Tuesday, December 7, 2010

အွန်လိုင်းသောင်းကြမ်းသူများအတွက်... ယိုသူမရှက် မြင်သူရှက်

လူမျိုးတစ်မျိုးတည်းကို ဗဟိုပြုပြီး ကိုယ့်လူမျိုးသည်မှ အမှန်အကန်ဆုံး အမြင့်မြတ်ဆုံး၊ အကောင်းဆုံးလို့ ထင်မြင်သူ၊ လူမျိုးနွယ်ခြား၊ အယူခြား၊ ဘာသာခြားများအား မလိုတမာ ရန်ရှာ မျက်မုန်းကျိုးတတ်သူ- လူစား မျိုးကို Racist (မဟာလူမျိုးကြီးဝါဒီ)လို့ ခေါ်ပါတယ်။

ဒီ Racist တွေဟာ အခြားလူမျိုးနွယ်-မိမိအယူမှအပ အခြားသူ၏ အယူအဆများ ပျက်စီးရာ ပျက်စီးကြောင်း အမြဲကြံစည်နေတတ်တယ်။ သူတို့ရဲ့ သွေးသားလည်ပတ်မှုထဲမှာ လူမျိုးရေးမုန်တီးမှုတွေ စီဆင်းလည် ပတ်နေလေ့ရှိပါတယ်။

များသောအားဖြင့် အဲ့ဒီလို အခြေခံစိတ် ရှိတဲ့လူတွေဟာ- ပညာသင်သော်လည်း စစ်မှန်တဲ့ပညာကို တတ်မြောက်နိုင်တဲ့အင်အား၊ ကမ္ဘာရပ်ရပ်ကို လျှောက်လည်သော်လည်း မှန် ကန်တဲ့ အမြင်နဲ့ ဗဟုသုတ အသွယ်သွယ်ကို လက်ခံရယူနိုင်တဲ့အင်အား- သတ္တဝါတွေကို မေတ္တာထားပါလို့ ကိုယ်တိုင်ရေရွတ်နေသော် လည်း မိမိလူမျိုးမှအပ အခြားသူများကို မေတ္တာထားရမယ့် သတ္တဝါတွေလို့ သိမြင်ခံစားနိုင်တဲ့ အင်အားများ ဆုတ်ယုတ်ပျက်စီး နေသူတွေ ဖြစ်ပါတယ်။

နောက်တစ်ခုက- ဒီလို လူမျိုးတွေမှာ အာဏာရှင်စိတ် သို့မဟုတ် ကြီးနိုင်ငယ်ညှင်းစိတ်တွေ ကိန်းဝပ်နေ တတ်ပါတယ်။ သူတို့ဟာ မိမိ ဘက်က အနိုင်ရမယ်ထင်ရင် အကြီးအကျယ် မိုက်ဂုဏ်ကို ပြလေ့ရှိပြီး- မျက်နှာထောက်ထား သနားညှာတာစိတ် မရှိ- လူမျိုးငယ်များရဲ့ လူမမယ် ကလေး တွေကိုပါ မျိုးတုံး သတ်ဖြတ်တတ်တဲ့ အကျင့်ထိ ရှိတတ်ပါတယ်။ အဲ့ဒီလို စိတ်နေစိတ်ထား ရှိတဲ့ လူမျိုးထဲက အာဏာ ရလာရင် သူဟာ အင်မတန် ရက်စက်ယုတ်မာတဲ့ အာဏာရှင် Brutal Dictator ဖြစ်လာပါတော့တယ်။

တိုင်းပြည်တစ်ပြည် သို့မဟုတ် နိုင်ငံတစ်ခုမှာ Brutal Dictator တွေ ဆက်တိုက်ပေါ်ပေါက်နေရင် အဲ့ဒီလို တိုင်းပြည်မျိုးမှာ Flag Waving လို့ ခေါ်တဲ့ မျက်ကန်းမျိုးချစ်ဝါဒီတွေ များလို့လို့ ပညာရှင်တွေက သုံးသပ်ကြ ပါတယ်။ သူတို့တွေမှာ xenophobia လို့ခေါ်တဲ့ နိုင်ငံခြားမုန်း ရောဂါမျိုးလည်း စွဲကပ်နေလေ့ရှိတတ်ပါတယ်။ တနည်းအားဖြင့် မိမိ၌ မရှိသွေးကြီး ရောဂါ စွဲကပ်နေခြင်း ဖြစ်ပတယ်။

ဒီလိုတိုင်းပြည် မျိုးမှာ ရှိတဲ့ လူနည်းစု မျိုးနွယ်တွေ၊ လူနည်း သက်ဝင်ယုံကြည်တဲ့ ဘာသာတရား အောက်က လူသားတွေဟာ အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ ပေါ်လစီတွေ၊ လူမျိုးရေး မုန်းတီးမှု ဖန်တီး ချက်တွေအောက်မှာ မချိတင်ကဲ ခံစားရလေ့ ရှိပါတယ်။

ဒီလို တိုင်းပြည်မျိုးမှာပဲ- တစ်နိုင်ငံလုံးနဲ့ လူသားအားလုံးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်ကောင်းမျိုး လည်း ပေါ်ထွန်းတတ်ပါတယ်။ အဲ့ဒီ လိုပေါ်ထွန်းလာတဲ့ ခေါင်းဆောင်တွေ သို့မဟုတ် သူတို့ရဲ့ မျက်ကန်း မျိုးချစ် မိရိုးဖလာထဲက ရုန်းထွက်လာတဲ့ လူသားတွေဟာ- အင်မတန် မာကျောတဲ့ ကျောက်တောင်ကျောက် ခဲထုကို ထိုးဖေါက်ထွက်လာရတဲ့ သဘောကြောင့် အရည်အသွေးများ ပိုမို တောက်ပြောင်လေ့ရှိ ပါတယ်။ ဒါပေမယ့် ရေများရေနိုင်- မီးများမီးနိုင်ဆိုတော့- အမှောင်ထုကို ထိုးဖေါက်မယ့် အင်အားက အမှောင်ထု ထက် ပိုပြီး ကြီးမားမှ ထိုးဖေါက်နိုင်မှာပါ။

အလွန်တရာ ပွင့်လင်းလာပြီး၊ ကမ္ဘာ့ဒေသ တစ်ခုတစ်ခု ဘာတွေလုပ်နေတယ်။ ဘယ်လိုဆောင်ရွက်နေ တယ်- ဆိုတာတွေကို ဖုံးဖိထား လို့ မရနိုင်တော့တဲ့ ဒီခေတ် ဒီကမ္ဘာြ့ကီးမှာတော့ ဒီလိုတိုင်းဒေသက လူတွေ ဟာ အရှက်ကွဲ အကျိုးနဲလာရပါတော့တယ်။ လူရာမဝင်- လူမသတီစရာ ဖြစ်လာရပါတော့တယ်။ လူ့ အသို်င်းအဝိုင်း တစ်ခုမှာ လူတစ်ယောက်ဟာ အာဏာကို စွဲကိုင်ထားလို့ အာဏာစက်နဲ့ ရမ်းချင်တိုင်း ရမ်း နေတာကို လူထုက မတတ် နိုင်ပေမယ့်- လူထုကိုယ်တိုင်က ဘာအာဏာမှ မရှိဘဲ ကြီးနိုင်ငယ်ညှင်း စိတ်တွေ ရှိနေရင်- အဲ့ဒီ လူ့အသိုင်းအဝိုင်း ရွံရှာစရာ အသိုင်း အဝိုင်း ဖြစ်တယ်လို့- ကမ္ဘာ့လူယဉ်ကျေးတွေက သတ်မှတ်လာပါတယ်။ 

အမိယုတ်တော့ ကြမ်း။ အဖယုတ်တော့ ရမ်း" ဆို တဲ့ မြန်မာ စကားပုံလို လူအသိုင်းအဝိုင်းတစ်ခုက လူတွေမှ ကြမ်းတမ်း ရမ်းကား နေသူ များရင် အဲ့ဒီ လူ့အသိုင်းအဝိုင်းရဲ့ မျိုးရိုးဂုဏ်သိက္ခာကိုပါ ထိ ခိုက်ရပါတော့တယ်။
ဒီအခြေအနေမှာ- မိမိလူမျိုး-မိမိတိုင်းပြည်ကို အရှက်ကွဲရခြင်းက လွတ်မြောက်လိုသူတိုင်းက ယုတ်မာရမ်း ကား နေသူအားလုံးကို ရတဲ့ နည်းနဲ့ ၀ိုင်းဝန်းတော်လှန်ဘို့ လိုပါတယ်။

ယုတ်မာရမ်းကားမှုကို လွှတ်ပေးထားရင် သို့မဟုတ် မသိကျိုးကျွံပြုထားရင် အဲ့ဒီလူဟာ မိမိ တိုင်းပြည် မိမိ လူမျိုးအတွက် တာဝန်မကျေ ဖြစ်ရပါမယ်။ မိမိတိုင်းပြည် မိမိလူမျိုးရဲ့ အရှက်သိက္ခာကို မစောင့်ရှောက်သူ- သို့မဟုတ် တစ် ကိုယ်ကောင်းဆန်သူ ဖြစ်ရပါတော့မယ်။

အချို့ကလည်း- တဘက်မှာ လူကြီးလူကောင်းဟန်ဆောင်တယ်။ နောက်တစ်ဘက်မှာ သူ့နှလုံးသားက အမုန်းရောဂါကို မကုသနိုင်ဘူး- ဒီတော့ ဗြောင်မိုက်- ဗြောင်ရမ်းတဲ့ အာဏာရှင်တွေကို မထောက်ခံသလိုနဲ့- အမည်မပေါ်တဲ့နည်းတွေနဲ့ ၀ါဒဖြန့်ချီရေးနည်း စနစ်တွေကို သုံးပြီး မိမိနဲ့ အယူမတူသူတွေ၊ လူမျိုးနွယ် အငယ်တွေ-ဆန့်ကျင်မုန်းတီးရေး စာတွေ ဖြန့်ချီပါတော့တယ်။

တကယ်တော့ အဲ့ဒီလို လုပ်ရပ်မျိုးဟာ စော်ကားခံရသူကို မသင့်ပဲ- ကိုယ့်အမှု ကိုယ့်ပတ် ဖြစ်လာရ ပါတော့တယ်။ စော်ကားခံရတဲ့ လူမျိုး ဆိုတာ- ခံနိုင်ရည်ရှိအောင်- ခုခံကာကွယ်တတ်အောင် ဘက်ပေါင်းစုံ က လေ့ကျင့်သင်ကြားလာပါတော့တယ်။ စော်ကားခံရတဲ့ လူမျိုးတွေ သာ အရည်အချင်းတွေ မြင့်မား လာပြီး- စော်ကားခြင်းအမှုကို ပြုနေသူတွေဟာ သူ့ဒေါသနဲ့သူ မောဟိုက်လာတော့မှာ ဖြစ်တယ်။

အဲ့ဒီလို အမည်မဖေါ်လိုသူ ကုပ်ကမြင်း သတ္တိရှင်တွေဟာ အင်တာနက်တွေမှာ ဆိုလည်း IP ဖွက်ပြီး cbox တွေမှာ ခိုးကြောင်ခိုးဝှက် စာပို့ တာမျိုး- စတဲ့ အမျိုးသိက္ခာမထောက်၊ သူခိုးဇာတိပြတာတွေလည်း ရှိတတ်ပါတယ်။

တကယ်တော့ ဘယ်အရာတွေ- ဘယ်လောက်များ ဖုံးကွယ်ထားလို့ ရလို့လဲ။အခုခေတ်မှာ- အင်တာနက် စာမျက်နှာများက ဘာသာရေးမုန်းတီးမှု။ လူမျိုးရေးမုန်းတီမှုတွေကို ဒီလို ကုပ်ကမြင်းသတ္တိ သို့မဟုတ် သူခိုး သူဝှက် ဗျူဟာတွေနဲ့ ဖြန့်ချီနေတာတွေ ဖေါင်းပွနေပါတယ်။ များသောအားဖြင့်- ဒီလိုအလုပ်မျိုးကို ဇီယွန်ဝါ ဒီတွေက ကမ္ဘာ့ဘာသာစကား ကြီးတွေနဲ့ ဖြန့်ချီတတ်ပါတယ်။ ဒါတွေကို မျက်ကန်းမျိုးချစ်ဝါဒီတွေ ကြီးစိုးတဲ့ တိုင်းပြည်လေးတွေက- မျက်ကန်းမျိုးချစ် အလေ့ပေါက်တွေ က ခိုးချ- အတုယူပြီး ဆက်လက်ဝါဒဖြန့်ချီခြင်း များကို ထမင်းစား ကျွန်ခံ လိုက်လုပ်ပေးနေတာတွေကို တွေ့ရတော့- မိမိတိုင်းပြည်ရဲ့ သိက္ခာအတွက် အလွန် တရာ မျက်နှာပူစရာ ဖြစ်နေရပါတော့တယ်။

သူတို့ လုပ်တာ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ သူတို့မုန်းတဲ့ လူမျိုး သူတို့မုန်းတဲ့ ဘာသာဟာလည်း ဘယ်တော့ မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ ကမ္ဘာက သိနေတယ်။ စာတတ်သူတိုင်း- အမြင်မှန်ရှိသူတိုင်း သိနေ တယ်။  

ဒါပေမယ့်- လူတစ်ဘက်သားကို အခြောက်တိုက် မုန်းတတ်တဲ့ အကျင့်- မဟုတ်မတရား ပုတ်ခတ်စော်ကား ၀ါဒဖြန့်တတ်တဲ့ အကျင့်- တွေ မြန်မာလူမျိုးထဲမှာလည်း ရှိပါကလား ဆိုတဲ့ အဖတ်ဆယ်မရနိုင်တဲ့ သိက္ခကျမှု ဒဏ်ကို မြန်မာနိုင်ငံသား အားလုံးခံရပါတော့မယ်။

 မိမိတို့သည်ပင် မွဲနေ၏၊ တိုင်းသူပြည်သား အများစု ဆင်းရဲတွင်း နစ်နေ၏။ သို့သော် အချင်းချင်း ချစ်ခင် ကူညီရမည်ကို သတိမရ- ဆက် လက် ရန်လိုနေသော၊ ရန်လိုတတ်သော သူများ နေထိုင် ရာ- မွေးဘွားပေး ရာ ဇာတိမြေမှာ မြန်မာနိုင်ငံ ဖြစ်သည်-ဟူသော ဂုဏ်ပုဒ်အား အပြစ်မဲ့ပြည်သူများ၏ နှဖူးတွင် ဆိုင်းဘုတ် ဆွဲပေးရန်- ကြိုးစားအားထုတ်နေသော လူယုတ်မာ ကုပ်ကမြင်း သတ္တိရှင်များ၏ မိုင်းဗုံးစက် ကွင်းထဲ မှာ မြန်မာပြည်သားများ အားလုံး လွတ်မြောက်နိုင်ကြပါစေ။


-သြော်- ယိုသူမရှက်၊ မြင်သူရှက်ရပါပကောလား။

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)