Monday, March 12, 2012

ဘာသာခြားများ မေးခွန်းအတွက် အဖြေများ (၂)

မေး။
အလ္လာရှင်မြတ်က ပြီးပြည့်စုံတဲ့ လောကကြီးကို ဖြစ်ပေါ်စေတယ်။ ပြီးတော့ ထိုအရှင်ပြဌာန်းထားတဲ့ နိယာမ အတိုင်း အားလုံးကို ဖြစ်ပေါ်စေတယ်ဆိုရင် အခုအလ္လာရှင်မြတ်က ဒီကမ္ဘာလောကကို ဖန်ဆင်းပြီးပြီးလား ဖန်ဆင်းတုန်းလား။

ဖြေ။
အလ္လာဟ်အရှင် ဆိုတာကို သမ္မာကျမ်းလာ “ဖန်ဆင်းရှင်” ဆိုတဲ့ ဖွင့်ဆိုနားလည်ထားမှုဟာ- ကျမ်းတော်မြတ် ကုရ်အံ (အစ္စလာမ်သာသနာရဲ့ အခြေခံသွန်သင်ချက်ဥပဒေများ) က ပြောဆိုရှင်းပြတာနဲ့ အလွန်ကွာခြား လှပါ တယ်။ အခု သမီးတို့သိနေတဲ့ သီအိုရီက သမ္မာကျမ်းလာ သီအိုရီ ဖြစ်နေပါတယ်။ ခက်တာက မွတ်စလင် ဗလီ ဆရာများကိုယ်တိုင်က အဲ့ဒီအယူမျိုး ဟောပြောနေတာကိုး။

ကျမ်းမြတ် ကုရ်အံက ပြောတဲ့ သီအိုရီမှာ အလ္လာဟ်အရှင်ဟာ ဥုံဖွ ဖန်ဆင်းရှင် မဟုတ်ဘူး။ ဖြစ်တည်လာစေမယ့် အရာများအတွက် ဆင့်ကဲပြည့်စုံ ဖြစ်တည်လာနိုင်စေဘို့ ပြဌာန်းပေးလိုက်တဲ့ အရှင် ဖြစ်ပါတယ်။ ဥပမာ- မြစ်တစ်စင်းပေါ်မှာ တံတားတစ်လက် တည်ဆောက်ခွင့်ပြုလိုက်သည်ဆိုတဲ့ သမ္မတ တစ်ဦးရဲ့ ခွင့်ပြုချက်မျိုးကို သာ ပြဌာန်းလိုက်ပါတယ်။ သမ္မတတစ်ဦးက တံတားဆောက်ခွင့်ပြုလိုက်သည် ဆိုတာနဲ့ တံတားက ၀ုန်းဒိုင်း လျှပ်တစ်ပျက် ပေါ်ထွက်လာခဲ့တာ မဟုတ်ပါ။

သမီးနားလည်အောင် အာဒံ ဆိုတဲ့ ပုဂ္ဂိုလ်ကို ဥပမာပေးပြီး- သမ္မာကျမ်းက ဖွင့်ဆိုတဲ့ ဖန်ဆင်းရှင်နဲ့ ကျမ်းမြတ် ကုရ်အံက ဖွင့်ဆိုပုံကို တင်ပြပေးပါမယ်။-

သမ္မာကျမ်းမှာ - ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏- (ကမ္ဘာဦး ၁း၂၇) လို့ ဆို တယ် အဲ့ဒါက ဖန်ဆင်းခြင်းရဲ့ ဆဌမနေ့ ဖြစ်တယ်ပေါ့။ ပထမနေ့မှာ ကောင်းကင်နဲ့မြေကြီး၊ ဒုတိယနေ့မှာ အ လင်းရောင် နံနက်၊ နေ့ည---- စသည်ဖြင့် ပြောထားတော့၊ ဆဌမနေ့မှာ ဖန်ဆင်းတဲ့- “လူသား” အာဒံ ဟာလည်း ဖန်ဆင်းလိုက်တာနဲ့ ချက်ချင်းဖြစ်လာတဲ့ သဘောကို ပြောပါတယ်။ အဲ့ဒီ အာဒံကို အိပ်စေပြီး သူ့နံရိုးကိုယူ သူ့အ တွက် မိန်းမ (ဧ၀) ကို ဖန်ဆင်းပေးတယ်- ကမ္ဘာဦး ၂း၂၁-၂၃၊ ဆိုတော့ အားလုံးက ဥုံဖွ သဘောလို ဖြစ်နေ တယ်။

ကျမ်းမြတ်ကုရ်အံက- အာဒံကို ဖြစ်တည်စေဘို့ خَلَقَهُ مِن تُرَابٍ ثِمَّ قَالَ لَهُ كُن فَيَكُونُ “ငါအရှင်က သူ့အား မြေ မှုန့်မှ ဖြစ်တည်စေ၏၊ သူ့အတွက် “ဖြစ်” ဟု မိန့်လိုက်သော် သို့ဖြင့် ဆင့်ကဲ ပြည့်စုံ ဖြစ်တည်လာရမည် သားတည်း၊” (၃း၅၉) လို့ ပြောပါတယ်။ ဒီမှာကြည့်ပါ။ သူ့ကို မြေမှုန့်က ဖြစ်တည်စေတယ်၊ (သူ့ရဲ့ ဖြစ်တည်မှုမှာ ပထ၀ီဓါတ်ဟာ အခြေခံအဖြစ် ပါဝင်တယ်။) ပြီးတော့ “ဖ-ယ ကူးန်” သို့ဖြင့် ဆင့်ကဲပြည့်စုံ ဖြစ်လာရမည် သာ တည်း။ မိန့်လိုက်ပြီးနောက်မှာ (အနာဂါတ်မှာ) တစ် ဆင့်ခြင်း ဖြစ်လာရမှာ ဖြစ်တယ်လို့ (အတိအကျ ဖြစ်ကို ဖြစ် လာရမယ်) ဆိုတဲ့ အသုံးနဲ့ ပြောဆိုတယ်။ ချက်ချင်း ၀ုန်းဒိုင်း သဘောမဟုတ်ပါ။

အလားတူ ကမ္ဘာ စကြာဝဠာအားလုံးကိုလည်း ကာလတစ်ခုချင်းစီ ဆင့်ကဲ ဖြစ်လာစေတယ်၊ ပြီးတော့ ထပ်ဆင့် ကွပ်ကဲမှု နိယာ မတွေကို ပြဌာန်းပေးထားတယ်။ အဲ့ဒီ နိယာမများကို လောကဓမ္မအဖြစ် တည်နေစေတယ်။ ကုရ် အံ ၁၀း၃။ လို့ ပြောထားတယ်။

ဒီတော့- အလ္လာဟ်ဟာ လောကအပေါင်း ဖြစ်တည်လာစေဘို့ကို ပြဌာန်းပေးပြီး ဖြစ်တယ်။- ဖြစ်တည်လာစေ မယ့် process (ဖြစ် စဉ်) များကို လောကဓမ္မ အဖြစ်တည်နေစေတော့- လောကဓမ္မက ထပ်ဆင့်မွန်းမံသွားနေ တယ်။ အလ္လာဟ်ရဲ့ ခွင့်ပြုချက်က “ပြီးခဲ့ ပါပြီ” စဉ်ဆက်ဖြစ်တည်နေဆဲအရာများက စကြာဝဠာကြီး ချုပ်ငြိမ်းတဲ့ ကာလထိ ရှိနေမယ်- အဲ့ဒီဖြစ်စဉ်များကို လောကဓမ္မရဲ့ တာ ၀န်ဖြစ်တယ်။ (၁၀း၃ ကို ပြန်ဖတ်ကြည့်ပါ။) သမ္မတ တစ်ဦးရဲ့ တံတားတစ်လက်တည်ဆောက်ခြင်း ခွင့်ပြုချက်က ထုတ်ပြန်ပြီးပါပြီ၊ အဲ့ဒီတံတား ပြည့်စုံအောင် ဖြစ် တည်လာစေမယ့် process က အင်္ဂျင်နီယာ၊ ဆောက်လုပ်ရေးလုပ်သား၊ သစ်ထုတ်လုပ်ရေး၊ ဘိ လပ်မြေ ထုတ် လုပ်ရေး--- စတဲ့ ထပ်ဆင့် ဖြစ်စဉ်များရဲ့ ၀န်တာအဖြစ် ဆက်လက် တည်ရှိပါတယ်။

မေး။
ကျေးဇူးတရားတိုင်းဟာ အလ္လာရှုင်မြတ်ထံမှ လာတယ် ဆိုးကျိုးတွေက ကိုယ့်လုပ်ရပ်ကြောင့် ဖြစ်တယ်ဆိုတော့ အလ္လာရှင်မြတ်က ပြီးပြည့်စုံတဲ့ လောကကြီးကိုပေးပြီး ဒီတိုင်းကြည့်နေတာလား။

ဖြေ။
သမီးကို ပြောပြသူက လိပ်ပတ်မလည်တာလား၊ သမီးပဲ နားလည်မှုလွဲနေတာလားတော့ အန်ကယ် မပြောတတ်ဘူး။ အဲ့ဒီ စကားက အမှန်တော့ အဲ့လိုမဟုတ်ဘူး၊- အလ္လာဟ်အရှင်က လောကအပေါင်းကို ဖြစ်တည် စေ တာမှာ အချီးနှီး အကျိုးမဲ့ ဘာမှ မရှိဘူး-၊ သင်တို့ရဲ့ လုပ်ရပ်များကြောင့်သာ သင်တို့အတွက် အကျိုးမဲ့ ဖြစ်နေတာ- လို့ ပြောဆိုခြင်းပါ။ ဥပမာ- မီး- ဆိုတဲ့ အရာဟာ လောကမှာ ဖြစ်တည်နေတယ်ပေါ့။ ဒီ မီး ဆိုတဲ့ အရာဟာ လူ သားအတွက် အလွန်ကျေးဇူးပြု တဲ့ တေဇောဓါတ် ဖြစ်ပါ တယ်။ အနည်းဆုံး- အဲ့ဒီ ဓါတ်မပါဘဲ လူသားဆိုတာ ဖြစ် မလာနိုင်ဘူး။ တနည်းအားဖြင့် လူသားဆိုတာ ဖြစ်တည်လာစေမယ့် ပင်မ ဓါတ်ခံ ကျေးဇူး ပြုမှုထဲမှာ တေဇော ဓါတ် (မီး) ပါဝင်နေတယ်။

ဒါပေမယ့်- အဲ့ဒီ မီး ဆိုတာကို ကိုင်ပြီး ရပ်ကွက်မှာ မီးရှို့ကြည့်ပါ။ အင်မတန် အကျိုးရှိတဲ့ မီး၊ ကျေးဇူးကြီးတဲ့ မီး ဟာ - မိမိရဲ့ လုပ် ရပ်ကြောင့် အဆိုးတရားတစ်ခုကို ဖြစ်ပေါ်စေတာ တွေ့ရပါလိမ့်မယ်။ ဒါက မြင်သာထင်ရှားတဲ့ ဥပမာကို ပေးလိုက်တာပါ။ အလားတူ ပဲ မံဿမျက်လုံးနဲ့ မမြင်နိုင်တဲ့ အရာများမှာလည်း ဒီအတိုင်းသာ ဖြစ်ပါတယ်။

မေး။
ဒီလောက မှာ ဖန်ဆင်းမှု နိယာမကလွဲလို့ ကျန်တဲ့အလ္လာရှင်ရဲ့ ပက်သက်မှုတွေ ရှိပါသေးလား။ သိပါစေ။

ဖြေ။
အလွန်ရှိနေတာပေါ့။ ဖန်ဆင်းခြင်း နိယာမကို လူတွေကို ပြောနေတာက-၊ ဒီလောကအားလုံးရဲ့ အချုပ်အခြာ တစ်ခုကို သိအောင်   ပြောခြင်းသာ ဖြစ်ပါတယ်။ အဓိက-က ဖန်ဆင်းခံ အချင်းချင်း - လူ- လူချင်း ဖြစ်စေ၊ လူက ကျောက်တုံးကို ဖြစ်စေ၊ လူက မိမိ ကိုယ်တိုင် ပြုလုပ်ရာကို ဖြစ်စေ၊ လူက သစ်ပင်ကို ဖြစ်စေ- မကိုးကွယ်မိ အောင် ပြောခြင်းသာ ဖြစ်ပါတယ်။ ဘာသာ တရားမှာ အဓိက သွန်သင်တာက ဉာဏ်စဉ်ဖွံ့လာဘို့သာ ဖြစ်ပါ တယ်။

လောကမှာ သီအိုရီ ခေါင်းဆောင်နဲ့ ဉာဏ်စဉ်ခေါင်းဆောင် လို့ နှစ်မျိုးရှိတယ်။ သီအိုရီ ခေါင်းဆောင် ဆိုတာက သုတေသီတွေ ဆင့်ပွား ဖြစ်တည်လာတာပါ။ နိုင်ငံရေးခေါင်းဆောင်တို့ ပညာရပ်တစ်ခုရဲ့ ခေါင်းဆောင်တို့ သ ဘောပါ။ သူတို့ရဲ့ သီအိုရီတွေ၊ ဒသနတွေ၊ လူထုအကျိုးပြု အတွေးအခေါ်တွေဟာ- လူတွေအတွက် သင့်လျှော် နိုင်တယ်- ဒါပေမယ့် ခေတ်တစ်ခုစီကို ကိုယ် စားပြုပါတယ်။ ဥပမာ- ကွန်မြူနစ်ခေတ်က နိုင်ငံရေး ခေါင်းဆောင် ဟာ ဒီမိုကရေစီခေတ်မှာ သူ့အတွေး အခေါ်တွေ ခေတ်   နောက်ကျသွားပါတယ်။- အလားတူ နောက် ထပ်ဖြစ် တည်လာမယ့်ခေတ်မှာ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးရဲ့ အတွေးအခေါ် ဟာလည်း ခေတ်နောက်ကျ သွားမှာ ပါ။

ဉာဏ်စဉ်ခေါင်းဆောင်တွေရဲ့ ဉာဏ်စဉ်သိ ဒသန သို့မဟုတ် ဉာဏ်စဉ်သိ ဓမ္မကတော့ ဘယ်တော့မှ ခေတ် နောက် မကျပါ။ ပြောင်း လဲခြင်းလည်း မရှိပါ။ ဒီအခါ အဲ့ဒီ ခေါင်းဆောင်ရဲ့ အဆိုအမိန့် သွန်သင်မှုကို ကျန်လူ သားတွေက လိုက်နာဆည်းပူးရပါတယ်။ အ ထက်ဖေါ်ပြပါ နိုင်ငံရေးခေါင်းဆောင်တွေ ဘာသာရပ်ဆိုင်ရာ ခေါင်း ဆောင်တွေ ကိုယ်တိုင်က ဉာဏ်စဉ်ရခေါင်းဆောင် နောက်ကို လိုက်နာနေရပါတယ်။

လိုက်နာနေတဲ့ နောက်လိုက် လူသားက ထုထည်နဲ့ များလာတော့- အဲ့ဒီ ဉာဏ်စဉ်ရလူသားကို အခြေခံပြီး ဘာ သာရေး လူတန်းစား (ကိုးကွယ်ခံလူတန်းစား) ပေါ်ထွက်လာနိုင်တယ်။ သာမန်လူသားများက ဉာဏ်စဉ် ဆိုတာ ကို- မြင်မှ မမြင်ရဘဲ။ အဲ့လို ကိုးကွယ်ခံ လူတန်းစား ဖြစ်တည်တာနဲ့ လူသားကြားမှာ အလိုလို အဆင့်အတန်း ကွဲသွားပြန်ပါတယ်။ မ နေ့က အရက်သမား- လူသတ်သမား မုဒိန်းကောင် ဒီနေ့ သူ့ကိုယ်သူ ဘာသာရေး လူတန်းစားလို့ ခံယူလိုက် တော့- လူသားအများက အဲ့ဒီ ဒုစရိုက်ကောင်ကို ချက်ချင်း ဦးချကန်တော့ရပါတော့တယ်။ ကျွေးမွေး စောင့် ရှောက်ခြင်းများလည်း ပြုရပါတော့တယ်။ ဒီအခါမှာ လုပ်စား အတုအယောင်ပေါင်း များစွာ ပေါ်ထွန်းလာနိုင်ပါ တယ်။ လူတွေက ဘာသာရေး လူတန်းစားမှန် ရင် ခေါင်းငြိမ့် လက်ခံနေ ရတော့- အတုအယောင်ပေါင်း များစွာ အောက်မှာ ခေါင်းပုံဖြတ်ခံရနိုင်ပါတယ်။

အစ္စလာမ်က- လူဆိုးတစ်ဦး နောင်တရလာတာကို ကြိုဆိုတယ်။ သူကောင်းဖြစ်လာတာကိုလည်း အားပေး တယ်။ ဒါပေမယ့် သူဟာ -လည်း လူသားတစ်ဦးပဲ ဖြစ်တယ်။ ဒီအတွက် ကိုးကွယ်ခံ၊ ပူဇော်ပသခံ လူတန်းစား ဖြစ်မသွားစေရအောင် ထိန်းပေးထားတယ်။ ဒါ ဟာလည်း လူဟာလူ၊ ကိုးကွယ်ဆည်းကပ်ရမယ့် အလ္လာဟ်ဟာ အလ္လာဟ် ဆိုတာကို ပြတ်ပြတ်သားသား စည်းတား ထားလို့ ဖြစ်ပါ တယ်။ ဒါဟာ လူ့ဘောင်လောက အတွက် အ ရေးကြီးတဲ့ ပတ်သက်မှု တစ်ခု ဖြစ်တယ်။

ဒီနေရာမှာ အဓိက သော့ချက်က- ဉာဏ်စဉ်နဲ့ အခြားသော စွမ်းအား power များကို လူလူချင်း ဓါတ်ကူးပေးလို့ မရဘူး ဆိုတဲ့ အချက်ပါ။ အလ္လာဟ်ဟာ အဲ့ဒီအချက်ကို လူသားနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

ချစ်ခင်စွာဖြင့်

No comments:

Post a Comment

မိတ်ဆွေတို့၏ ရေးသားချက်များသည် မိတ်ဆွေတို့၏ အဆင့်အတန်းနှင့် ယုံကြည်ကိုးကွယ်မှုကို ဖော်ပြနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်... (အဆင့်အတန်းမရှိသည့် ရေးသားချက်များကို ပြန်လည် ဖြေရှင်းမည် မဟုတ်ပါ...)