဦးစီးသော မြင်းတပ်သား တစ်ရာကျော်ပါဝင်ပြီး တိုက်ပွဲဝင်ခဲ့ကြပေသည်။ (ကုန်း ဘောင်ခေတ် ရာဇ၀င်တော်ကြီး ဒုတိယတွဲ စာမျက်နှာ ၃၇၆-၃၇၇)

ဤသို့ ဘကြီးတော်မင်းတရားကြီးက တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာရှိစွာနှင့် တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော် သားများကို ဂုဏ်ပြုသည့်အခမ်းအနားတွင် ကုလားပျို၊ သေနတ်အစု သား ၁၃၀၀ ကျော်တို့ကို ဘောက်တိုရွှေ ပိန်း၊ မျဉ်းတိုသက္ကလပ် စိမ်း၊ မျဉ်းရှည်းသက္ကလပ် နီ၊ သက္ကလပ် စိမ်းအဖြူ ဆင့်တို့ကိုချီးမြင့်ခဲ့သည်” ဟူ၏။ ( ကုန်းဘောင်ခေတ် ရာဇ၀င်တော်ကြီး ၊ဒုတိယတွဲ ၊စာ – ၄၇၇)

အင်္ဂလိပ်နယ်ချဲ့သမားများနှင့် တိုက်ကြသည့်စစ်ပွဲမှာ အသက်စွန့်ပြီး တိုက်ခိုက်ကြသူ တပ်မတော်သားများတွင် တိုင်းရင်းသား အစ္စ လာမ်ဘာသာဝင်များ ပါရှိခဲ့ခြင်းသည် သမိုင်း၏ ထွန်းပြောင်မှု တစ်ရပ်ပင် မဟုတ်ပါလား…

ဝါးခယ်မမောင်မင်းနိုင် ၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင်မွတ်စလင်များစာအုပ် မှ ကောက်နှုတ် ဖေါ်ပြပါသည်။

ကျွန်ုပ်တို့ နားလည်အပ်သော ဗုဒ္ဓဘာသာ (၈)

ဗုဒ္ဓဟူသည်-

ဓမ္မသဘောထက် ပုဂ္ဂိုလ်ဇောင်းပေး သိဒ္ဓိတင်လိုသူ တစ်ချို့၏ ၀ါဒဖြန့်ချီမှုများကြောင့် ယခုအခါ- ကျွန်ုပ်တို့၏ မြန် မာ ဗုဒ္ဓဘာသာဝင် ညီအစ်ကိုများ၏ စိတ်တွင် ဗုဒ္ဓသည် ဂေါတမ၊ ဂေါတမသည် ဗုဒ္ဓ ဖြစ်သည်ဟု စွဲမှတ် ယုံ ကြည်လာသည်ကို တွေ့ရသည်။ တနည်း အားဖြင့် ဗုဒ္ဓ ဟူသည့် ဂုဏ်ပုဒ် ၀ိသေသအား လူပုဂ္ဂိုလ်တစ်ဦး အတွက် မူပိုင်ဆွဲထားခြင်း တစ်မျိုး ဖြစ်တော့သည်။ သို့ဖြင့် ပုဂ္ဂိုလ်ရေး အစွဲများ စွန်းထင်လျှက်- ထိုပုဂ္ဂိုလ်တစ်ဦး တည်း၌ သာ ယစ်တွယ်နေတော့သည်။

အမှန်တကယ်တွင် ဗုဒ္ဓ၊ ခရစ်၊ နဗီ ဆိုသည့် ဝေါဟာရများမှာ သမ္မတ၊ အဓိပတိ၊ ဦးသျှောင် ဟူသည့် ဝေါဟာရ များကဲ့သို့ ဘွဲ့ ဂုဏ်ပုဒ် များပင် ဖြစ်ပေသည်။ မိမွေးတိုင်း ဘမွေးတိုင်း သဘာဝ လူသားတစ်ဦးသည်- မွေးက တည်းကပင် သမ္မတ ဟူသည့် ဂုဏ်ဒြဗ်ဘွဲ့တံဆိပ်နှင့် ပူးတွဲမွေးဘွားလာခြင်း မဟုတ်ချေ။ သမ္မတ တစ်ဦးအဖြစ် ရွေးချယ်ခံရမှသာလျှင် သူသည် သမ္မတဟူသည့် ဘွဲ့အား ရနိုင်လေသည်။

အလားတူပင် ဗုဒ္ဓ ဟူသည့် ဘွဲ့မှာ ကိုယ်တော်ဂေါတမ မွေးဘွားလာမှ ကိုယ်တော် ဂေါတမ နှင့်အတူ ပေါ်ပေါက် လာခဲ့သော ဘွဲ့ မဟုတ်သလို- ကိုယ်တော်ဂေါတမ၏ အမည်နာမလည်း မဟုတ်ချေ။ ထို့ပြင် ဤကမ္ဘာ၌ ကိုယ် တော်ဂေါတမ တစ်ဦးတည်းသာ ရသင့်ရထိုက် ဖြစ်ခဲ့သော တစ်ဦးတည်းပိုင်ဆိုင်ခွင့် ဘွဲ့လည်း မဟုတ်ပေ။

လောက၌ ဗုဒ္ဓအဆူဆူပွင့်ပေါ်ခဲ့ပြီ ဟု ဗုဒ္ဓဘာသာတိုင်း နားလည်လက်ခံပြီးသား ဖြစ်သည်။ ဗုဒ္ဓဘွဲ့ကို ဆွတ်ခူးရန် ဗောဓိဆုသုံးမျိုးကို ပန်ဆင် ဖြည့်ဆီးရသည်ဟုလည်း ဗုဒ္ဓဘာသာတိုင်း နားလည်လက်ခံထားပေသည်။ ဥပမာ အားဖြင့် လူတစ်ဦးသည် သမ္မတ တစ်ဦး ဖြစ်ရန် သမ္မတဖြစ်နိုင်သည့် အရည်အချင်းများ ပြည့်မှီရန် အဘက် ဘက်မှ ကြိုးစားခဲ့ရသည်၊ သမ္မတ ဂုဏ်အရည်အချင်း ကို ဖြည့်ဆီးရသည်။

သို့တိုင် လူတိုင်း လက်ခံချင်မှ လက်ခံမည်။ အတိုက်အခံများမှ ဟုတ်သည် မဟုတ်သည် အားလုံးကို စုပေါင်းလျှက် ပုတ်ခတ်တိုက် ခိုက်နေဦးမည်ပင်။ ကိုယ်တော်ဂေါတမက သူ့ကိုယ်သူ ဗုဒ္ဓဘွဲ့ ဆွတ်ခူးသည်ဟု ရင့်ကျူး စေကာမူ- သူ၏ အနီးစပ်ဆုံး အဖေါ် ဒေ၀ဒတ် အပါအ၀င် ထိုခေတ်ကာလမှ အများစုကြီးမှာ သူ့အား ဗုဒ္ဓ ဘွဲ့ ဆောင် အဖြစ် အသိအမှတ် မပြုခဲ့ချေ။ အလားတူ ပင် ကိုယ်တော်ယေရှုက သူ့ကိုယ်သူ ခရစ်တော် ဖြစ်သည်ဟု ကြွေကြော်ငြားလည်း သူ့ခေတ်မှ လူသား အများစုကြီးက လက်မခံ ခဲ့ချေ။ (သူမတိုင်မှီ နှစ်ငါးရာ စောသော ကိုယ်တော်မူဆာကလည်း ခရစ်တော် ဖြစ်သည်ဟု ဆိုခဲ့သည်။ ဟေဗြဲသြ၀ါဒ ၁၁း၂၅-၂၆) ကိုယ်တော် မုဟမ္မဒ် သည်လည်း အလားတူပင် သူ့ကိုယ်သူ နောက်ဆုံးပွင့် ဉာဏ်စဉ်တော်ဆောင်၊ သတင်းတော်ဆောင် ဖြစ်သည် ဟု မည်မျှပင် ၀န်ခံသော်လည်း- သူ့အား လက်ခံသူသည်သာ လက်ခံ၍- လက်မခံ အသိအမှတ်မပြုသော လူသား ထုမှာ ဒုနှင့်ဒေး ပင် ဖြစ်သည်။

ထိုအခါ- ကိုယ်တော်ဂေါတမအား ထောက်ခံသူများ၊ ကိုယ်တော်ယေရှုအား လက်ခံသူများ၊ ကိုယ်တော်မုဟမ္မဒ် အား လိုက်နာသူများ က- မိမိတို့၏ ခေါင်းဆောင်များသည်- ဗုဒ္ဓစင်စစ်ဖြစ်ကြောင်း၊ ခရစ်တော်အမှန်ဖြစ်ကြောင်း နဗီ ဧကန် ဖြစ်ကြောင်း အထပ်ထပ် အလီလီ ပြောဆို သက်သေခံရာမှ- ထိုဘွဲ့များသည် တစ်ဦးတည်ပိုင် နာမ်ကဲ့ သို့ ဖြစ်လာခဲ့သည်။

အဆိုပါ ကိစ္စများ၌ ကိုယ်တော်မုဟမ္မဒ်မတိုင်မှီ လူမျိုးတိုင်းအတွက် ရစူလ်၊ နဗီပွင့်ပေါ်ခဲ့သည်ဟု လက်ခံယုံကြည်သော အစ္စာလမ် သာသနာ၏ သွန်သင်မှုအရ မူဆလင်များက ကိုယ်တော်မုဟမ္မဒ် တစ်ပါးတည်းသာလျှင် နဗီ မဟုတ်၊ ကိုယ်တော်မတိုင်မှီခေတ်များ က လူသားတို့အား သွန်သင်လမ်းပြရန် နဗီ၊ ရစူလ် (တသင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင်)များ ပွင့်ပေါ်ခဲ့ပြီးဖြစ်၍-  ထို ပုဂ္ဂိုလ်တိုင်းတွင် နောက်လိုက်ဒကာ (အွန်မတ်)များ ရှိခဲ့သည် ဟု ရိုးရှင်းစွာ လက်ခံနိုင်သော်လည်း–၊ အစ္စလာမ်မတိုင်မှီ ရှေး ဘာ သာဝင်တို့မှာ မိမိတို့၏ လက်ခံယုံကြည်ရာ ပုဂ္ဂိုလ်မှအပ အခြားအခြားသော လူသားပုဂ္ဂိုလ်တို့သည် သက်ဆိုင်ရာ ဘာသာတရားက ချမှတ်သည့် အမြင့်ဆုံး သော ဘွဲ့ (ဗုဒ္ဓ၊ ခရစ်) ဆိုသည်များမှာ အခြားသော တစ်စုံတစ်ယောက်နှင့် မသက်ဆိုင်သကဲ့သို့ ဖွင့်ဆိုမှု များ ပြု လေတော့သည်။

ထိုသို့ ဖွင့်ဆိုပေးမှုမှာ မိမိ၏ ခေါင်းဆောင်အပေါ်၌ ပုဂ္ဂိုလ်ရေး တန်ဘိုးထားသည်မှာ မှန်သော်လည်း နောက် လိုက်တကာများ အတွက် လမ်းစ ပိတ်သကဲ့သို့သာ ဖြစ်သွားရသည်မှာ ၀မ်းနည်းစရာပင်-။ အကယ်၍ ကိုယ် တော်ဂေါတမ၏ နောက်ပိုင်း အခြားသော ပုဂ္ဂိုလ်တစ်ဦးက ဗုဒ္ဓဟူသည့် ဘွဲ့အား ဆွတ်ခူးနိုင်ခဲ့သည် ရှိသော်- သို့ မဟုတ် ကိုယ်တော်ယေရှု၏နောက်ပိုင်း အခြားသော တစ်စုံတစ်ဦးက ခရစ်တော် ဟူသည့် ဘွဲ့အား ဆွတ်ခူးနိုင် ခဲ့သည် ရှိသော်–၊ လမ်းစပိတ်ခံထားရသော လူသားများ အနေဖြင့် ခေတ်ကာလနှင့် ညီညွတ်သည့် စ၊လယ်၊ ဆုံး ပြည့်စုံကောင်းမွန်သည့် တရားတော်အား နာကြားခွင့်- တရားဒေသ နာတော်ဖြင့် အလှမ်းဝေးရတော့မည်သာ ဖြစ်ပေသည်။

ဗုဒ္ဓ ဆိုသည်မှာ သိခြင်း၊ သိမြင်ခြင်း ဟု အနက်ကို ပေး၍-၊ တရားဒေသနာ လောကဓမ္မအား မှန်ကန်ညီညွတ်စွာ သိမြင်နားလည်နိုင် စွမ်း ရှိခြင်းကို ဆိုလိုသည်။ များစွာသော အထကထာများ၌ ဗုဒ္ဓ ဟူသည်– ၀ိသေဿ ဗုဒ္ဓါတိ သဗ္ဗညုတ ဉာဏော တဿ အ နန္တော အနန္တ အတ္တော၊ ၀ိသေသအားဖြင့် ဗုဒ္ဓ ဆိုသည်မှာ သဗ္ဗညုတ ရွှေဉာဏ် တော်ကို ခေါ်၍ ထိုရွှေဉာဏ်တော်သည် အနန္တော အနန္တ အစ အဆုံး မရှိ- ထိုကြောင့် မံဿမျက်လုံးဖြင့် မမြင် နိုင်ဟု ဖွင့်ဆိုကြပေသည်။

သို့သော် သက်တမ်းအားဖြင့် အကန့်အသတ်ရှိနေသော၊ တွေးခေါ်သိမြင်မှု၌ အကန့်အသတ်ရှိနေသော ကိုယ် တော်ဂေါတမသည်- သူသိလိုရာအား စူးစိုက်သိလိုသော အခါတွင်မှ အများသူငါထက် သိနိုင်အား သုံးဆ ပို၍ ရှိ ခဲ့သူသာ ဖြစ်သည်။ (မစ္ဈိမနီကယ် တေ ၀ဇ္ဇသုတ်) အခါမလပ် အချိန်မရွေး အစဉ်တစ်စိုက် သိနေသော အသိကို ရခဲ့သူ မဟုတ်ချေ။ ကျွန်ုပ်တို့အနေဖြင့် ကိုယ်တော်ဂေါတမ သည် ကျွန်ုပ်တို့ထက် ပိုမို၍သိ၏ ဆိုခြင်းအား ရိုး သားစွာ လက်ခံရမည်။ သို့သော် အစဉ်သိနေသော ဗုဒ္ဓဟူသည့် ဂုဏ်ပုဒ်အား အစဉ်မူပိုင် ပိုင်ဆိုင်ထားသူ မ ဟုတ် ဟူသည်ကိုလည်း ရိုးသားစွာပင် နားလည်ခံစားပေးရပေမည်။

ထို့ပြင် ကိုယ်တော်ဂေါမကိုယ်တိုင်က ခုဒ္ဒကနီကယ် ထေရာအပဒါန် ဗုဒ္ဓ၀ဂ် ၆၉ ၌ “လောက၌ ဆယ်ပါးသော အဘို့ရှိသော အရပ် မျက်နှာတို့သည် ရှိကုန်၏၊ ထိုအရပ်မျက်နှာတို့သို့ သွားသောသူအား အဆုံးသည် မရှိ၊ ထိုထို အရပ်မျက်နှာအဘို့၌ ဗုဒ္ဓခေတ်တို့သည် မရေ တွက်နိုင်ကုန်။” ဟု ဗုဒ္ဓ ဘွဲ့အား ဆွတ်ခူးသူများ ရှိခဲ့ကြောင်းကို ပြောဆိုထားသည့် အပြင်၊ ဒီဃနီကယ် စက္က၀တ္တိသုတ်၌ စ၊လည်၊ဆုံး ကောင်းခြင်းဖြင့် ပြည့်စုံသော နောက်ဗုဒ္ဓ တစ်ပါး ပွင့်ပေါ်ဦးမည်ဟု ဆိုထားသည်ကိုလည်း မမေ့အပ်ချေ။

မည်သို့ ဆိုစေ- ကိုယ်တော် ဂေါတမသည် ဗုဒ္ဓဘွဲ့ဆောင် တစ်ပါး ဖြစ်၏။ သို့သော် ဗုဒ္ဓ ဟူသည် ကိုယ်တော်ဂေါမ မဟုတ် ဟူသည့် အချက်အား သမ္မာသမ္မတ်ကျစွာဖြင့် ဆင်ခြင်သင့်တော့သည်။

 (အကယ်၍ ကိုယ်တော်ဂေါတမသည် အရှေ့အလယ်ပိုင်း အရပ်ဒေသတွင် ပွင့်ပေါ်ခဲ့ပါမူ­ သူ့အား မည်သည့် ဂုဏ် ပုဒ်နှင့် ခေါ်လေ မည်နည်း– ဟု လည်း ပညာရှင်များ အနေဖြင့် မမေ့ထားသင့်သည့် အချက်တစ်ချက်ပင် ဖြစ်သည်။)