အစ္စလာမ်ဆန့်ကျင်ရေး သမားတွေက လက်တစ်ဆုပ်စာ မွတ်စလင်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကို အရင်းတည်ကာ၊ အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး ပိုပိုသာသာလေး ရုပ်ဖျက်ဝါဒဖြန့်တာကြောင့် အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့သူတွေဟာ အစ္စလာမ့်ရဲ့ စစ်မှန်တဲ့ သွန်သင်ချက်တွေကို သိရှိဖို့
ပိုပြီး အလှမ်းဝေးကွာသွားခဲ့ပါတယ်။
ဒါ့ကြောင့် အစ္စလာမ်ရဲ့ သွန်သင်ချက် အစစ်အမှန်တွေကို သိရှိစေဖို့ ရည်ရွယ်ပြီး တမန်တော်မုဟမ္မဒ်သခင်လက်ထက် ခရစ်ယာန်တွေကို ပေးခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့် မှတ်တမ်းတွေထဲက မှတ်ချက် ၁၀ ခုကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။
၁။ ဘာသာရေးအရ ကာကွယ်ပေးမှု
“ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သို့မဟုတ် ဘုရားဖူးတစ်ဦးအနေဖြင့် တောင်ပေါ် သို့မဟုတ် မြေပြန့်တွင်ဖြစ်စေ၊ ဂူတွင်း သို့မဟုတ် လယ်ကွင်းတွင်ဖြစ်စေ၊ ကန္တာရ သို့မဟုတ် ဘုရားကျောင်းတွင်ဖြစ်စေ အကာကွယ်ယူပါက ကျွန်ုပ်အနေဖြင့် ၎င်း၏ဖက်မှ ရပ်တည်ကာ ရန်စွယ်ဟူသမျှကို ကာကွယ်ပေးသွားမည် (ဆိုင်နိုင်းတောင်မှ ခရစ်ယာန် ဘုန်းကြီးများနှင့် တမန်တော် မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဉ်စာချုပ်မှ)
၂။ ဘာသာရေးလွတ်လပ်ခွင့်
“ခရစ်ယာန်အမျိုးသမီးများ မွတ်စလင်တစ်ဦး၏အိမ်သို့ ရောက်လာလျှင် ကြင်နာစွာ ဆက်ဆံရမည်၊ သူမတို့ကို ဘုရားကျောင်းသို့ သွားရောက် ၀တ်ပြုခွင့်ပေးရမည်။ သူမနှင့် သူမ၏ ဘာသာတရားကို နှစ်သက်သည့် အမျိုသားအကြား မည်သည့် အနှောက်အယှက်မှ မရှိစေရ။ အလ္လာအရှင်မြတ်၏ ဤ ပဋိဉာဉ်တော်ကို ဖီဆန်သူ၊ ဆန့်ကျင်ဖက်လုပ်သူ မည်သူမဆို အရှင်မြတ်၏ ပဋိဉာဉ်တော်နှင့် အရှင်မြတ်၏ တမန်တော်ကို ပုန်ကန်သူသာ ဖြစ်သည်” (ဆိုင်နိုင်းတောင်မှ ခရစ်ယာန်ဘုန်းကြီးများနှင့် တမန်တော် မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဉ်စာချုပ်မှ)
၃။ မွတ်စလင်များ၏ တာဝန်
“နီးနီး၊ ဝေးဝေး မည်သည့်နေရာမှ ဖြစ်စေ ယုံကြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကူညီရန်၊ ခရစ်ယာန်ဒေသတိုင်းတွင် ၎င်းတို့၏ ၀တ်ပြုကိုးကွယ်ရာနေရာများ၊ ဘုန်းတော်ကြီးများ၊ ရသေ့ရဟန်းများ သီတင်းသုံးသည့် ကျောင်းဆောင်များကို ကာကွယ်စောင့်ရှောက်ပေးရန်မှာ မိမိတို့၏ တာဝန်ဝတ္တရာဖြစ်သည်ဟု မွတ်စလင်တိုင်းက မှတ်ယူရမည်။ တောင်ပေါ်၊ မြေပြန့်၊ မြို့ကြီးပြကြီး၊ ဇနပုဒ်၊ ကန္တာရ စသဖြင့် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ၊ အရှေ့အရပ် သို့မဟုတ် အနောက်အရပ်တွင်ဖြစ်စေ၊ မြေပထ၀ီ သို့မဟုတ် အဏ္ဏ၀ါရေပြင်တွင်ဖြစ်စေ ၎င်းတို့ ကိုးကွယ်ယုံကြည်ရာ အယူဝါဒ၊ ၎င်းတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးရမည်” (ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)
၎။ အတင်းအဓမ္မ ဘာသာမသွတ်သွင်းရ
“အစ္စလာမ်သာသနာကို လက်ခံရန် မည်သည့် ခရစ်ယာန်ကိုမှ အတင်းအကြပ် မသွတ်သွင်းရ။ ၎င်းတို့အား မကောင်းထင်မြင်ခြင်းမပြုရဘဲ ကောင်းမွန်သည့်အရာများကိုသာ လိုလားရမည်။ မည်သည့်နေရာတွင်မဆို မွတ်စလင်များမှာ ခရစ်ယာန်များအတွက် သနားကြင်နာမှု၊ သည်းခံခွင့်လွှတ်မှုကို ကမ်းလှမ်းရမည်ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်သူများ၏ ညှင်းပမ်းမှုမှ ထိုခရစ်ယာန်များကို ကာကွယ် စောင့်ရှောက်ပေးရမည်” (ပါရှားပြည်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)
၅။ မဟာမိတ်ကျင့်ဝတ်
“ခရစ်ယာန်များမှာ မိမိ၏ လေးစားထိုက်သည့် မဟာမိတ်ဖြစ်သည်။ ၎င်းတို့မှာ မိမိ၏ အခွင့်အရေးကို အသိအမှတ်ပြုသည်။ မိမိတို့နှင့်တွေ့ဆုံမှုအတွင်း ပြုထားခဲ့သည့် ကတိများကိုလည်း ၎င်းတို့က ဖြည့်ဆည်းသည်။ ရှေ့တန်းသို့ မိမိပို့လိုက်သည့် စစ်သည်တော်များကိုလည်း ၎င်းတို့က ကူညီသည်။ မိမိနှင့် ချုပ်ဆု
ိထားသည့် စာချုပ်ပါ ၀တ္တရာများကို ပြည့်ပြည့်၀၀ ဖြည့်ဆည်းပေးခဲ့ခြင်းကြောင့် မိမိ၏ ဂရုစိုက်မှုနှင့် လေးစားမှုကို ရရှိခဲ့သည်” (နဂ်ျရန်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)
၆။ ခရစ်ယာန်များကို လစ်လျူမရှုရ
“မွတ်စလင်များအနေဖြင့် ခရစ်ယာန်များကို စွန့်ပစ်မထားရ၊ လစ်လျူ မရှုရ။ ကူရာ၊ ကယ်ရာမဲ့ဘ၀တွင် မထားရ။ မွတ်စလင်များနှင့် ခရစ်ယာန်များမှာ ကောင်းအတူ ဆိုးအဖက်၊ အေးအတူပူအမျှ နေထိုင်သွားရန် အလ္လာဟ်အရှင်မြတ်၏ ကိုယ်စား ဤစာချုပ်ကို ကျွန်ုပ် ချုပ်ဆိုသည်” ( (နဂ်ျရန်မှ ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)
၇။ ခရစ်ယာန်များကို ကူညီရန်
“ခရစ်ယာန်များက ၎င်းတို့ ဘုရားကျောင်းများ ပြုပြင်ရန်၊ ပဋိဉာဏ်စာချုပ် ချုပ်ဆိုရန်၊ ၎င်းတို့၏ အရေးကိစ္စများနှင့်၊ ဘာသာရေးကိစ္စများအတွက် မွတ်စလင်များထံ လာရောက် အကူအညီ တောင်းခံပါက၊ မွတ်စလင်များအနေဖြင့် ၎င်းတို့ကို လုံးဝ ကူညီပံ့ပိုးပေးရမည်” (ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာချုပ်မှ)
၈။ ခရစ်ယာန်အခွင့်အရေး
“ခရစ်ယာန်များမှာ မိမိတို့၏ ကာကွယ်စောင့်ရှောက်မှုကို ခြွင်းချက်မဲ့ ခံစားခွင့်ရှိသည်။ အခွင့်အရေးချိုးဖောက်မှုများမှလည်း ၎င်းတို့ကို ကာကွယ်ပေးမည်။ သို့မှသာ မွတ်စလင်များနှင့် အေးအတူ၊ ပူအမျှ တစ်သားတည်း ရှိနေမည်ဖြစ်သည်” (ကမ္ဘာ့ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲသည့် ပဋိ
ဉာဏ်စာချုပ်မှ)
၉။ ထူးချွန်သူကို ချီးမြှောက်မှု
“ခရစ်ယာန်များတွင် ထက်မြက်သူ၊ ထူးချွန်သူများရှိပါက မွတ်စလင်များအနေဖြင့် ၎င်းတို့ကို ဂုဏ်ပြု ချီးမြှောက်ရမည်ဖြစ်ပြီး ၎င်းတို့၏ ကြီးကျယ်မှုအတွက် မနာလိုဝန်တိုမှု မဖြစ်ရ” (အက်ဆီရီယန် ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်စာတမ်း)
၁၀။ အပြစ်ရှိသူ
“ခရစ်ယာန်များအပါ် တရားမဲ့သူ၊ မကြင်နာသူ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ တမန်တော်အမိန့်ကို ချိးဖောက်သည့် အပြစ်ရှိသည်” (အက်ဆီရီယန် ခရစ်ယာန်များနှင့် တမန်တော်မုဟမ္မဒ်တို့ ချုပ်ဆိုခဲ့သည့် ပဋိဉာဏ်ချုပ်)
10 Great Prophet Muhammad Quotes on Christians
(မူရင်းတင်ပြသူ ဒေါက်တာ ခရေ့ဂ်ျ ကွန်စီဒိုင်းမှာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အစ္စလာမ့်ရေးရာများကို အထူးပြု လေ့လာနေသူ တစ်ဦးလည်းဖြစ်သည်)
Ref: craigconsidinetcd
Credit: Pacific Ba Thein
Tuesday, January 8, 2019
အစ္စလာမ့်ရဲ့ စစ်မှန်တဲ့ သွန်သင်ချက်
သာယာဝတီမင်း(ခ) ရွှေဘိုမင်း လက်ထက်(၁၈၃၇-၁၈၄၆) ရန်ကုန်မြို့ မြေပုံ
မြေပုံထဲတွင်ပါရှိသော ဗလီ သုံးလုံး အနက် အနောက်ဘက် ဆုံးကျသည့် ဗလီမှာ ဆူးလေ နှင့် အနီးတဝိုက်၊ အလယ် မှ တစ်လုံးမှာ ကျောက်တံတား မြို့နယ် ၃၉လမ်းနှင့် လမ်း၄၀နား၊ အရှေ့ ဘက်ရှိ ဗလီတစ်လုံးမှာမူ ပုဇွန်တောင် မြို့နယ် အတွင်း နေရာများတွင် တည်ရှိခဲ့မည်ဟူ ခန့်မှန်းရသည်။
ပုံထဲတွင် တွေ့မြင်ရသော အာမေးနီးယန်း ချာခ်ျမှာ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ထောင့် တွင် တည်ရှိပြီး ယနေ့ထက်တိုင် တွေ့မြင်နိုင်သေးပါသည်။
ရန်ကုန်မြို့ကို အင်္ဂလိပ် တို့၏ အာဏာ မသက်ရောက်မှီ မြန်မာ မင်းများလက်ထက်ထဲကပင် စေတီများ၊ ရှေးဟောင်း ရိုမန် ကက်သလစ် ချာခ်ျ၊ အာမေးနီးယန်း ချာခ်ျ၊ ဗလီများ အစရှိသည်ဖြင့် လူမျိုး၊ဘာသာ မှီတင်းနေထိုင်ရာ ဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။
၁၈၅၂ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အတွင်းတွင် ရန်ကုန်မြို့ရှိ အဆောက်အအုံ များ ပျက်စီးခဲ့ရပြီး စစ်အပြီး ယနေ့ ရန်ကုန်မြို့၏ လက်ရှိ အနေအထား အတိုင်းဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သော ဖရေဇာ စီမံကိန်း အရ လမ်းနှင့် မလွတ်သည့် စေတီများ၊ သိမ်များ၊ ဗလီများ အစရှိသည့် ဘာသာရေး အဆောက်အအုံ အတော်များများကို ဖြိုချပြီး လမ်းများကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပေသည်။
မြေပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ် မှ ရရှိပါသည်။
Credit: Pacific Ba Thein
အလှူမင်္ဂလာပွဲလမ်းသဘင်တွေမှာ တွေ့နေရတဲ့ ဦးရွှေရိုးအကကို တီထွင်သူ
ယနေ့ အလှူမင်္ဂလာပွဲလမ်းသဘင်တွေမှာ တွေ့နေရတဲ့ ဦးရွှေရိုးအကကို တီထွင်သူဟာ အစ္စလာမ်ဘာသာဝင်မွတ်စလင်မ်ကြီးတစ်ယောက်ပါ။
တိုင်းရင်းသား အစ္စလာမ်သာသနာဝင် ဦးရွှေရိုး ရွှေတလေး ကာတွန်းအနုပညာရှင် ဦးဘကလေး ရုပ်ရှင်လူရွှင်တော်ကြီး ဦးရွှေရိုးဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀)ကျော် (၁၀၀) အတွင်းက မြန်မာစာနယ်ဇင်းတွေနဲ့ မြန်မာရုပ်ရှင်လောကမှာ လှုပ်ရှားခဲ့တဲ့ မြန်မာ(တိုင်းရင်းသားအစ္စလာမ်သာသနာဝင်) အနုပညာသည်ကြီးဖြစ်ပါတယ်။
ဦးဘကလေးကို အလယ်တန်းပြဆရာ ဦးဘိုးသင်းနဲ့ ဒေါ်သဲမှုန်တို့က ပုသိမ်မြို့ ထောင်ကုန်းရပ် အရက်ဖိုလမ်း အိမ် အမှတ်(၃)တွင် ၁၈၉၃-ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ် ကတည်းက ဥာဏ်ထက်မြက်ပြီး ပျော်စရာ ရီစရာလုပ်တတ်၊ တယ်။ ပုံဆွဲဝါသနာပါခဲ့ပါတယ်။ (၁၆)နှစ်မပြည့်ခင် အင်္ဂလိပ် မြန်မာ (၂)ဘာသာသင်ပုသိမ် အထက်တန်းကျောင်းက (၁၀)တန်း ကို အင်္ဂလိပ်စာနဲ့ ဂဏန်းသင်္ချာမှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါ တယ်။ သူတို့ခေတ်က ကောလိပ်တက်ဖို့ Scholarshipရပေမယ့် အသက်မပြည့်လို့ တစ်နှစ်စောင့်နေရပါတယ်။ ကောလိပ်ရောက်တော့ ဥပစာတန်းအောင်ပြီး ဘီအေရောက်တဲ့ အခါ စာကျက်တာထက် အရုပ်ဆွဲနေတာကများတာကြောင့် စာမေးပွဲလဲက Scholarshipလည်း ပြုတ်ခဲ့ရပါတယ်။ မြို့အုပ်ဖြစ်ချင်တဲ့ ကောလိပ်ကျောင်းသားအိပ်မက်ဆိုတဲ့ သူ့ရဲ့ ပထမဆုံးကာတွန်းကို ၁၉၁၅-ခုနှစ်ထုတ်တဲ့ ကောလိပ်မဂ္ဂဇင်း မှာပါပြီး အဲဒီမဂ္ဂဇင်းအဖုံးကိုလည်း သူပဲဆွဲပေးခဲ့တယ်။ သူကောလိပ် တက်နေစဉ် ပုသိမ်မှာ ပလိပ်ရောဂါအကြီးအကျယ် ဖြစ်တဲ့နှစ် သူ့ဖခင်ဟာ ပလိပ်ရောဂါဖြစ်လို့ ကွယ်လွန်ခဲ့ရတယ်။ ဦးဘကလေးမှာ အစ်ကိုဦးဘကြီး တစ်ယောက်ပဲရှိတာကြောင့် အဖေဆုံးတော့ အမေကို လုပ်ကျွေးဖို့လိုလာလို့ ကောလိပ်က ထွက်ပြီး ကျောင်းဆရာဝင်လုပ်တယ်။ ဒါပေမယ့် ဒီအလုပ်မှာ မမြဲပါဘူး။ ကိုလိုနီခေတ်ဆိုတော့ ဘုရားမထူးချင်တာနဲ့ အစိုးရ လခစားဘ၀ကိုစွန့်ခဲ့ပါတယ်။
ဦးဘကလေး ကာတွန်းတွေ ဟာ နိုင်ငံရေးကာတွန်း၊ လူမှုရေး စီးပွားရေးကာတွန်း၊ ကြော်ငြာ ကာတွန်းဆိုပြီး အကြမ်းအားဖြင့် (၃)မျိုး (၃)စား တွေ့ရှိရပါ တယ်။ ဦးဘကလေးဟာ ကာတွန်း ဆရာကြီးအပြင် ရုပ်ရှင် နယ်မှာလဲ (၁၀)နှစ်ကျော် ကျင်လည်ကျက်စားပြီး ရုပ်ရှင်ဆိုင်ရာ သဘင်မှုအနုပညာမှာ တီထွင်ဖန်တီးမှုတွေ အများကြီးပြုလုပ် သွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စာနယ်ဇင်းတွေ စတင်ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်တည်း ကာတွန်းဆိုတဲ့ အနုပညာတစ်ရပ်လဲ မြန်မာ စာနယ်ဇင်းလောကထဲမှာ ပေါက်ဖွားလာပါတယ်။
ကာတွန်းကို မြန်မာစာပေ လောကအတွင်းရောက်အောင် ဦးဘကလေးက သွတ်သွင်းလာခြင်းဖြစ်ပါတယ်။ ကာတွန်းကို ရွှေတလေးအမည်ခံ ဦးဘကလေးက ၁၉၁၅-ခုနှစ်မှာ စတင်မွေးထုတ်ခဲ့ပါတယ်။
၁၉၂၀-ခုနှစ်မှာ ရုပ်ရှင်ဆိုတဲ့အနုပညာတစ်ရပ် မြန်မာ ပြည်မှာ ပေါက်ဖွားလာတဲ့အခါမှာလည်း ဦးရွှေရိုးကြီးဆိုတဲ့ ရုပ်ရှင်လူရွှင်တော်မင်းသားအဖြစ်နဲ့ မြန်မာရုပ်ရှင်ကြည့် ပရိသတ်ရဲ့ အသည်းစွဲဖြစ်ခဲ့ပြန်ပါတယ်။
ဦးရွှေရိုးကြီးကို စတင်ဖန်တီးခဲ့တာလည်း ဦးကလေးပဲဖြစ်ပါတယ်။
ဦးဘကလေးဟာ ၁၉၁၅-ခုနှစ်ကစပြီး ၁၉၃၉-ခုနှစ် အထိ နှစ်ပေါင်း(၂၀)ကျော် ကာလအတွင်း မြန်မာ့ လူမှုရေး၊ နိုင်ငံရေး တွေကို ကာတွန်းတွေနဲ့ မှတ်တမ်းတင် သွားသလို၊ ဦးရွှေရိုး ဆိုတဲ့ ပျော်ပျော်နေသေခဲ အဘိုးကြီး တစ်ယောက်ကိုလည်း မြန်မာရုပ်ရှင်နဲ့ သဘင်လောကထဲမှာ ဖန်ဆင်းထားခဲ့ပါတယ်။
ဦးဘကလေးရဲ့ကြိုးပမ်းမှုတွေက သူ့တစ်သက်မှာ အောင်မြင်ပြီး၊ ကာတွန်းဘက်မှာလဲ ဘကြီးမေတ္တာတုံး၊ ရွှေတလေး၊ ဘကလေးဆိုတဲ့ နာမည်(၂)မျိုး(၃)မျိုးနဲ့ ကျော် ကြားခဲ့သလို၊ ရုပ်ရှင်မှာလဲ ဦးရွှေရိုးဆိုပြီး ဟိုးလေးတကျော် ကျော်ကြားခဲ့တယ်။ အနုပညာရည်အနေနဲ့ သူလှုပ်ရှား ကြိုးစား ရုန်းကန်သွားခဲ့တဲ့ကာလအတွင်းက တီထွင်ဆန်းသစ် မှုတွေဟာ အင်မတန်များပြားပြောင်မြောက်ပါတယ်။ ဒါတွေဟာ မတိမ်မြုပ် မပျောက်ပျက်စကောင်းပါဘူး။ ကာတွန်း ပေါ်စက မြန်မာ စာဖတ်ပရိသတ်ဟာ ကာတွန်းကို မကြည့်တတ်ကြပါဘူး။ ကာတွန်းဆိုတာ အစွမ်းသတ္တိကြီးတယ်။ ကာတွန်း တစ်ကွက်က ထိစရာမြင်စရာရှိလဲ ရှင်းရှင်းထိမြင်ရတယ်ဆိုတော့ မြန်မာ့ ပန်းချီနဲ့ စာပေလောကထဲကို ဦးဘကလေးရဲ့ ကြိုးပမ်းအားထုတ် မှုကြောင့် ၂၀-ရာစု နှစ်အစပိုင်းကတည်းကို ကာတွန်းပညာ ရောက်ရှိလာခဲ့ပါတယ်။
ဦးဘကလေးရဲ့ကာတွန်းဟာ Caricature လို့ခေါ်တဲ့ ရုပ်ပြောင်ပုံတူကောင်းတယ်၊ စာလုံးတွေအားရှိတယ်၊ သူ့ဟာသက အရည်ရွှမ်းနေတဲ့ဟာသမျိုး၊ စိတ်ကူး စိတ်သန်းလည်း ကောင်းပါ တယ်။ Caricature လို့ခေါ်တဲ့ ရုပ်ပြောင် ပုံတူကောင်းတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာပေါ်ဘူးတဲ့ ကာတွန်းဆရာတွေ ဦးဘကလေးကို လိုက်မမှီဘူးလို့ပြောခဲ့ကြပါတယ်။ ဦးဘကလေး က ရုပ်ပြောင်ပုံတူမှာကောင်းရုံမက၊ လျှပ်တပြက်အတွင်း ဆွဲ နိုင်စွမ်းလောက်အောင်လဲမြန်တဲ့သူတစ်ယောက်ပါ။ ဒါကြောင့် သူကအပျင်းပြေ သူ့လက်စွမ်းပြ ရေးဆွဲတာမျိုးလုပ်တာတွေလဲ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ သူ့ခေတ်မှာ သူ့ပညာသာမက လူကို အပြင်မှာမြင်ဖူးချင်တဲ့လူတွေကလည်းအများကြီးပါ။ ဒါကြောင့်ပဲ မြို့မကျောင်းက ရံပုံငွေရှာတဲ့ပွဲမှာ ဦးဘကလေးကိုယ်တိုင် ထွက်ပြီး ဇာတ်ခုံပေါ်မှာ ကာတွန်းဆွဲပြတဲ့ အစီအစဉ်ကိုလည်း ပွဲစီစဉ်သူတွေက ပါအောင်ကြိုးစားခဲ့ကြတယ်။ ဦးဘကလေးက မြန်မာစာကို စာဆန်တာ သိပ်ကြိုက်ပုံမရဘူး။ သူကာတွန်းဆိုတဲ့ အခါ နစ်အပြားကြီးကိုင်ပြီး အားနဲ့မာန်နဲ့ တောင့်တောင့် တင်းတင်းရေးတယ်။ ဒါကြောင့် ဦးဘကလေးစာလုံးက မလှ ပေမယ့် အားရှိတယ်။ ဦးဘကလေးက မြန်မာစာလုံးပုံစံသစ် ကိုလဲထွင်ရေးပါတယ်။
ဦးဘကလေးလက်ရာများ ကောင်းမှန်းသိတော့ မဂ္ဂဇင်း တော်တော်များများက သူတို့ကိုယ်ပိုင် ကာတွန်းဆရာအဖြစ်နဲ့ လုပ်ဖို့ကမ်းလှမ်းကြတယ်။ ဦးဘကလေးက အချုပ်အခြယ်ရှိမှာ စိုးလို့ လခစားမလုပ်ခဲ့ပါဘူး။ ဦးဘကလေးရဲ့ကာတွန်းကို အများဆုံး အသုံးပြုတဲ့ အင်္ဂလိပ်သတင်းစာကတော့ ရန်ကုန် Time သတင်းစာပါ။ Time အယ်ဒီတာတွေက ဦးဘကလေးကို Geniousတကယ့်ပါရမီရှင်လို့ မြင်ကြပါတယ်။
ဦးဘကလေးက အင်္ဂလိပ်စာကို မြန်မာစာထက် နိုင်နင်း တတ်ကျွမ်းပါတယ်။ ဒါကြောင့် သူ့ကိုယ်ပိုင်ကုမ္ပဏီက ရိုက်ထုတ်တဲ့ အသံတိတ်ခေတ်က ဇာတ်ကားတွေမှာ စာတန်းကို မြန်မာလိုရော အင်္ဂလိပ်လိုပါ သူကိုယ်တိုင်ရေးပြီး စာတန်းထိုး ပါတယ်။ အင်္ဂလိပ်စာတန်းလဲထိုးပြမယ်လို့ ရုပ်ရှင်ကြော်ငြာမှာ တစ်ခါတည်းထည့်ပါတယ်။ သူ့ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က မြန်မာပရိသတ်တင်မက တရုတ်၊ အင်္ဂလိပ်နဲ့ အခြားအစုံရှိနေပြီး ရန်ကုန် Time သတင်းစာကဆိုရင် သူ့ကားလာကြည့်ပြီး ဝေဖန်ချက်များ ကောင်းကောင်းရေးပေးခဲ့ပါတယ်။ ဦးဘကလေး ဟာ သူ့ရုပ်ရှင်ကြော်ငြာများမှာ သူ့ကာတွန်းများနဲ့ကြော်ငြာ ပါတယ်။ အဲဒီခေတ်က အဲဒီလိုလုပ်တာတွေမရှိခဲ့ပါဘူး။
ရုပ်ရှင်တစ်ကားမှာဆို (၄)ကိုယ်ခွဲပြီး ခြားခြားနားနာ သရုပ်ဆောင်သွားရာမှာ တချို့က လွယ်တယ်လို့ထင်နိုင်ပေမယ့် လူတိုင်းလက်ဖျားခါခဲ့ကြပါတယ်။ ဦးဘကလေးဟာ သူတို့ခေတ် က ရုပ်ပြောင်းရုပ်လွှဲနဲ့စမ်းသပ်တာ အောင်မြင်လာတော့ အင်မတန် အားတက်လာတယ်။ သူ့ကိုယ်သူလဲ ယုံကြည်မှုရှိလာပြီး နောက် ကားတွေမှာ အမျိုးမျိုးတိုးတက်တီထွင်လာပါတယ်။
ဦးဘကလေးနဲ့အတူ တွဲဖက်ပြီး အလုပ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက “ဒီလိုလူ မမွေးသေးဘူး၊ တကယ်ထူးတဲ့ ပါရမီရှင်ပဲ”လို့ ပြောကြရတဲ့ အနုပညာသည်တစ်ယောက်ပါ။ ဦးဘကလေးဟာ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ အနုပညာသည် ကြီးဖြစ်ပါတယ်။
တကယ်တော့ ဦးဘကလေးက သူလိုက်စားထားတဲ့ ပညာမှာ ၀ါစာကမာအပေါ်ယံသဘောမဟုတ်ပါဘူး။ အနုပညာ အနေနဲ့ လေးလေးနက်နက် လိုက်စားခဲ့တာပါ။ ဦးဘကလေးမှာ တို့မြန်မာလူမျိုးလွတ်လပ်ရမယ်၊ ကမ္ဘာ့လူမျိုးကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်ရမယ်။ ကိုလိုနီနယ်ချဲ့သမားကို ပြည်သူ့အားနဲ့ တိုက်ပွဲဝင်ရမယ်ဆိုတဲ့အမြင် ခိုင်ခိုင်မာမာရှိပါတယ်။ ဒီလို တိုက်ပွဲဝင်ရင် တစ်နေ့အောင်ပွဲခံမှာဘဲဆိုတာကို သူကယုံကြည် တယ်။ ဒါကြောင့် သူ့လက်ရာတွေက ပြတ်သားပြောင်မြောက် နေပါတယ်။
ရေးသူ - ပသီဝိုင်းဝတ်ရည်မြင့်
ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)
အတိတ်ခေတ်က မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေအကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ထက်မြက်မှု၊ ကျွမ်းကျင်လိမ္မာစွာ အကောင်အထည်ဖော်မှု၊ ပညာမျှဝေပေးမှုတွေက ကမ္ဘာကြီးကို ခေတ်မှီသွားစေတာကို တအံ့တသြကြီး တွေ့ကြရပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီဟာ ဒီနေ့ခေတ်ကာလ နဲ့ သူတို့ခေတ်ကာလကို ကမ္ဘာ့အပြောင်းအလဲဖြစ်သွားစေတဲ့ အမွေတစ်ရပ်စီ ထားရစ်ပေးခဲ့ကြတယ်။ ဒီလို သမိုင်းမှတ်တိုင်ထူခဲ့ကြတဲ့သူတွေထဲက သိပ္ပံပညာရှင်တစ်ဦးရှိတယ်။ သူကတော့ စူးစမ်းတီထွင်ပညာရှင်ကြီး အိဗ်နု အလ် ဟိုင်သမ် ( ၉၆၅ – ၁၀၄၀) ပါပဲ။
အဘ္ဘာစစ် ခလီဖာမင်းဆက်ကာလ၊ အီရတ်နိုင်ငံက ဘဆ်ွရာမြို့မှာ သူ့ကို မွေးဖွားခဲ့တယ်။ ဘဂ္ဂဒက်မြို့မှာ ပညာ့ဗိမာန် တည်ထောင်ပြီး နှစ်ပေါင်း ၁၀၀ နီးပါးမှာပေါ့။ သူ့ဘ၀အစောပိုင်းမှာ အဲ့ဒီအချိန်က မွတ်စ်လင်မ် ကမ္ဘာမှာရှိနေတဲ့ လေ့လာရေး၊ တိုးတက်ရေး ယဉ်ကျေးမှုတွေကို တော်တော် အထင်ကြီးခဲ့တယ်။ အစ္စလာမ့်ရေးရာပညာရပ်တွေသင်ကြားပြီး သိပ်မကြာခင် ဘဆ်ွရာရဲ့ မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ မြို့တော်ဝန်ဘ၀မှာလဲ သူဟာ သိပ္ပံနဲ့အခြား လက်တွေ့ကျတဲ့ဒဿနိကဗေဒ ဘာသာရပ်တွေကို လေ့လာ မပျက်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ မွတ်စ်လင်မ်ဒေသ တစ်နေရာရောက်သွားပြီး ပြင်ပလောကနဲ့ခေတ္တ အဆက်ပြတ်သွားရာကနေ ကြီးကျယ်မှုတွေ ပွင့်ထွက်လာပါတော့တယ်။
အီဂျစ်ပြည်ရောက် အိဗ်နု အလ် ဟိုင်သမ်
သူ ဘဆ်ွရာမြို့တော်ဝန်ဖြစ်နေချိန် အီဂျစ်ပြည်မှာ ဖာသွိမိုဒ် ခလီဖာ က အလ် ဟကီးမ် ဖြစ်တယ်။ သူဟာ အီရတ်က စွန္နီမွတ်စ်လင်မ် အဘ္ဘာစစ်မင်းတွေရဲ့ ပြိုင်ဖက် အစ္စမာအီလီ ရှီအဟ် ခလီဖာခေါင်းဆောင် ဖြစ်တယ်။ အလ် ဟကီးမ်က အိဗ်နု အလ် ဟိုင်သမ်ဟာ နိုင်းလ်မြစ်ကို ပိတ်ဆို့နိုင်တဲ့ အကြံကောင်း ရှိနေတယ်လို့ ကြားရတယ်။ သူဟာ ရှေ့နောက်မညီ အငြင်းသန်လွန်းသူတစ်ဦး၊ ရှီအဟ်ဝါဒအစဉ်အလာကနေခွဲထွက်လာတဲ့ အစ္စမာအီလီဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ပေမယ့် မိမိနယ်မြေအတွက် အကျိုးပြုသူမှန်သမျှကို လက်ကမ်းကြိုဆိုတတ်သူဖြစ်တယ်။ နိုင်းလ်မြစ်ကို ပိတ်မယ့်အတွေးအမြင်နဲ့ပတ်သက်ပြီး ချဉ်းကပ်ဖို့ အလ် ဟကီးမ်က အိဗ်နု အလ်ဟိုင်သမ်ကို အီဂျစ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ အလ်ဟိုင်သမ်ဟာ နိုင်းလ်မြစ် တစ်လျှောက် လေ့လာပြီးတဲ့အခါ အဲ့ဒီခေတ်ကာလက နည်းပညာနဲ့ အထမြောက်အောင်ဆောင်ရွက်လို့မဖြစ်နိုင်ကြောင်း ရိပ်စားမိသွားတယ်။ ဒါက ပြဿနာ တက်ရပါပြီ။ အလ် ဟကီးမ်ဟာ အဆင်ခြင်မဲ့ ရက်စက်တတ်သူ ၊ စိတ်မမှန်ဘဲ ရူးသွပ်စွာပြုမူဆက်ဆံတတ်သူလို့ ကျော်ကြားတယ်။ ဒီတော့ သူ့အန္တရာယ်ကလွတ်အောင်
အလ်ဟိုင်သမ်ဟာ အဲ့ဒီပုဂ္ဂိုလ်ထက် ပိုပြီး ရူးနှမ်းသူအဖြစ် ဟန်ဆောင်ပစ်လိုက်တယ်။ အဲ့ဒီလို ရဲရဲတောက် ရူးချင်ယောင်ဆောင်လိုက်တဲ့အခါ အသက်ဘေးက သီသီလေး လွတ်သွားရပေမယ့် ကိုင်ရိုမြို့မှာ အကျယ်ချုပ်အကျဉ်းစံဘ၀ ရောက်သွားခဲ့တယ်။ အဲ့ဒါ အလ်ဟိုင်သမ်ရဲ့ နောက်ဆုံး ဘ၀သက်တမ်း ၁၀ နှစ်ပါဘဲ။
ထက်မြက်လှတဲ့ သိပ္ပံပညာရှင်ကြီးဟာ အဲ့ဒီ ၁၀ နှစ်တာကာလကို ဒုက္ခလို့ မမြင်ခဲ့ဘူး။ သူလုပ်ချင်နေတဲ့ သူ့ရဲ့သုတေသနအလုပ်တွေကို ငြိမ်းချမ်းစွာ တိတ်တဆိတ်လုပ်ခွင့် ရသွားလို့လေ။ အဲ့ဒီအတော အတွင်း အလင်းနဲ့ပတ်သက်ပြီး စူးစူးစိုက်စိုက် လေ့လာပါတော့တယ်။ အလင်း /အလင်းရောင်ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေရှိလဲ၊ အရာဝတ္ထုတွေကို လူသားတွေက ဘယ်ပုံဘယ်နည်းနဲ့မြင်တွေ့ရတာလဲ ဆိုပြီး သူ သိချင်ခဲ့တယ်။ သူ့ရဲ့လေ့လာမှုနဲ့ရှာဖွေတွေ့ရှိမှုတွေဟာ အပြောင်းအလဲတစ်ရပ်သာဖြစ်ပေမယ့် သူ သုတေသနပြုလိုက်တဲ့လမ်းကြောင်းဟာ အကြီးမားဆုံး အထောက်အကူပြုပညာရပ်ကြီးတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။
သိပ္ပံနည်းကျ ပညာရပ်
ဘယ်အရာမဆို သက်သေပြချက်ရှိရမယ်ဆိုတဲ့အချက် ကနေ့သိပ္ပံပညာသင်ကြားသူတိုင်း နားလည်ထားပြီးသားပါ။ လက်တွေ့စမ်းသပ်ချက် မပါဘဲ ယူဆချက်သက်သက်ကိုသာ အခြေခံပြီး သိပ္ပံဆိုင်ရာ သီအိုရီများကို ဖော်ထုတ်တင်ပြလို့ မရနိုင်ပါဘူး။ အိဗ်နု အလ်ဟိုင်သမ်ရဲ့ အလျင်က ဒီအချက်ဟာ အရေးပါအရာရောက်မှု မရှိခဲ့ပါဘူး။ ရှေးခေတ် ဂရိတွေရဲ့ သိပ္ပံအတွေးအခေါ်တွေက အားကောင်းနေခဲ့တယ်။ ဂရိတွေဟာ သိပ္ပံ အချက်အလက်ကို ဆင်ခြင်တုံတရားအားဖြင့် ရှာဖွေနိုင်တယ် သို့တည်းမဟုတ် နတ်ဘုရားတွေရဲ့ ဆောင်ရွက်ပေးမှုလို့ယုံကြည်ခဲ့ကြတယ်။ ဒါကို အိဗ်နု အလ်ဟိုင်သမ် ကောင်းကောင်းနားလည်ထားပါတယ်။ ဒီကြားထဲကနေ အချက်အလက် အသစ်တစ်ရပ်အတွက် သက်သေပြချက်ပေးနိုင်ရမယ် ဆိုတဲ့ သိပ္ပံနည်းကျပညာရပ်အဆိုကို ချပြခဲ့တာကတော့ ရာဇ၀င်မှာ အိဗ်နု အလ်ဟိုင်သမ်က ပထမဆုံးသောသိပ္ပံပညာရှင် ဖြစ်ခဲ့တယ်။
ဒီလို သိပ္ပံနည်းကျပညာရပ်သမိုင်းနဲ့ပတ်သက်လာယင် ကနေ့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်တွေထဲမှာ မဆိုစလောက်လေးသာဖော်ပြ တတ်ကြတယ်။ ရှေးဂရိ အတွေးအခေါ်တွေကိုသာ ပုံကြီးချဲ့ထားကြတယ်။ ခေတ်သစ်သိပ္ပံဟာ ရော်ဂျာဘေကဲန်၊ ဂလီလီယို ဂါလီလေး နဲ့ အိုင်းဇက် နျူတန် တို့ကြောင့် ဖြစ်လာသယောင်ယောင်နဲ့ပေါ့။ သူတို့မေ့လျော့နေတဲ့ အမှန်တရားတစ်ခုရှိတယ်။
အဲ့ဒါကတော့ အဲ့ဒီ ဥရောပသားပညာရှင်တွေဟာ အိဗ်နု အလ်ဟိုင်သမ် (နဲ့အခြား မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေ)ရဲ့ ပုခုံးပေါ်တက်ရပ်ခြင်းဆိုတဲ့ အကြောင်းပါ။ (တစ်နည်းဆိုရယင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ကြတာပါ)။ တကယ်လို့သာ သက်သေပြနိုင်မှသိပ္ပံသီအိုရီများ ဖြစ်တယ် ဆိုတဲ့ သူ့အိုင်ဒီယာ မရှိလာခဲ့ယင် – အခြေခံသိပ္ပံဆိုတာက ရမ်းတုပ်မှန်းဆမှုတွေ၊ အယူသည်းမှုတွေ၊ သက်သေပြမရတဲ့ဒဏ္ဍာရီတွေဖြစ်နေတဲ့ ခေတ်ဆွေးကြီးထဲ ကျွန်တော်တို့အားလုံး နေထိုင်နေကြရဦးမှာ မလွဲပါဘူး။
စက္ခုဗေဒကျမ်း
အိဗ်နု အလ်ဟိုင်သမ်ဟာ သူရဲ့သိပ္ပံဆိုင်ရာတော်လှန်ရေးအမြင်ကို အသုံးပြုပြီး စက္ခုဗေဒပညာရပ်နယ်ပယ်ထဲ တိုးတက်မှုနဲ့ အနားသတ်ပေးနိုင်ခဲ့တယ်။ အလင်းဟာ မျက်စေ့ထဲ ကထွက်ပြီး အရာဝတ္ထုတွေအပေါ်ခုန်ပေါက်ရောက်ရှိသွားတယ်၊ တစ်ခါ မျက်စေ့ထဲ ပြန်ဝင်လာတယ် ဆိုတဲ့ ရှေးဟောင်းဂရိအတွေးအခေါ်ကြီး မှားယွင်းနေကြောင်း သူက ပထမဆုံး သက်သေပြခဲ့သူပါ။ ဒါ့အပြင် မျက်စေ့ရဲ့လုပ်ငန်းစဉ်ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖော်ထုတ်ခဲ့တယ်။ တစ်ချိန်က ပညာရှင်တို့ရဲ့ဗဟုသုတနဲ့ခွဲခြမ်းစိပ်ဖြာမှုအတတ်ကို အသုံးပြုပြီး မျက်လုံးထဲ အလင်းရောင်ဝင်ရောက်ပုံ၊ အလင်းစုစည်းပုံ၊ မျက်လုံးနောက်ဖက်မှာ ပုံရိပ်ထွက်ပုံကို ပထမဆုံး ရှင်းပြနိုင်ခဲ့တယ်။
pinhole-camera
အလားတူစွာဘဲ သူက ကင်မရာရဲ့သဘောသဘာဝကို ပထမဆုံး လေ့လာတင်ပြခဲ့သူလည်း ဖြစ်ပြန်တယ်။ ကင်မရာရဲ့အယူအဆက ရှင်းရှင်းလေးပါ။ ဘူးခွံတစ်ဖက်မှာ အပေါက်သေးသေးလေးဖောက်ထားတယ်။ ဘူးခွံအတွင်းထဲကနေ အပြင်ဖက်အရာတွေကို ခြုံလွှမ်းမြင်တွေ့နိုင်ဖို့သာ ဖြစ်တယ်။ ဒါက ခုခေတ်ကင်မရာတွေရဲ့ အလုပ်လုပ်ဆောင်ပုံ အတိုင်းပါဘဲ။ ခုခေတ်မှာကတော့ မှန်ဘီလူးတွေ ထပ်ဖြည့်ထားတာပဲ ကွာခြားချက် ရှိတာပါ။ ကျွန်တော်တို့သိရှိထားတဲ့ ခေတ်မှီဓါတ်ပုံပညာရပ် မတိုင်မီ နှစ်ရာပေါင်းများစွာကတည်းက ဒီလိုပုံစံမျိုးကို အိဗ်နု အလ်ဟိုင်သမ်က တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။
ဒါတင်မကသေးပါဘူး။ ရေပြင် သို့မဟုတ် ဖန်သား စတဲ့ ကြားခံနယ်တစ်ခုခုထဲ အလင်းဖြတ်သန်းပုံစံနစ် (အလင်းယိုင်ခြင်း) ကိုလည်း လေ့လာဖော်ထုတ်ခဲ့သူပါ။ ဒီတင်ပြချက်ကနေတဆင့် ဆည်းဆာချိန်မှာ ဘာကြောင့်ကောင်းကင်အရောင်ပြောင်းသွားသလဲဆိုတာကို ရှင်းပြသွားနိုင်ခဲ့ပါတယ် ( နေရဲ့အလင်းတန်းက လေထုကို ထောင့်ချိုး တစ်ခုကနေ ထိခတ်တဲ့အခါ ရောင်ခြည်လမ်းလွဲမှု ဖြစ်သွားစေတယ်)။
ဒီအချက်ကနေထပ်ဆင့်ပြီးတော့ ကမ္ဘာ့လေထုရဲ့ထုထည်ကို တွက်ပြနိုင်ခဲ့တယ်။ ဒါဟာ အာကာသယာဉ်နဲ့ လက်တွေ့မပြနိုင်ခင် နှစ်ပေါင်း ၁၀၀၀ လောက်က ဖြစ်ပါတယ်။ အဲ့ဒီ စက္ခုဗေဒကျမ်းကို ဘာသာပြန်လိုက်တဲ့ခါ ဥရောပတစ်ခွင် ဟိုးလေးတကျော် ဖြစ်သွားတယ်။ နောက်ပိုင်း ဥရောပသားပညာရှင်တွေက ဒီကျမ်းကို အခြေပြုလို့ အလင်းနဲ့စက္ခု အလုပ်လုပ်ဆောင်ချက်၊ သူတီထွင်ချပြခဲ့တဲ့ ကိရိယာများကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ကြတာပါ။
နောက်တစ်ဆင့်တက်ပြီး မျက်ကပ်မှန်တို့၊ မှန်ဘီလူးတို့၊ အဝေးကြည့်မှန်ပြောင်းတို့၊ ကင်မရာတို့ စသဖြင့် တိုးမြှင့်ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အလင်း ၏ အလွန် အလင်းအကြောင်း နဲ့ အလင်းဆိုင်ရာပစ္စည်းပစ္စယတွေအကြောင်း နားမလည်ယင်၊ မသုံးယင် ၂၁ ရာစုမှာ ကျွန်တော်တို့ လူဖြစ်ရကျိုးမနပ်သလို ၊ မပြည့်စုံသလို ဖြစ်နေပါပြီ။ အလင်းဆိုင်ရာ အကြောင်းအရာတင် မကသေးဘူး – အိဗ်နု အလ်ဟိုင်သမ်ဟာ တခြားပညာရပ်နယ်ပယ်တွေမှာ စဦး လမ်းဖောက်သူလည်း ဖြစ်ခဲ့တယ်။
သူဟာ ၁၀၂၀ နဲက ၁၀၃၀ ခုနှစ်များမှာ အာကာသလေ့လာရေးပညာ (Astronomy) ကျမ်းများစွာကိုလည်း ရေးသားခဲ့တယ်။ ကြယ်၊ ဂြိုလ်တွေ ရွေ့လျားမှု ဆိုင်ရာ တော်လမီရဲ့တွေးလုံးတွေ မှားယွင်းကြောင်း သူက ထောက်ပြခဲ့တယ်။ စကြ၀ဠာအလုပ်လုပ်ပုံစံနစ်ကို ယုတ္တိဆန်တဲ့ အမြင် တစ်ရပ်ကိုလည်း ချပြနိုင်ခဲ့တယ်။ ကမ္ဘာဂြိုလ်ဟာ စကြ၀ဠာရဲ့ဗဟိုချက်မ ဆိုတဲ့ ဂရိအတွေးအခေါ်ကို ရိုက်ချိုးပစ်လိုက်တာပါ။
နက္ခတ္တဗေဒ (Astrology) ဟာ သိပ္ပံပညာရပ် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ချေပခဲ့တယ်။သက်သေပြချက်လိုအပ်တယ်ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင် သိပ္ပံအတွေးအမြင်ကို မြဲမြံစွာ ဆုပ်ကိုင်လို့ နက္ခတ္တဗေဒဟာ မည်သည့်သိပ္ပံဘာသာရပ်နဲ့ ဆက်နွှယ်မှု မရှိကြောင်း၊နက္ခတ္တဗေဒသမားတွေရဲ့ ထင်လုံးနဲ့ခံစားချက်တွေသာဖြစ်ကြောင်း သုံးသပ်ပြခဲ့တယ်။ ဖန်ဆင်းရှင်သာလျှင် ခပ်သိမ်းသောအရာတွေရဲ့ အကြောင်းရင်းခံဖြစ်တယ် – ဂြိုလ်နက္ခတ်သွားလာလှည့်ပတ်မှုအပေါ် အရင်းမခံဘူး ဆိုတဲ့ အစ္စလာမ့်မဏ္ဍိုင် အယူဝါဒတစ်ခုနဲ့ ပြဿားတစ်လမ်းသံတစ်လမ်း ဖီလာဆန့်ကျင်နေကြောင်း နက္ခတ္တဗေဒပညာအပေါ် ဝေဖန်ခဲ့သူဖြစ်တယ်။
အလ်ဟိုင်သမ်ရဲ့ကျမ်းတွေကို ဖတ်ထားတဲ့ အိုင်းဇက် နျူတန် ဟာ ဒီအတွေးအခေါ်တွေအပေါ် အတော်ဘဲ အားထားခဲ့တယ်။ နျူတန်ဟာ ကနေ့ အသုံးပြုနေတဲ့ အင်ဂျင်နီယာ ဖော်မြူလာနဲ့နည်းစံနစ်ကို ဦးဆောင်မှုပေးမယ့် Calculus သင်္ချာပညာအခြေခံကို လေ့လာခဲ့တယ်။အရာဝတ္ထုတို့ရဲ့ရွေ့လျားမှုနိယာမ ( နောက်ပိုင်း နျူတန်ရဲ့ တတိယနိယာမ လို့ ကျော်ကြားလာတယ်)၊ အရာဝတ္ထုအချင်းချင်းဆွဲငင်အား (ကမ္ဘာ့ဆွဲအား)ကိုလည်း ရေးထုတ်ခဲ့တယ်။ စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။
အလ်ဟိုင်သမ်ဟာ အစ္စလာမ့်ပညာရေးမှာလည်း ခေသူ မဟုတ်ခဲ့ဘူး။ တမန်တော်အတုအယောင်များကို ဖော်ထုတ်နည်း၊ မက္ကဟ်မြို့တော်ဖက် မျက်နှာမူဝတ်ပြုနိုင်အောင် လားရာတွက်ချက်မှု ပညာ စာအုပ်များကိုလည်း ကျမ်းပြုရေးသားနိုင်ခဲ့သူပါ။ ခေတ်သစ်စိတ်ပညာရပ်နဲ့ပတ်သက်လို့ လူနဲ့တိရစ္ဆာန်တွေ အပေါ် တေးဂီတအသုံးချ ကုထုံးအကြောင်းကို ရှေ့ပြေး သုတေသနပြုခဲ့သူလည်း ဖြစ်နေပြန်ပါတယ်။
အမွေအနှစ်
အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကြိုးပမ်းမှု နဲ့ တင်ပြမှုတွေဟာ ခရီးရှည်ကြီးကို ဖြတ်သန်းနေဆဲပါဘဲ။ သူပြုစုခဲ့တဲ့ကျမ်းဂန်များဟာ ၂၀၀ ကျော်အထိ ရှိခဲ့ပေမယ့် ယနေ့မှာတော့ ကျမ်းပေါင်း ၅၀ ၀န်းကျင်သာ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ ယနေ့ကာလတိုင်အောင် ကျွန်တော်တို့ လက်လှမ်းမမီနိုင်လောက်တဲ့အထိ ရှိခဲ့မှာ အမှန်ပါဘဲ။ ကံမကောင်းအကြောင်း မလှစွာနဲ့ သူကွယ်လွန်ခဲ့ပြီးကတည်းက သူ့ရဲ့တင်ပြချက်တွေဟာ လျစ်လျူရှုခံလိုက်ရတယ်။ သူဟာ ပညာရှင်ကြီးတွေနဲ့တွဲလျက်ရှိတတ်တဲ့ ကျော်ကြားလိုမှု၊ သိက္ခာတင်မှုတွေကို လုံးဝ ဂရုမစိုက်ခဲ့သူ ဖြစ်လို့ပါဘဲ။ ဒါကြောင့်လဲ ယနေ့ကမ္ဘာမှာ သူ့ကျမ်းတွေနဲ့ပတ်သက်ပြီး သတိမထားမိကြတာပါ။ အီဗာရီယန်ကျွန်းဆွယ်က မွတ်စ်လင်မ်နယ်မြေတွေကို စပိန်တွေ ကြီးစိုးတော့ သူ့စာအုပ်တွေကို လက်တင်ဘာသာပြန်ဆိုခဲ့ကြတယ်။ ဒါပေမယ့် သူ့နာမည်ရင်းမဟုတ်ဘဲ Alhazen လို့ ဖော်ပြလိုက်ကြတယ်။ ဥရောပ ပညာနိုးကြားရေးခေတ်အတွင်း ထိပ်တန်းမွတ်စ်လင်မ်ပညာရှင်ကြီးတွေရဲ့ အမည်နာမများဟာ ဥရောပလေယူလေသိမ်းအသွင်နဲ့ ပြောင်းလဲလိုက်တဲ့အစဉ်အလာတစ်ရပ် ဖြစ်ခဲ့တယ်။ ဥရောပတိုက်က ခရစ်ယာန်တွေအကြား မွတ်စ်လင်မ်တွေကို ချိုးနှိမ်လိုတဲ့အတွက် -သူတို့ရဲ့တင်ပြချက်တွေကို ဖျောက်ဖျက်လိုတဲ့အတွက်ကြောင့်ပါဘဲ။
သူ့ရဲ့ထက်မြက်တောက်ပြောင်လှတဲ့ အသိဥာဏ်စဉ်ကို မရေတွက်နိုင်တဲ့လူတွေက ခုတုံးလုပ်ခဲ့ကြပြီးပါပြီ။ သူ့ရဲ့သုတေသန သာ မရှိခဲ့ယင် ဒီကနေ့ ကျွန်တော်တို့ သိရှိကြတဲ့ ခေတ်သစ် သိပ္ပံပညာရပ် နယ်ပယ်ဆိုတာလည်း ဖြစ်ထွန်းလာစရာအကြောင်း ရှိတော့မှာ မဟုတ်တော့ပါဘူး လို့ဘဲ ဆိုချင်ပါတော့တယ်။
Sources:
Morgan, M. (2007). Lost History. Washington D.C. : National Geographic Society.
Masood, E. (2006). Science and Islam. Icon Books.
“Ibn al-Haytham.” The Columbia Encyclopedia, 6th ed.. 2012.
Encyclopedia.com:http://www.encyclopedia.com/doc/1E1-IbnalHay.html
Steffens, B. (2007). Ibn al-Haytham : first scientist. Greensboro, N.C. : Morgan Reynolds Pub.
http://lostislamichistory.com/ibn-al-haytham-the-first-scientist/
စုစည်းတင်ပြသူ – ဂျူလိုင်ရဲရင့်