- ဘယ်က လာခဲ့ကြသလဲ …… ?
- ဘယ်မှာနေခဲ့ကြသလဲ ……… ?
- ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
- ဘယ်ကိုသွားကြမှာလဲ ……… ?
ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ် သာသနာဝင်များနှင့် ပတ်သက်ပြီး ရှေးဦးစွာတင်ပြချင်တာတော့ …….. အစ္စလာမ်သာသနာဝင်များအတွက် အဓိက လမ်းညွှန်တရားဖြစ်တဲ့
ကျမ်းတော်မြတ်ကုရ်အာန်(စူရဟ်-၇၊ အာယသ်တော်-၁၀၁)မှာ ….
“အတိတ်ကဖြစ်ရပ်များကို ရေလည်အောင် ပြောကြသူတို့ စဉ်းစားသုံးသပ်နိုင်ခြင်းငှာ”လို့ လမ်းညွှန် ဗျာဒိတ်တော် မူထားတာ ရှိပါတယ်။
ဒီဗျာဒိတ်တော်အရ ကျွန်တော်တို့ဟာ အတိတ်ကဖြစ်ရပ်များ၊ အကြောင်းအချက်များကို လေ့လာကာ စဉ်းစား၊ ဆင်ခြင်သုံးသပ်ပြီး မိမိတို့ဘဝလမ်း မှန်ကန်တိုးတက်အောင် ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ဒါဟာ တာဝန်တစ်ရပ်ပါ။
ကျွန်တော်ပြောမှာတွေဟာ ဒီလမ်းညွှန်မှုကို နာခံတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကုရ်အာန်ကပေးတဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗျာဒိတ်တော်အရ ကျွန်တော်တို့မှာ လေ့လာစဉ်းစားသုံးသပ်ရန် တာဝန်ရှိနေတဲ့ အတိတ်ဖြစ်ရပ် အကြောင်းအရာများအနက်က ယနေ့မြန်မာနိုင်ငံမှာရှိနေကြတဲဲ့ တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူတို့အကြောင်း ပြောပါမယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ ‘အစ္စလာမ်’သာသနာ သက်ဝင်ယုံကြည်ကိုးကွယ်သည့် လူ့အစုအဝေးကြီးတစ်ရပ်ရှိနေ ပါတယ်။ လူဦးရေအားဖြင့် မနည်းလှပါဘူး။ ဒီလူ့အစုအဝေးကြီးဟာ ……
(၁) ဘယ်က လာခဲ့ကြသလဲ …… ?
(၂) ဘယ်မှာနေခဲ့ကြသလဲ ……… ?
(၃) ဘာတွေလုပ်ခဲ့ကြသလဲ ….… ?
(၄) ဘယ်ကိုသွားကြမှာလဲ ……… ? …………….. ဆိုတာကို သိရှိိဖို့လိုအပ်ပါတယ်။ ဒီအချက်များကို ခေါင်းစဉ်တစ်ခုချင်း အလိုက် အကျဉ်းချုံး၍ တင်ပြပါမယ်။
(၁)
ဘယ်က လာခဲ့ကြသလဲ
လူ့အစုအဝေးကြီး(၃)ရပ်
မြန်မာနိုင်ငံရယ်လို့ တိတိကျကျဖြစ်တည်ပေါ်ပေါက်မလာခင်က ယနေ့မြန်မာနိုင်ငံတည်ရှိတဲ့ကုန်းမြေနေရာဒေသ ဧရိာယာအတွင်းသိုိ့ တိဘက်ကုန်းမြေမြင့်မှ -
(၁) မွန်ခမာအုပ်စု
(၂) တိဘက်မြန်မာအုပ်စု
(၃) ထိုင်းတရုတ်အုပ်စု …… ဆိုတဲ့
အုပ်စုကြီး ၃-ရပ် ဝင်ရောက်အခြေစိုက်နေထိုင်လာခဲ့ကြတယ်လို့ သမိုင်းပညာရှင်ကြီးများက ဆိုကြပါတယ်။
ဒီအုပ်စုကြီး(၃)ရပ်ဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းကဝင်ရောက်လာကြပြီး တဖြည်းဖြည်းတောင်ဘက်ကို ေ့ရွှ လျားနေထိုင်ခဲ့ကြပါတယ်။ ပထမဝင်လာကြတဲ့အုပ်စုက နောက်ဝင်လာတဲ့အုပ်စုကို နေရာပေးခဲ့ကြပါတယ်။
ဒီလိုဝင်လာကြတဲ့အုပ်စုတွေဟာ လူ့သဘာဝအရ အပြန်အလှန်သွေးနှောကြရာမှ လူမျိုးစုများဖြစ်ပေါ်လာရခြင်းဖြစ်ပါ တယ်။ ဒီကနေ့ ‘ဗမာ’လူမျိုးများအဖြစ်ရှိနေကြတဲ့ လူ့အစုအဝေးကြီးကိုပင် ….
(၁) သက်(ချင်း)၊ (၂) ရခိုင်၊ (၃) ထားဝယ်၊ (၄) ဗရဲတောင်သူ၊ (၅) ပျော့၊ (၆) ပျူ၊ (၇) ကမ်းယံ … စသည့် လူမျိုး(၇)မျိုး ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာတယ်လို့ဆိုကြောင်း လွန်ခဲ့တဲ့ နှစ်(၇၀)ကျော်က ပေါ်ပေါက်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။
“သက် နှင့် ရခိုင်
နှိိုင်းပြိုင် ထားဝယ်
ဗရဲတောင်သူ
ပျော့၊ ပျူ၊ ကမ်းယံ
ခုနှစ်တန်
မြန်မာဟူ၍မှတ်” …… လို့ ‘ကဗျတ္တစန္ဒီကျမ်း’ မှာ တွေ့ရပါတယ်။ ဒီကဗျာကိုပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ထုတ်ဝေခဲ့တဲ့ ‘အပေါင်းအသင်းရောင်းရင်းတို့၏ကျော်ရင်’ဆိုတဲ့စာအုပ်မှာလည်း တွေ့ရပါတယ်။
အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူများဝင်ရောက်လာကြခြင်း
၁၇-ရာစုနှစ်များအတွင်း အာရဗ်တွေ ပါရှင်းတွေနှင့် အိန္ဒိယအနွယ်ဝင်တွေဟာ ဒမတ်စကတ်ကျွန်းမှ တရုတ်ပြည် အထိ ပင်လယ်ရေကြောင်းဖြင့် ဖြတ်သန်းသွားလာကြရမှာ မြန်မာနိုင်ငံ မုတ္တမ၊ သထုံ၊ ပုသိမ်ဆိပ်ကမ်းတို့မှာ ဆိုက် ကပ်စခန်းချခဲ့ကြတယ်လို့ သမိုင်းမှာတွေ့ရပါတယ်။
ထူးခြားမှုများ
ဖြတ်သန်းသွားလာကြတဲ့ အာရဗ်သင်္ဘောတွေထဲက သင်္ဘောတစ်စင်းဟာ ရခိုင်ပြည် ရမ်းဗြဲကျွန်းအနီးမှာ ပျက်ခဲ့ပါ တယ်။ အဲဒီသဘောင်္ာနှင့်ပါလာတဲ့ အာရဗ်တွေ ရမ်းဗြဲကျွန်း(ရမ္မာဝတီ)မှာ အတည်တကျနေထိုင်ခဲ့ကြကြောင်း (၁၈၉၇) ခုနှစ်ထုတ် ‘ဗြိတိသျှ-ဘားမားဂေဇက်’ မှာ တွေ့ရတယ်လို့ ဆရာချယ်ရေး ‘ဗမာမွတ်စလင်မ်တို့ ၏ ရှေးဟောင်းအတ္ထုပ္ပတ္တိ’ စာအုပ်၊ စာမျက်နှာ(၁၆)မှာ တွေ့ရပါတယ်။
‘၁၃-ရာစုနှစ်များအတွင်းမှာပဲ ပါရှင်းလူမျိုးတို့က ပုသိမ်မြို့ကို သိမ်းပိုက်ကြပြီး ၁၂-နှစ်တိုင်၊ မင်းသုံးဆက်မင်းလုပ် အုပ်ချုပ်ခဲ့ကြတယ်’ … လို့ ‘မြန်မာ့စွယ်စုံကျမ်း’ အတွဲ(၆)၊ စာမျက်နှာ(၃၅၀)၊ ‘ရန်ကုန်တက္ကသိုလ် ပုသိမ်ကျောင်း သားများ မဂ္ဂဇင်း’ (၁၉၅၅-၅၆)၊ စာမျက်နှာ(၅)နှင့် စာရေးဆရာကြီး ဘကြီးဦးမာဃရေး ‘ပုသိမ်ရာဇဝင်’ တို့မှာ တွေ့ ရပါတယ်။
ပုဂံခေတ်အတွင်း နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)လက်ထက် တရုတ်တို့နှင့်စစ်ဖြစ်ကြရာ ဗိုလ်မှူးနဇရွတ်ဒင် အုပ်ချုပ်ရတဲ့ တာရ်တာရ်စစ်သည်များဟာ ကောင်းစင်မြို့(ယခု ဗန်းမော်မြို့) ကို သိမ်းပိုက်အခြေချနေထိုင်ခဲ့ကြ တယ်လို့ ဦးကြည်(ရာဇဝင်ဂုဏ်ထူး)ရေး ‘မြန်မာရာဇဝင်မှ သိမှတ်ဖွယ်ရာအဖြာဖြာ’ စာအုပ်၊ စာမျက်နှာ(၈၂-၈၃) မှာ တွေ့ရပါတယ်။ (တာရ်တာရ်တို့ဟာ တူရကီနွယ်ဝင်မျာားဖြစ်ကြပါတယ််။)
၁၄-ရာစုနှစ်များအတွင်း အာရဗ်ကုန်သည်များက မြိတ်မြို့ကိုိ အသုံးချရာမှ (ယခု-နောက်လယ်ရပ်)လို ့ခေါ်တဲ့ နေ ရာမှာ အခြေတကျနေထိုင်ခဲ့ကြတယ်လို့ မောရစ်ကောလစ်ရေး Into Hidden Burma စာအုပ် ဦးခင်မောင်ကြီး ဘာသာပြန် စာမျက်နှာ(၂၁၁)မှာ တွေ့ရပါတယ်။
၁၇-ရာစုနှစ်များအတွင်း ညောင်းရမ်းခေတ်တွင် အနောက်ဘက်လွန်မင်း(၁၆၁၂-၁၆၂၈)လက်ထက်၌ ငဇင်ကာနှင့် စစ်ဖြစ်ပွားပြီး သင်္ဘော(၄)စီးပါ အိန္ဒိယစစ်သား(၃၀၀၀)ကျော်ဖမ်းဆီးရမိရာ မွတ်စလင်မ်များပါဝင်ခဲ့တယ်လို့ ‘မှန်နန်း ရာဇဝင်’ တတိယအတွဲ စာမျက်နှာ(၁၇၂)မှာ တွေ့ရပါတယ်။
၁၈-ရာစုနှစ်များအတွင်း အိန္ဒိယပြည်မှ ရခိုင်ပြည်သို့ ဝင်ရောက်လာကြသူများတွင် များစွာသော မွတ်စလင်မ်များ ပါ ခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ကျင်းပတဲ့ အာရှသမိုင်းဆိုင်ရာကွန်ဂရက်တွင် ဗိုလ်မှူးဘရှင် တင်သွင်းတဲ့ Coming of Islam to Burma Down စာတမ်း စာမျက်နှာ(၆)မှာ တွေ့ရပါတယ်။
၁၈-ရာစုနှစ်များအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ (၁၇၅၃-၁၇၆၀) လက်ထက်တွင် ဟိုင်းကြီးကျွန်း ကို ချီတက်တိုက်ခိုက်ရာအောင်မြင်သဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် သုံ့ပန်းများတွင် အစ္စလာမ်သာသနာဝင်များ ပါ ဝင်ခဲ့ကြောင်း ‘ကုန်းဘောင်ခေတ်မဟာရာဇဝင်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ(၁၄၄)မှာ တွေ့ရပါတယ်။
ကုန်းဘောင်မင်းဆက်များအတွင်း ကသည်းတို့နှင့် အကြိမ်ကြိိမ်စစ်ဖြစ်ပွားရာမှာလည်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းများ၊ ဝင်ရောက်ခိုလှုံသူများ လေးသောင်းကျော်ထဲမှာ အစ္စလာမ်သာသနာဝင်များပါဝင်ခဲ့တာဖြစ်ပါတယ်။ ကသည်းပြည် တွင် အစ္စလာမ်သာသနာထွန်းကားနေသည်မှာ ၁၂-ရာစုနှစ်များကပင်ဖြစ်သည်ဟု ဟာဗေးရေးတဲ့ ‘မြန်မာရာဇဝင်’ မှာ တွေ့ရပါတယ်။
ဒီသမိုင်းကြောင်းတွေကို လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ဝင်လာကြတဲ့ အစ္စလာမ်သာသနာဝင် လူ့ အစုအဝေးဟာ - (၁) အာရဗ်လူမျိုးများ၊ (၂) ပါရှင်းလူမျိုးများ၊ (၃) မဂိုမင်းဆက်နွယ်များ၊ (၄) တရုတ်ပြည်မှ တာရ် တာရ် ခေါ် တူရကီနွယ်များ၊ (၅) ကသည်းမွတ်စလင်မ်များနှင့် (၆) အိန္ဒိယသားမွတ်စလင်မ်များ ဖြစ်ကြတယ် ဆို တာကို တွေ့ရပါတယ်။ (ပန်းသေးနှင့် ပသျှူးလူမျိုးများအကြောင်း မပါသေးပါ။)
မူလကပင် နေထိုင်ကြတဲ့ တိုင်းရင်းသားများထဲကလည်း အစ္စလာမ်သာသနာကို ကူးပြောင်းကိုးကွယ်လာကြ တာတွေ လည်း ရှိခဲ့ပါတယ်။
ဒီလိုရောက်ရှိိဖြစ်တည်လာကြတဲ့သူတွေဟာ လူ့သဘာဝအရ အချင်းချင်း အိမ်ထောင်ဖက်ကျခြင်း၊ ဘာသာ တူမှု ကြောင့် အိမ်ထောင်ဖက်ကျခြင်း၊ မူလနေရင်း တိုင်းရင်းသူ တိုင်းရင်းသားများနှင့် အိမ်ထောင်ဖက်ကျခြင်းတို့ဖြင့် ဒီကနေ့ မြန်မာနို်င်ငံမှာရှိကြတဲ့ တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာ ကိုးကွယ်သူ လူ့အစုအဝေးကြီးဖြစ်ပေါ် လာတာပါ။
“အရင်ကရှိခဲ့တဲ့သူတို့ကို အလ္လာဟ်အရှင်မြတ်သည် နေရာပေးခဲ့သည်။ ထို့နောက် အုပ်စုတစ်စုကို ဖန်ဆင်းခဲ့သည်” လို့ ကုရ်အာန်(၆း၆)မှာ ဗျာဒိတ်တော်ပြုထားပါတယ်။
အကြောင်းမျိုးစုံနဲ့ ရောက်ရှိလာကြပေမယ့် ရေကြည်ရာမြတ်နုရာတို့မှာ မိမိတို့ဆန္ဒအရ နေထိုင်အသက်မွေးခဲ့ကြ ပါတယ်။
(၂)
ဘယ်မှာနေခဲ့ကြသလဲ
ဘယ်လူ့အဖွဲ့အစည်းမဆို မြေနဲ့မတွဲမိသမျှ တည်ငြိမ်တယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်ခေတ်ကစပြီး မြေနှင့်တွဲလာ သ လဲဆိုရင် ညောင်ရမ်းခတ်၊ အနောက်ဘက်လွန်မင်းလက်ထက် (၁၆၁၂-၁၆၂၈) ခုနှစ်များအတွင်း ငဇင်ကာနှင့် စစ်ဖြစ်ရာ ဖမ်းဆီး ခေါ်ဆောင်လာတဲ့ မွတ်စလင်မ်တို့ကို အင်းဝမြို့ရဲ့မြောက်ဘက် မြစ်သာမြို့မှာ လုပ်မြေနေမြေပေး ပြီး အတည်တကျ နေထိုင်စေခဲ့တယ််။ မင်းမှုထမ်းစေခဲ့တယ်လို့ ‘မှန်နန်းရာဇဝင်’ တတိယတွဲ၊ စာမျက်နှာ (၁၇) မှာ တွေ့ရှိရပါတယ်။ ဒါဟာ ပထမအကြိမ် နေရာချထားပေးခြင်းပါ။ မျက်မှောက်ကတွက်ရင် နှစ်ပေါင်း (၃၇၀) ကျာ်ခဲ့ပါပြီ။ မျိုးဆက်တစ်ရပ်ကို သက်တမ်း(၇၀) ထားတွက်ရင် မျိုးဆက် (၅) ဆက််ကျော်ရှိပါပြီ။ သိပ္ပံနည်းအရ မျိုးဆက်သုံးဆက်မှာ မူလဗီဇသွေး မရှိတော့ဘူးလို့ဆိုတာ လေ့လာရဖူးပါတယ်။ (ယနေ့အများလက်ခံထားသော မျိုးဆက် တစ်ဆက်၏ သက်တန်းမှာ ၂၅နှစ် ဖြစ်သဖြင့် နှစ်၃ရဝကို မျိုးဆက် ၁၅ဆက် နီးပါးဟု တွက်ချက်နိုင်ပါ သည်။)
ယနေ့တိုင်းရင်းသား နိုင်ငံသားအစ္စလာမ်သာသနာဝင်တို့ဟာ လူမျိုးစုံရောနှောရာမှ တိုးပွားလာကြသူများ ပါ။ ညောင်ရမ်းခေတ် အတွင်းမှာပဲ သာလွန်မင်းတရားကြီး(၁၆၂၈-၁၆၄၆)လက်ထက်မှာ အတည်တကျ လုပ်မြေနေမြေပေးပြီး နေထိုင်စေခဲ့တယ်လို့ ဦးဘသန်းရေး ‘ကျောင်းသုံးမြန်မာရာဇဝင်’စာအုပ်၊ စာမျက်နှာ (၂၇၀) မှာ တွေ့ရပါတယ်။ဒါ - ဒုတိယအကြိမ် နေရာချထားပေးခြင်းပါ။ မျက်မှောက်ကတွက်ရင် နှစ်ပေါင်း(၃၇၀)ကျော်ပါပဲ။
ညောင်ရမ်းခေတ်မှ အင်းဝခေတ်ဖြစ်လာတဲ့အခါ စနေမင်းတရားကြီး(၁၆၉၈ - ၁၇၁၄)ခေတ်မှာ အစ္စလာမ်သာသနာ ဝင်တို့ကို … (၁) တောင်ငူ၊ (၂) ရမည်းသင်း၊ (၃) ညောင်ရမ်း၊ (၄) ယင်းတော် (၅) မိတ္ထီလာ၊ (၆) ပင်းတလဲ၊ (၇) တဘက်ဆွဲ၊ (၈) ဘောဓိ၊ (၉) စည်သာ၊ (၁၀) စည်ပုတ္တရာ၊ (၁၁) မြေထူး၊ (၁၂) ဒီပဲယင်းမြိို့ …. စသည့် ၁၂-မြို့ မှာ နေရာချထားပေးခဲ့ကြောင်း (၁၈၀၁)ခုနှစ် အမရပူရဘုရင် ပိိဋကတ်တိုက်တော်မှ ကျောက်တစ်လုံးဗိုလ် ကူးယူခဲ့ တဲ့ မှတ်တမ်းရှိခဲ့ဖူးကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြိို့မှာ ကျင်းပတဲ့ ‘အာရှသမိုင်းကွန်ဂရက်’မှာ တင်သွင်းတဲ့ ဗိုလ်မှူးဘရှင်ရဲ့ စာတမ်းမှာ တွေ့ရပါတယ်။ ဒါဟာလဲ မျက်မှောက်ကတွက်ရင် နှစ်(၃၀၀)ကျော်ရှိခဲ့ပါပြီ။
ကုန်းဘောင်ခေတ်ဦးရောက်လာခဲ့အခါ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျလက်ထက်(၁၇၅၃-၁၇၆၀) အတွင်းမှာ သန်လျင်ကိုချီတက်တိုက်ခိုက်ရာမှ ရရှိလာတဲ့ အစ္စလာမ်သာသနာဝင်များ၊ အကြိမ်ကြိမ် ကသည်းပြည် တိုက်ခိုက်ရာမှ ရရှိသူ၊ ဝင်ရောက်ခိုလှုံကြသူ ကသည်းမွတ်စလင်မ် တို့ကို ရှိရင်းစွဲ မွတ်စလင်မ်အစုအဝေးများ ရှိ ရာဒေသတို့မှာ ခွဲခြားနေရာချထားကြောင်း ‘ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ (၂၉၈-၂၉၉) မှာ တွေ့ရပါတယ်။
ကုန်းဘောင်ခတ်အဆက်ဆက်အတွင်း ဗဒုံမင်းလို့ခေါ်တဲ့ ဘိုးတော်ဦးဝိုင်း (၁၈၇၁-၁၈၁၉) ခတ်မှာ အစ္စလာမ် သာ သနာဝင်တို့သည် အထက်ပါနေရာဒေသတို့ှမှာ အတည်တကျလည်းရှိနေကြပြီး ဘုရင့်သစ္စာတော်ခံများလည်း ဖြစ် ကြတယ်။ ဒေသများမှာလည်း ပြန့်ကျဲနေထိုင်ကြတယ်။ အဲဒီလူတွေအပေါ်ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအရ ဆုံးဖြတ်ရမယ့်ပြဿနာတို့လည်းရှိလာတာကြောင့် ဘာသာတရားဓမ္မနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တို့ကိုပေးနိုင်ရန် သာသ နာ့ပညာရှိကြီးဖြစ်တဲ့ ‘အာဗိရှားဟ်ဟိုိစိုင်နီသခင်ကြီး’ ကို အစ္စလာမ်ဓမ္မသတ်မှူးကြီးအဖြစ် ခန့်အပ်တယ်လို့ အမိန် ့တော် ပြန်တမ်းထုတ်ခဲ့တယ်။
“အာဗိရှားဟ်ဟိုိစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့က အရပ်ရပ်မြို့ရွာများမှာနေသည့် (ရခိုင်ပြည်အပါအဝင်) ပသီီ ကုလားတို့သည် ဘာသာကျမ်းရှိသည့်အတိုင်း အာဗိရှားဟ်ဟိုစိုင်နီတပည့်် ငရွှေလူ၊ ငရွှေအေးတို့ပြသရာ နာခံ ကြစေ”လို့ ၁၁၆၉-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၃) ရက်၊ ၁၈၇၀-ခု၊ နိုဝင်ဘာလ (၁၇) ရက်နေ့မှာ နာခံတော် ဘယကျော်ထင်တွင် ပြန်သည်လို့ ‘ဘိုးတော်မင်းတရားကြီး၏ ရာဇသတ်ကြီး’စာအုပ် အတွဲ-၄၊ စာမျက်နှာ(၂၇၆) မှာ တွေ့ရပါတယ်။
ဒါဟာ နှစ်ပေါင်း (၁၀၀၀) ကျော်မှ ဝင်ရောက်လာကြပြီး ဘုရင်အဆက်ဆက် အတည်တကျနေထိုင်လာကြတဲ့ လူ့အစုအဝေးရဲ့ အစ္စလာမ်သာသနာကိုးကွယ်မှုကို ဘုရင်က အသိအမှတ်ပြုလိုက်တာပါ။
ဘိုးတော်ဦးဝိုင်းခေတ်မှာ စာဆိုတော်ကြီး ‘မုဟမ္မဒ်ကာစင်မ်’ လို့ခေါ်တဲ့ ‘ဆရာကြီးဦးနု’ ပေါ်ပေါက်ခဲ့ပြီး အစ္စလာမ် သာသနာရေးရာတို့ကို “သံတော်ဦးတင်လွှာ” အဖြစ်ရေးပြီး ဘိုးတော်ဦးဝိုင်းသို့ဆက်သွင်းခဲ့သည်။ ဘုရင်က လက်ခံ ကြားနာခဲ့တယ်။ ဒါဟာလဲ အစ္စလာမ်သာသနာကိုိ ဘုရင်က အသိအမှတ်ပြုတဲ့အကြောင်းတစ်ရပ်ပါ။
ဘိုးတော်မင်းတရားကြီး အင်းဝမှ အမရပူရသို့ပြောင်းေ့ရွှခဲ့ရာ ဘုရင့်အမှုထမ်းများအတွက် အတည်တကျနေထိုင်ရန် ဘုံးအိုး၊ စားကြင်ဝ၊ ကြည့်မြင်တိုင်၊ ကိုယ်ရံတော်၊ အပ်ချုပ်ရပ်နှင့် အစ္စလာမ်သာသနာဝင်များအတွက် သီးသီး သန့် သန့် ရပ်ကွက်များ သတ်မှတ်ပေးခဲ့တယ််။ ရပ်ကွက်တိုင်းတွင် ဗလီများဆောက်လုပ်ရန် နေရာများ သတ်မှတ်ပေးခဲ့ တယ်။ ယနေ့တိုင် ထိုဒေသများမှာ မျိုးဆက်များဆက်လက်နေထိုင်လျက်ရှိကြတယ်။
ကုန်းဘောင်ဆက်ရဲ့ (၁၀) ဆက်မြောက်ဘုရင် မင်းတုန်းမင်းတရားကြီး (၁၈၅၂-၁၈၇၈) လက်ထက် မန္တလေး မြို့တော်သစ်တည်ရာ ပြီးစီးပြောင်းေ့ရွှရန်စီစဉ်တော့ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များအတွက် သီးသီး သန့် သန့်နေထိုင်ကြရန် ရပ်ကွက်ကြီးများအဖြစ် သတ်မှတ်ပေးခဲ့ရာ …. စကြ်ာနွယ်စဉ်ရပ်ကွက် (၈) ကွက်၊ ကိုယ်ရံတော် ရပ်ကွက်၊ အပ်ချုပ်ရပ်ကွက်၊ တောင်ဘလူရပ်ကွက်၊ ဂျွန်းတန်းရပ်ကွက်၊ စစ်ကိုင်းတန်းရပ်ကွက်၊ ကုန်းရိုးရပ်ကွက်၊ ဝလီခန်ရပ်ကွက်၊ ကင်းတားကုလားပျို ရပ်ကွက်ဆိုပြီး ရပ်ကွက်ပေါင်း(၁၆)ရပ်ကွက် သတ်မှတ်ပေးခဲ့ပြီး ရပ်ကွက် တိုင်းမှာ ဗလီဆောက်လုပ်ရန်မြေနေရာများ သတ်မှတ်ပေးခဲ့တယ်။ ထိုစဉ်ကအဆက်အနွယ်များ ယနေ့တိုင် အခြေ တကျနေထိုင်ကြတယ်။
(၃)
ဘာတွေ လုပ်ခဲ့ကြသလဲ
အနော်ရထာဘုရင် (၁၀၄၄-၁၀၇၇) ဘုရင်အဖြစ် (၃၃)နှစ်အုပ်ချုပ်ခဲ့ရာ နန်းစံသက် (၁၃ )နှစ်အရမှာ မိတ္ထီလာကန် ဆယ်ဖို့ခဲ့တယ်။ ‘ပသီ’ လက်နက်ကိုင်တပ်သားတို့ ပါဝင်စေခဲ့တယ်လို့ ဟံသာဝတီဦးဘရင်ရေးတဲ့ ‘မြန်မာ့ယဉ်ကျေး မှုနဲ့ လယ်သမားရေးရာ’စာအုပ် စာမျက်နှာ (၂၅) မှာ တွေ့ရပါတယ်။
တောင်ငူခေတ်ဖြစ်တဲ့ မင်းခေါင်နော်ရထာလက်ထက် (၁၄၀၁-၁၄၁၂) အတွင်း ဒုတိယအကြိမ် မိတ္ထီလာကန်ဆည် ဖို့ပြန်ရာ ‘ပသီ’ လက်နက်ကိုင်တပ်သား (၁၀၀၀)၊ ရွေးလက်ျာတပ်သား (၁၀၀၀) လိုက်ပါဆည်ဖို့စေခဲ့တယ်လို့ ‘ကင်း ဝန်မင်းကြီး စာပေါင်းစု’စာအုပ်၊ စာမျက်နှာ (၈၆) မှာ တွေ့ရတယ်။ အဲဒီီအချိန်ကာလဟာ အတည်တကျနေထိုင်ကြ ရသေးတဲ့ ကာလမဟုတ်သေးပါဘူး။
ကုန်ဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ (၁၇၅၃-၁၇၆၀) လက်ထက် သန်လျင်ကို ချီတက် တိုက် ခိုက်ရာ အောင်မြင်သဖြင့် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ အစ္စလာမ်သာသနာဝင်အစု (၂၅၀၀)ကျော် ပါ တယ်လိို့ ဆိုတယ်။ ‘ဒါဝတ်’ ဆိုသူနဲ့ ‘ပီးရ်မာမက်’ ဆိုသူတို့ကို သွေးသောက်ကြီးများ ခန့်အပ်တာဝန်ပေးခဲ့တယ်။ ကိုယ်ရံတော်တပ်မှာ အမှုထမ်းစေခဲ့တယ်လို့ဆိုတယ်။ ‘ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး’ ပထမတွဲ စာမျက်နှာ (၁၈၅-၁၈၆) မှာ တွေ့ရပါတယ်။
ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း (၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာဗန္ဓုလဦးဆောင်တဲ့ ရမူး -ပန်းဝါတိုက်ပွဲမှာ ‘ခန်ဆပ်ဗိုလ်’ (ဝလီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော် (၂၀၀)ကျော်ပါဝင်စေခဲ့တယ်လို့ ‘ကုန်းဘောင်ခေတ် မဟာရာဇဝင်’ ဒုတိယတွဲ စာမျက်နှာ (၃၇၇) မှာ တွေ့ရပါတယ်။
မင်းတုန်းမင်းတရားကြီး (၁၈၅၂-၁၈၇၈) ဘုရင်ဖြစ်လာပြီးနောက် ညီတော် ကနောင်မင်းသားကြီးနှင့် တိုိင်ပင်ပြီး စပါးကြိတ်စက်၊ စာပုံနှိပ်စက်၊ ယက်ကန်းစက်၊ လွှဝိုင်းစက် မဲနယ်လုပ်စက်၊ ဒင်္ဂါးလုပ်စက်ဆိုတဲ့ စက်မှုနိုင်ငံထူထောင် ရာမှာ အစ္စလာမ်သာသနာဝင် အလုပ်သမားများစွာ ပါဝင်စေခဲ့တယ်။ အတတ်ပညာသင်သွားရတဲ့ ‘မာလာမွန်’ ခေါ် ‘ဦးပွင့်’ ဆိုသူဟာ အစ္စလာမ်သာသနာဝင်ဖြစ်ပြီး ပညာသင်ပြန်လာတဲ့အခါ ဖန်ချက်ဝန်အဖြစ် တာဝန်ပေးခံရတယ်လို့ ဦးမောင်မောင်တင် မဟာဝိဇ္ဇာပြုစုတဲ့ ပုဂံစာအုပ်တိုက်ထုတ် ‘မြန်မာမင်းလက်ထက်တော် စာတမ်းများ’ စာအုပ် စာ မျက်နှာ (၆၆၊ ၇၂၊ ၇၇) တို့မှာ တွေ့ရတယ်။
သီပေါမင်း (၁၈၇၈-၁၈၈၅) ခု နန်းစံနှစ်များအတွင်း တရုတ်တို့ မြန်မာနိုင်ငံအတွင်း ကျူးကျော်ပြီး ဗန်းမော်မြို့ကို သိမ်းကြလို့ မြန်မာဘုရင်ပိုင် သင်္ဘော (၃) စင်းနဲ့ ခုခံတိုက်ခိုက်ရာ တပ်ဗိုလ်အဖြစ် ‘ဦးဘိုးကာ’ (မေမြို့၊ ဟာဂျီဦး သန်းညွန့်၏ ဖခင်) က တာဝန်ယူဆောင်ရွက်ခဲ့ရတယ်။
(၁၈၈၅) ခု အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်ပြန်တော့ မင်းလှခံတပ်က ဆီးကြိုတိုက်ခိုက်ခဲ့ရတဲ့စစ်ပွဲမှာ အမြောက် တပ်ကို ဦးဘိုးကာတပ်မှူးအဖြစ် တာဝန်ယူခဲ့ရတယ်လို့ မကွယ်လွန်မီကိုယ်တိုင်ပြောလို့ သိခဲ့ရတယ်။ (၁၈၈၅) ခု အ ထက်မြန်မာနိုင်ငံ သိမ်းဖိုိ့ သရက်မြိုက အင်္ဂလိပ်တပ်တွေချီတက်လာတော့ ခုခံတိုက်ခိုက်မယ်လို့ သီပေါဘုရင်က စစ်ကြေညာပြီး စစ်ကြောင်းကြီး သုံးကြောင်း (၁) တောင်ငူစစ်ကြောင်း၊ (၂) အောက်မြစ်စစ်ကြောင်း (၃) ဧရာဝတီ စစ်ကြောင်းတို့က ခုခံကြမယ်လို့ အမိန့်တော်ထုတ်လို့ အက္ကပတ်မြင်းဝန် ပင်လယ်မြို့စားမင်းကြီး မဟာမင်းထင်ရာ ဇာ (ငယ်မည် ဦးချုံ - အစ္စလာမ်သာသနာဝင်) ကို တောင်ငူစစ်ကိုင်း ဦးဆောင်စေခဲ့တယ်။ ကုန်းဘောင်ဆက် ရာဇဝင်တော် ကြီး တတိယတွဲ စာမျက်နှာ (၇၁၂) မှာ တွေ့ရတယ်။
(၁၈၈၅)-ခု နိုဝင်ဘာလ (၂၉) ရက်နေ့မှာ သီပေါဘုရင်ပါတော်မူပြီးခေတ်ဦး နယ်ချဲ့တော်လှန်ရေးသမားကြီးများပေါ် ခဲ့တယ်။ (ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး ဗိုလ်မင်းရောင်တို့နဲ့ခေတ်တူ) ပခုက္ကူ၊ မိတ္ထီလာ၊ ကျောက်ဆည်နယ်တို့မှာ သူပုန်ဗိုလ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ရာကွတ်ပါခဲ့တယ်။ ဗိုလ်ရာကွတ်ကိုဖမ်းမိတော့ အင်္ဂလိပ်ကို သစ္စာခံ ရင် ရာထူးပေးမယ်လို့ ချော့ခဲ့တာလက်မခံလို့ ကြိုးပေးခဲ့ရာ ဘုရင်ချီးမြှင့်ထားတဲ့ ကတ္တီပါအင်္ကျ ီအစိမ်းကိုဝတ်ပြီး ကြိုးစင်တက်အသက်ပေးခဲ့တယ်။ ဆင်ဖြူကျွန်းအောင်သိန်းရေး ‘နယ်ချဲ့ခေတ်ဦးတော်လှန်ရေးသမားကြီးများ’ စာ အုပ်မှာတွေ့ရတယ်။
မြန်မာနိုင်ငံမှာ (၁၈၈၅)-ခု နိုဝင်ဘာလ(၂၉)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူသွားပြီး (၁၀)နှစ်ကျော် သူပုန် နှိမ်နင်း ခဲ့ပြီးမှ အုပ်ချုပ်ရေးအနယ်ထိုင်ခဲ့တယ်။
နယ်ချဲ့သမားအုပ်ချုပ်မှုခေတ်
နယ်ချဲ့အုပ်ချုပ်ရေးသမားခေတ်အတွင်း (၁၉၂၀)ပြည့်နှစ်မှာပေါ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ သပိတ် မှောက်ရေး ဦးစွာစီီစဉ်ခဲ့သူ(၁၁)ဦးမှာ ဦးဘရှင်သံတွဲ (အစ္စလာမ်သာသနာဝင်) ပါခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီထုတ် ‘မြန်မာ့နိုင်ငံရေး အခြေပြသမိုင်း’ ပထမတွဲ စာမျက်နှာ (၂၀၀) မှာ တွေ့ရတယ်။
(၁၉၀၆) ခုမှာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၀ိုင်အမ်ဘီဘေ) ပေါ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုများ လုပ်ကြသလို (၁၉၀၉) ခုနှစ်မှာ ‘ဘားများမွတ်စလင်မ် ဆိုဆိုက်ယီတီ’ အဖွဲ့ခေါ်ခဲ့ပြီး ၀ိုင်အမ်ဘီအေလုပ်သလို လုပ်ခဲ့ ကြတယ်။ (၁၉၂၀)ပြည့်နှစ် သပိတ်ကြီးကို အခြေခံပြီးပေါ်ပေါက်လာတဲ့ အမျိုးသားကျောင်းများဖွင့်ကြရာ မန္တလေး မြို့မှာ ‘ဆရာကြီး ဦးရာဇတ်’ က ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်တဲ့ အမျိုးသားကျောင်းပေါ်ခဲ့တယ်။
(၁၉၃၀)ပြည့်နှစ် ဆရာစံခေါင်းဆောင်တဲ့ လယ်သမားသူပုန်ကြီးပေါ်ခဲ့ရာ အဆင့်မြင့်တပ်သားကြီးအဖြစ် အစ္စလာမ် သာသနာဝင် ‘ဦးဒူးဒူး’ ဆိုသူပါခဲ့ပြီး ဆရာစံသူပုန်ဌာနချုပ် အလံတောင်အနီးရှိဝံကိုက်ရွာ(ဥက္ကံမြို့မြောက်ဘက်၊ သူ ပုန်ဌာနချုပ်ရဲ့ အေ့ရှဘက်မှာရှိတယ်။ အိမ်ခြေ(၁၈၀)ရှိပြီး ဗလီနှစ်လုံးရှိတယ်။ ရွာလုံးကျွတ် အစ္စလာမ်သာသနာဝင် များ ဖြစ်ကြတယ်။) ရွာသားလယ်သမားအများစု ဆရာစံသူပုန်မှာပါဝင်ခဲ့ကြတယ်။ (ကြိုးကျကျွန်းပြန် ဦးဘိုးဖြူပြုစုခဲ့ တဲ့ ‘ဗြိတိသျှ အစိုးရအား ကျွန်ုပ်တို့တော်လှန်ခဲ့စဉ်က’စာအုပ်၊ စာမျက်နှာ (၄၁၊ ၄၆၊ ၄၇) မှာ တွေ့ရတယ်။
(၁၉၃၀)ပြည့်နှစ် နောက်ပိုင်း တို့ဗမာအစည်းရုံး (သခင်လူငယ်အဖွဲ့)ပေါ်ခဲ့တယ်။ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ မြင့် တက်ခဲ့တယ်။ အစ္စလာမ်သာသနာဝင်လူငယ်များ သခင်အဖြစ် ပါဝင်ခဲ့ကြတာရှိတယ်။ ရေနံမြေအလုပ်သမား သ ပိတ်ကြီးပေါ်လာတော့ ဘဝတူအလုပ်သမားများနဲ့အတူ အစ္စလာမ်သာသနာဝင် အလုပ်သမားများ ပါဝင်ခဲ့ကြတယ်။ ဦးသော်ရေး ‘အိန္ဒိယမြန်မာဆက်ဆံရေးမှတ်တမ်း’စာအုပ် စာမျက်နှာ(၁၂၇)။
(၁၉၃၈)ခု ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ‘ဗမာမွတ်စလင်မ်နိုးကြားရေးအဖွဲ့’ပေါ်ခဲ့တယ်။ ‘တို့ဗမာ အစည်းအရုံး’ ကြွေးကြော်သံ ‘ဗမာပြည် - တို့ပြည်၊ ဗမာစာ - တို့စာ၊ ဗမာစကား - တို့စကား’ဆိုတဲ့ ကြွေးကြော်သံကို ထပ်တူ လက်ခံပြီး တို့ဗမာအစည်းအရုံးနဲ့ လက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့ကြတယ်။
(၁၉၃၆-၁၉၃၈) ခုနှစ်များမှာ သပိတ်မှောက်ကြတဲ့ ကျောင်းသားများ သပိတ်တိုက်ပွဲကြီးမှာ တိုင်းရင်းသားအစ္စလာမ် ဝင် ကျောင်းသူကျောင်းသားများ သပိတ်တိုက်ပွဲဝင်ခဲ့ကြတယ်။
(၁၉၄၂-၄၅) ကတော့ ဂျပန်ခေတ်ဖြစ်ပါတယ်။ ဂျပန်ခေတ်အတွင်း ဗမာ့လွတ်မြောက်ရေးတပ်မတော်(ဘီအိုင်အေ)မှ ဗမာ့ကာကွယ်ရေးတပ်(ဘီဒီအေ) ပြန်လည်ဖွဲ့စည်းရာ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် လူငယ်တို့ပါဝင် စစ်မှု ထမ်းကြ တယ်။ (ဘီဒီအေ) တပ်မတော်ထဲက စည်းကမ်းရှိိသူတို့ကို ဗိုိလ်သင်တန်းတက်ခွင့်ပြုခဲ့လို့ တက်ခဲ့ကြပြီး ၃-လိုင်း တစ်ပွင့်ဗိုလ် ဖြစ်ခဲ့ကြသူတို့လည်း ရှိခဲ့ကြတယ်။
ဂျပန်ခေတ်အတွင်းမှာပဲ အာရှလူငယ်များအစည်းအရုံးပေါ်လာတော့ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များ ရာထောင်မက ပါဝင်ခဲ့ကြတယ်။
ဗမာ့ကာကွယ်ရေးတပ်မတော်က ဦးဆောင်ပြီး ဂျပန်တော်လှန်ရေးလုပ်ကြရာမှာ တပ်မတော်သားတို့က စစ်ရေး တာဝန် ယူခဲ့ကြသလို အာရှလူငယ်အဖွဲ့ဝင်ထဲက လက်ရွေးစင်လူငယ်တွေကို မဟာမိတ်တပ်နဲ့ ဆက်သွယ်ရေးတို့ ကို တာဝန်ပေးခဲ့လို့ တစ်ချို့ အမေရိကန်တပ် (ဝမ်းအိုဝမ်း) နဲ့ ဆက်ခဲ့ကြပြီး လေထီးဆင်းခဲ့ကြသူတို့ရှိခဲ့ကြတယ်။
မဟာမိတ် အင်္ဂလိပ်တပ်ဦးနဲ့ဆက်သွယ်ရသူတို့လည်းရှိခဲ့ကြသည်။ ဂျပန်တပ်သားတို့ရဲ့ အန္တရာယ်ကြားမှာ သက်စွန် ့ကြိုးပမ်း မဟာမိတ် တပ်နဲ့ ဆက်သွယ်ရေးလုပ်ခဲ့ကြတာလလဲ အများပင်။ ဂျပန်တော်လှန်ရေးမှာ အသက်ပေး သွားကြတဲ့ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်လူငယ်တို့ ရာဂဏန်းမကပါဘူး။ (ဦးကျော်ဝင်းမောင် ဝမ်းအိုဝမ်း)
(၁၉၄၅)-ခု ဒုတိယကမ္ဘာစစ်ပြီး မဟာမိတ်တပ်တို့ပြန်ဝင်လာကြတော့ ဗမာပြည်ဆက်လက်အုပ်ချုပ်ရေး စီမံကိန်း တို့ကို ချလို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့(ဖတပလ)မှ (ဖဆပလ)အဖွဲ့ချုပ်ကြီးက လူထုအုံကြွမှု တိုက်ပွဲဆင် လာ ကြတော့ ‘ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) အဖွဲ့ကြီး’ (၁၉၄၅) ခုနှစ် ဒီီဇင်ဘာမှာ ပေါ် လာတယ််။ (ဖဆပလ) တပ်ပေါင်းစုအဖွဲ့ဝင်အဖြစ်ပါဝင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး လုံးဝလွတ်လပရေး တိုက်ပွဲ ဆင်နွှဲ ကြရာမှ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် လူထုကြီးတစ်ရပ်လုံး ပါဝင်ဆင်နွှဲကြတယ်။
တိုင်းပြည်လုံးဝလွတ်လပ်ရေးဆောင်ရွက်ရန် ယာယီကြားဖြတ်အစိုးရအဖွဲ့မှာ ‘ဆရာကြီးဦးရာဇတ်’ ဝန်ကြီးတစ်ဦး အဖြစ်တာဝန်ယူခဲ့ရတယ်။ (ဖဆပလ)ဗဟိုဦးစီးအဖွဲ့မှာ ဆရာကြီးဦးရာဇတ်၊ မစ္စတာအက်စ်အေရာမန် နဲ့ ဦးဘတင် (ခ) မစ္စတာ အက်စ်အေရရှီးဒ် တို့ ပါဝင်ခဲ့ကြတယ််။
တိုင်းပြည်လုံးဝလွတ်လပ်ရေး၊ မြန်မာနိုင်ငံအဝှမ်းပါဝင်ရေး၊ ပင်လုံစာချုပ်ကြီးဖြစ််ပေါ်လာရေးကိစ္စ ဆောင်ရွက်ရာမှာ ဦးဖေခင် (သံအမတ်ကြီး-ငြိမ်း) ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုဟာ မသေးလှပါဘူး။
တိုင်းပြုပြည်ပြုလွှတ်တော်မှာ (ဖဆပလ) အမတ်များအဖြစ် ရွေးချယ်ခံကြရပြီး လွှတ်တော်အမတ်များအဖြစ် …..
(၁) ဦးရာဇတ် (မန္တလေးမြို့၊ မြို့မေ့ရှပိုင်း)
(၂) ဦးသန်းညွန့်(မေမြို့) (မန္တလေး၊ ကျေးလက်တောင်ပိုင်း)
(၃) ဦးခင်မောင်လတ် (မြောင်းမြ၊ ကျေးလက်တောင်ပိုင်း)
(၄) ဦးဖေခင် (ရမည်းသင်း၊ ကျေးလက်မြောက်ပိုင်း)
(၅) ဦးသန်းမြင့် (မော်လမြိုင်၊ မြောက်ပိုင်း)
(၆) ဒေါ်စောရွှေ (ရန်ကုန်မြို့မလမ်းမတော်)တို့ လွှတ်တော်အမတ်များဖြစ်လာကြပါတယ်။
တိုင်းပြုပြည်ပြုလွှတ်တော်က နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းရေးဆွဲရာမှာ ဌာနမျိုးစုံမှာ ခွဲဝေတာဝန်ယူခဲ့ကြ ပါတယ််။ လွတ်လပ်ရေးမကြေညာခင် (၁၉၄၇)-ခု ဇူလိုင်လ(၁၉)ရက်နေ့ နိုင်ငံတော်ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရတော့ ‘ဆရာကြီးဦးရာဇတ်’နဲ့ သက်တော်စောင့် ‘ရဲဘော်ကိုထွေး’တို့ အသက်ပေးသွားကြရပါတယ်။
တိုင််းပြည်လွတ်လပ်ရေးရပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ကြရာမှာ ပါလီမန်-တွင်း၊ ပါလီမန်-ပ လုပ်ရပ်တွေမှာ ဗမကအဖွဲ့ချုပ်ဟာ ကျရာတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။
(၄)
ဘယ်ကိုသွားကြမှာလဲ
လူ့အဖွဲ့အစည်းတိုင်းမှာ တေးကဗျာလင်္ကာတွေပေါ်ခဲ့တယ်။ နတ်ရှင်နောင်ဟာ ကဗျာ့ပါရဂူရှင်လို့တောင် ဆိုကြတာ ရှိပါတယ််။ သူ့ကဗျာတွေဟာ မေတ္တာဘွဲ့များပါတယ််။
ပြည်နဝဒေးကြီးလို့ကျော်ကြားခဲ့တဲ့ စာဆိုကြီးဟာ အင်းဝမှပြည်သို့ ဧရာဝတီကြောင်းက စုန်ဆင်းခဲ့တယ်။ လမ်း တစ်လျှောက်မှာတွေ့ရတဲ့ တော၊ တောင်၊ စေတီီ၊ ပုထိုးတို့ကို စပ်ဆိုခဲ့တယ််။ သူ့ကဗျာထဲမှာ သင်ခန်းစာယူစရာတွေ ပါခဲ့တယ်။
စာဆိုရှင်ကြီး ‘မုဟမ္မဒ်ကာစင် (ခေါ်) ဆရာကြီးဦးနု’ဟာ (၅၅) ပိုဒ်ပါတဲ့ လင်္ကာကြီးကို ခရီးသွားမှတ်တမ်း အဖြစ် ရေးစပ်ခဲ့တယ််။ အပိုဒ်တိုင်းက အစ္စလာမ်သာသနာကို အခြေခံခဲ့တယ်။ ရောက်ရာအရပ်မှာ မွေးမြူဖန်ဆင်းရှင် အလ္လာဟ် အရှင်ကိုအမြဲတမ်းသတိရနေရမယ်။
နှစ်ဘဝကျေးဇူးရှင် မဟာတမန်တော်မြတ်ကို အမြဲမပြတ် မေတ္တာပို့နေရမယ်။ ကုန်းပေါ်နေနေ၊ ရေပေါ်ရောက် ရောက် ဆွလာသ်(၅)ကြိမ်ဝတ်ပြုရမယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကို အမြဲမပြတ်ဖတ်ရွတ်ရမယ်လို့ သာသနာ့ လမ်းညွှန်မှု ပြုခဲ့တယ်။ သူကိုယ်တိုင်လည်း မပျက်လ်ိုက်နာဆောင်ရွက်ခဲ့တယ်လို့ဆိုတယ်။
အဆိုတော် ခင်မောင်ရင် (ဇာတ်လိုက်မင်းသား) က စစ်မဖြစ်ခင် ‘ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါ မည်’ လို့ အမျိုးသားစိတ်ဓါတ်တက်ကြွအောင်ဆိုခဲ့တဲ့ နဂါးနီသီချင်းဟာ ဒီနေ့ထိ မရိုးနိုင်သေးပါဘူး။ အမျိုးသားစိတ် ဓါတ်ကိုလည်း တက်ကြွစေခဲ့တယ်။
စာဆိုရှင်ကြီးတွေစပ်ဆိုခဲ့ကြတဲ့ တေး၊ ကဗျာ၊ လင်္ကာတွေဟာ ဘဝအတွေ့အကြုံကို အခြေခံပြီး ရေးခဲ့စပ်ဆိုခဲ့ကြ တာပါ။ ‘စာပေ၊ ဝတ္ထု၊ ရတု၊ ကဗျာ၊ ပျို့၊ လင်္ကာနှင့် သာသည့်သီချင်း အဲစောင်းညှင်းကို မကင်းမပြတ် ဖတ်ရွတ်လေ့ ကျက် တီးမှုတ်လျက်သာနေကောင်းစွာတည်း’လို့ ဝန်ကြီးပဒေသရာဇာက ဆိုခဲ့ပါတယ်။
ကျွန်တော်တို့ အစ္စလာမ်သာသနာရေးရာကောင်စီမှာ အတွင်းရေးမှူးချုပ်တာဝန်ယူခဲ့တဲ့ ဇေယျကျော်ထင် ဗိုလ်မှူး ကြီး ဘရှင်(ကွယ်လွန်) က အစ္စလာမ်သာသနာရေးရာကောင်စီနဲ့ တိုင်းရင်းသားနိုင်ငံသားအားလုံးနဲ့ အကျွမ်းဝင် တဲ့ တေးနှစ်ပုဒ် စပ်ခဲ့တယ်။ ‘အာန်ဆွာရီတေး’နဲ့ ‘အားလုံးအညီ’။ ဒီသီချင်းနှစ်ပုဒ်ကို ကျွန်တော်တို့ အမြတ်တနိုး သီဆိုနေကြတယ်။ သီချင်း အဓိပ္ပါယ်ကိုတော့ ဂဃနဏစဉ်းစားနားလည်ကြတယ််လို့ မထင်ပါဘူး။ (သီချင်းစာသား မှာ) ‘တိုင်းရင်း မွတ်စလင်မ် နောက်ကျခဲ့လှပြီ’ တဲ့ အတိတ်ကိုဖော်ပြတာပါ။ ‘လျင််စွာထင်စွာ ေ့ရှသို့စိုက်စိုက်ချီ’ တဲ့ ပစ္စုပ္ပန်ကိုဖော်ညွှန်းတာပါ။ ‘ဘာသာစုံလေးစားကြမှအတည် … တိုင်းရင်းသားပေါင်းစုံ တကယ်ပင်ချစ်ကြည်စေမည်’ တဲ့ အနာဂတ်အတွက် လမ်းညွှန်တာပါ။
သင်ခန်းစာယူရမယ့်
အတိတ်ဖြစ်ရပ်
ပင်လုံစာချုပ်ကြီးချုပ်ဆိုခဲ့တဲ့ ဖေဖော်ဝါရီလ (၁၂) ရက်ကို ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့ပြီး နှစ်စဉ်ပြည်ထောင် စုနေ့ ကျင်းပခဲ့တယ််။ ပြည်ထောင်စုနေ့ကျင်းပတိုင်း အနယ်နယ်အရပ်ရပ်က လူမျိုးပေါင်းစုံလာရောက်ကြ တာ နှစ် စဉ်ပါ။
(၁၉၅၂၊ ၅၃-၅၄) ခုနှစ်များက ရန်ကုန်မှာကျင်းပတဲ့ လူမျိုးပေါင်းစုံတို့ကိုကြိုဆိုရေး၊ နေရာချထားရေး၊ ဧည့်ခံရေးတို့ ကို ရန်ကုန်ခရိုင် (ဖဆပလ) က တာဝန်ယူရပါတယ်။ အဲဒီတာဝန်သုံးရပ်ကို ဖဆပလတပ်ပေါင်းစုအတွင်းမှာရှိတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်ခဲ့ရလို့ ရန်ကုန်ခရိုင် (ဗမက) ကိုယ်စားလှယ် (၅) ဦးပါဝင်ကြရာမှာ ကျွန်တော် ရယ်၊ ဟာဂျီဦးတင်မောင် (နဝါဗ်)၊ ဟာဂျီဦးစလေမန်တင်မောင်၊ ဦးနူးရ်ကိုလေးတို့ နှစ်စဉ်ပါဝင်ခဲ့ကြရတယ်။
အနယ်နယ်အရပ်အရပ်မှ လူမျိုးစုခေါင်းဆောင်တို့နဲ့ ရင်းနှီးမှုရခဲ့ကြတယ်။ ဒီရင်းနှီးမှုက ဘယ်မှာအကျိုးရှိခဲ့သလို ဆိုတော့ နိုင်ငံတော်ဘာသာပြုလုပ်ရေးကန့်ကွက်ကြတော့ အဲဒီလူမျိုးပေါင်းစုံတို့နှင့် လက်တွဲမိခဲ့ကြတယ်။ ပိုမို ရင်းနှီးခဲ့ကြ တယ်။ ခုတော့ သေကုန်တဲ့လူတွေများပါပြီ။ အသက်မသေကျန်နေကြသူတို့နဲ့ ဒီနေ့အထိ ချစ်ခင်ရင်းနှီး မှု ရှိကြပါတယ်။
အစ္စလာမ်ကောင်စီပေါ်ပေါက်အောင် အုတ်မြတ်ချခဲ့သူများ အစ္စလာမ်ကောင်စီမှာ မရှိကြတော့ပါ။ ကျွန်တော်လဲ အုတ်မြစ်ချခဲ့သူမဟုတ်ပါ။ အုတ်မြစ်ချခဲ့သူအားလုံး အလ္လာ့ဟ်ထံပြန်ကုန်ကြပါပြီ။ ဒါကြောင့် သာသနာနဲ့ တိုင်းရင်း သား၊ နိုင်ငံသားတို့အကျိုးဆောင်နိုင်မယ့် မျိုးဆက်သစ်ပညာတတ်ထက်မြက်သူတွေ လိုပါတယ်။
ဒီကနေ့ အစ္စလာမ်ကောင်စီက 'မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသားပီသရေး'ဆိုပြီးလမ်းနှစ်သွယ်ချမှတ်ထားပါတယ်။ ဒါကြောင့် မွတ်စလင်မ်ပီသရေးအတွက် အာန်ဆွာရီသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြင့်မားစွာ ပို့ချဖို့လို အပ်သလို တိုင်းရင်းသားပီသရေး(အမျိုးသားရေး) အတွက် အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ပို့ချဖို့ကိုလည်း အထူး လိုအပ်ပါတယ်။ တစ်ဆက်တည်း ဒီနေရာမှာ ပြောချင်တာက ကိုယ့်သမိုင်းကို ကိုယ်တိုင်မသိကြရင် တိုင်းရင်း သားကောင်းများဖြစ်လာဖို့ မလွယ်ပါ။ အနာဂတ်ရင်လေးဖို့ကောင်းပါတယ်။ ဗိုလ်မှူးဘရှင်ချခဲ့တဲ့ လမ်းညွှန်မှုဟာ 'ဘယ်ကိုသွားကြမှာလဲ'ဆိုတဲ့ လမ်းကြောင်းပါ။ သက်ဆိုင်ရာ ပညာရှင်များကလည်း 'သမိုင်းပျောက်ရင် ဇာ တိပျောက်မယ်၊ ဇာတိပျောက်ရင် မျိုးချစ်စိတ်ပါ ပျောက်လိမ့်မယ်'လို့ ဆိုထားပါတယ်။ ဒီအခြေအနေတွေကို ကျွန်တော်အပါအဝင်ကောင်စီအဆင့်ဆင့်ရှိ ခေါင်းဆောင်တချို့ စိုးရိမ်သောကရှိခဲ့တာကြောင့် ကောင်စီဌာနချုပ် ဥက္ကဌကြီး ဟာဂျီဦးသိန်းနှင့် အကြေအလည်ဆွေးနွေးပြီး သာသနာရေး၊ အမျိုးသားရေးမှန်ကန်စွာ အကောင် အ ထည်ဖော်ဆောင် ရွက်နိုင်ဖို့ မေမြို့(ပြင်ဦးလွင်) ၁၅-ကြိမ်မြောက် ဦးစီးညီလာခံမှာ အဆင့်မြင့်သင်တန်းဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
ဘာသာပေါင်းစုံ
လူမျိုးပေါင်းစုံချစ်ကြည်ရေး
ဒီကနေ့အခြေအနေဟာ ကျွန်တော်တို့အားလုံးအတွက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ဖို့ အထူးလိုအပ်တဲ့အချိန်အခါဖြစ်ပါတယ်။
ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေး မှန်ကန်စွာတည်ဆောက်ရယူနိုင်ဖို့ အခြေခံမူတစ်ခု အကြံပြု တင်ပြအပ်ပါတယ်။
ကျွန်တော်တို့တစ်မျိုးသားလုံး အတိတ်ခေတ်အဆက်ဆက်ကာလတိုင်းမှာ အမိနိုင်ငံအတွက် ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံတို့နှင့်အတူ ပတ်ဝန်းကျင်နိုင်ငံများနှင့်စစ်မက်ဖြစ်ပွားခဲ့ရာမှာသော်လည်းကောင်း၊ ဗြိတိသျှတို့၏ သုံးကြိမ်တိုင်တိုင် ကျူးကျော်မှုများကို ခုခံတွန်းလှန်ရာမှာသော်လည်းကောင်း၊ ဖက်ဆစ်ဂျပန်ကိုတော်လှန်ရာ မှာသော်လည်းကောင်း၊ လွတ်လပ်ရေး ကြိုးပမ်းကြရာမှာသော်လည်းကောင်း အညီအညွတ်ပေါင်းစည်းဆောင် ရွက်ခဲ့တာဟာ သမိုုင်းရဲ့ ကာလတိုင်းမှာ အထင်အရှားပါ။
အဆိုပါ တိုင်းပြည်နှင့်လူမျိုးအတွက် ခေတ်အဆက်ဆက် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနှင့်အတူ ပါဝင်ဆောင်ရွက် ခဲ့ကြတဲ့ သမိုင်းတန်ဖိုးများကို အခြေပြုပြီး ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ခြင်းဟာ မှန်ကန် တဲ့ ဆောင်ရွက်ချက်ပင် ဖြစ်ပါတယ်။
ဒါကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အခမ်းအနားများမှာ သဝဏ်လွှာပေးခြင်း၊ မိန့်ခွန်းပြောကြားခြင်းတို့မှာ အ ဆိုပါ အချက်အလက်များထည့်သွင်းဖော်ပြဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါတယ်။
ခေါင်းစဉ်(၄)ရပ်ကို သဘောပေါက်နားလည်ခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းတို့သည်သာ ကျွန်တော်တို့ တိုင်းရင်း သား နိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် မဟာတာဝန်ဖြစ်ဖြစ်တယ်။ ဖြစ်စဉ်သမိုင်းတို့ကို ပိုမို သဘောပေါက်ကြအောင် လေ့လာကြပါ။
"သမိုင်းတို့သာလျှင် တိုင်းရင်းသား နိုင်ငံသားအားလုံးတို့အတွက် သက်သေခံဖြစ်မှာပါ"
အားလုံးအပေါ်သို့ ချမ်းမြေ့သာယာမှုအပေါင်းသက်ရောက်ပါစေ ........... အာမီးန် .....
မြန်မာ့မွတ်စလင်တို့၏ သမိုင်း ဓါတ်ပုံများ စုစည်းမှု့ (MMSY က ညီကိုမောင်နှမများရဲ့ ကြိုးစားအားထုတ်မှု့ရလဒ်လေးဖြစ်ပါတယ်)
ပသီဦးကိုကိုလေး
(အဆင့်မြင့်သင်တန်း၊ ၂၅-၃၀.၇.၁၉၉၉-ခု၊ ဇုန်(၂) ရန်ကုန် နှင့် ၃-၉.၄.၂၀၀၀ ခု ဇုန်(၃) မော်လမြိုင်တို့တွင် နာယကကြီး ပသီဦးကိုကိုလေး၏ ပို့ချချက်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =
ပသီဦးကိုကိုလေး၏ တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်တို့အတွက် ခေါင်းစဉ်(၄)ရပ် စာအုပ်မှ ပထမအပိုင်းကို ကူးယူတင်ပြခြင်းဖြစ်ပါသည်။ ဒုတိယပိုင်း "မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ"ခေါင်းစဉ်ကို ဆက်လက်တင်ပြပေးပါမယ်။
No comments:
Post a Comment
မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)