အရှင်ကောမလ(ခ)ဆန်နီနေမင်း
ရဲ့ ဘာသာရေးဆွေးနွေးမှု
စောဒနာ သောဓနာများ ဆိုတဲ့ပိုတ်စ့်အတွက် အချိန်ရသလောက် အတွင်း မှာ အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၁) အနေနဲ့ ပြန်လည်စောကြောပေးလိုက်ပါတယ်…
ဆန်နီနေမင်း
နှင့် ပထမအကြိမ် မေး/ဖြေ ကို ဤနေရာလေး
မှာ ကလစ်နှိပ်ကာ ဖတ်ရှုနိုင်ပါတယ်….
နေတို့
လတို့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး အဂ္ဂညသုတ်မှာ မြတ်စွာဘုရား ရှင် ဟောကြားတော်မူခဲ့တာ
ရှိပါ တယ်။ အဲဒါကို ဒကာတော် အနေနဲ့ လေ့လာမယ်ဆိုရင် ဒကာတော်မေးထားတဲ့
မေးခွန်းအတွက်လည်း အဖြေရပြီးသား ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အဂ္ဂညသုတ်မှာပါတဲ့
နေတို့လတို့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်တဲ့ အကြောင်းအရာ လေးကို ရွေးပြီးဖော်ပြပေး
လိုက်ပါတယ်။ ရှည်သော ကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ လောကပျက်လတ်သော်
သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံ၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထို(ဘုံ)၌
(ဈာန်)စိတ်ကြောင့် ဖြစ်ကုန် ၏၊ နှစ်သိမ့်ခြင်း 'ပီတိ'လျှင် အစာရှိကုန်၏၊
မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊
တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ရှည်သောကာလလွန်လတ်သော်
တစ်ရံတစ်ခါ၌ ဤလောကသည် တည်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောက ဖြစ် လတ်သော်
သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံမှ စုတေ၍ ဤ (လူ့ဘုံ)သို့ ရောက်လာကုန်၏။
ထိုသူ တို့သည် ဤလူ့ဘုံ၌ (ဥပစာရ ဈာန်) စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း
'ပီတိ'လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်း လျက်ရှိကုန်၏၊ ကောင်းကင်၌
ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ထိုအခါ
(စကြဝဠာကုဋေတစ်သိန်းလုံးသည်) တစ်ခုတည်းသော ရေပြင်ကြီးသာ ဖြစ်၏၊ မှောင်အတိ ဖြစ်၏၊
တစ်ခဲ နက် မှောင် အတိဖြစ်၏၊ လနေတို့သည် ထင်ရှားမရှိကုန်၊ နက္ခတ်တာရာ့သဏ္ဌာန်တို့သည်
ထင်ရှားမရှိကုန်၊ ညဥ့်နေ့တို့ သည် ထင်ရှားမရှိ ကုန်၊ လ, လခွဲတို့သည်
ထင်ရှားမရှိကုန်၊ ဥတု, နှစ်တို့သည် ထင်ရှားမရှိကုန်၊ မိန်းမ, ယောက်ျားတို့ သည်
ထင်ရှားမရှိကုန်၊ သတ္တဝါတို့သည် 'သတ္တဝါ' ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။
ရှည်သော ကာလလွန်လတ်သော်
တစ်ရံတစ်ခါ၌ ထိုသတ္တဝါတို့အား အရသာနှင့် ပြည့်စုံသော မြေဆီ သည် ရေ၌ ထက်ဝန်း ကျင် အနှံ့
တည်၏၊ ဥပမာ ပူသောနို့သည် အေးသည်ရှိသော် အထက်၌ အမြှေးဖြစ်သကဲ့သို့၊ ဤအတူ မြေဆီသည်
ထင်ရှား ဖြစ်၏၊ ထို (မြေဆီ)သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့နှင့် ပြည့်စုံ၏၊
အရသာနှင့် ပြည့်စုံ၏၊ ထောပတ်ဆီဦးသည် (အဆင်း နှင့်) ပြည့်စုံသကဲ့သို့၊ ဤအတူ
အဆင်းနှင့် ပြည့်စုံ၏၊ (ပျားချေးစသည့်) အပြစ်ကင်းသော ပျားငယ်ရည်သည် အရသာနှင့်
ပြည့်စုံသကဲ့သို့၊ ဤအတူ အရသာနှင့် ပြည့်စုံ၏။
ထိုအခါ လျှပ်ပေါ်သော
သဘောရှိသော သတ္တဝါတစ်ယောက်သည် ''အချင်းတို့ ဤအရာသည် အဘယ်သို့ အရသာ
ဖြစ်လိမ့်မည် နည်း'' ဟု မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်၏၊ မြေဆီ ကို လက်ချောင်းဖြင့်
(ယူ၍) လျက်သော ထိုသတ္တဝါအား (အရ သာသည် ခုနစ်ထောင်သော အကြောတို့ကို) ပျံ့နှံ့၍ တည်၏၊
ထိုသတ္တဝါအား တပ်ခြင်း တဏှာသည်လည်း ဖြစ်၏။ တစ်ပါးသော သတ္တဝါတို့သည်လည်း ထိုသတ္တဝါကို
အတုလိုက်၍ မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်ကုန်၏၊ မြေဆီကို လက်ချောင်းဖြင့်
(ယူ၍) လျက်ကုန်သော ထိုသတ္တဝါတို့အား (အရသာသည် ခုနစ်ထောင်သော အကြောတို့ကို)
ပျံ့နှံ့၍ တည်၏၊ ထိုသတ္တဝါတို့အား တပ်ခြင်း တဏှာသည်လည်း ဖြစ်၏။
ထို့နောက် ထိုသတ္တဝါတို့သည်
မြေဆီကို လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အားထုတ်ကုန်၏၊ ထိုသတ္တဝါတို့သည် မြေဆီကို
လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အားထုတ်ကြသောအခါ ထိုသတ္တဝါတို့အား မိမိတို့ ကိုယ်ရောင်သည်
ကွယ်၏၊ မိမိတို့ ကိုယ်ရောင် ကွယ်သည်ရှိသော် လနေတို့ ထင်ရှားဖြစ်ကုန်၏၊ လနေတို့ ထင်ရှားဖြစ်ကုန်သော်
နက္ခတ် တာရာတို့ ထင်ရှားဖြစ်ကုန်၏၊ နက္ခတ် တာရာ သဏ္ဌာန်တို့ ထင်ရှားဖြစ်ကုန်သော် ညဥ့်နေ့တို့
ထင်ရှားဖြစ်ကုန်၏၊ ညဥ့်နေ့တို့ ထင်ရှားဖြစ်ကုန်သော် လ, လခွဲတို့ ထင်ရှားဖြစ်ကုန်၏၊
ဥတု, နှစ်တို့ ထင်ရှားဖြစ်ကုန်၏။ ဤမျှသော အပိုင်းအခြားဖြင့် ဤလောကသည် တစ်ဖန် ဖြစ်၏။
ဒီသုတ်တော်ရဲ့
နောက်ဆုံးအပိုဒ်မှာ လူသားတွေ ကိုယ်ရောင်ပျောက်သွားလို့ နေ၊ လတို့ ထင်ရှား
ဖြစ်လာတယ်။ နက္ခတ်တာ ရာတွေ ဖြစ်လာတယ်။ နေ့ည၊ လ လဆန်းတွေ ဖြစ်လာတယ်လို့ ပြောထား
ပါတယ်။ ဒီအချက်က ကမ္ဘာမှာ လူတွေ၊ သတ္တ၀ါတွေ က အရင် ဖြစ်တယ်။ သူတို့ကိုယ်ရောင်
ကွယ်သွားတော့မှ နေ၊ လ နက္ခတ်တာရာ များ ဖြစ်ရတယ်လို့ ပြောဆိုထားခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ- နေ၊ တို့
လတို့က နဂိုကတည်းက ရှိနေတာ-၊ လူတွေက ကိုယ်ရောင်လင်းနေလို့ သတိမထားမိခဲ့တာ-
ကိုယ်ရောင်တွေ ပျောက်သွားတော့မှ သတိထားမိလာတာလို့ စောဒက တက်လို့ မရနိုင်ဘူး-
အကြောင်းက ဒီသုတ်တော်ရဲ့ သုံးပိုဒ်မြောက်မှာ ထိုအခါ
(စကြဝဠာကုဋေတစ်သိန်းလုံး သည်) တစ်ခုတည်းသော ရေပြင်ကြီးသာ ဖြစ်၏၊ မှောင်အတိ ဖြစ်၏၊
တစ်ခဲ နက် မှောင်အတိဖြစ်၏၊ လနေတို့သည် ထင်ရှားမရှိကုန်၊ နက္ခတ်တာရာ့သဏ္ဌာန်တို့သည်
ထင်ရှားမရှိကုန်၊ ညဥ့်နေ့တို့ သည် ထင်ရှားမရှိကုန်၊ လ, လခွဲတို့သည် ထင်ရှား
မရှိကုန်၊ ဥတု, နှစ်တို့သည် ထင်ရှားမရှိကုန်၊ မိန်းမ, ယောက်ျားတို့ သည်
ထင်ရှားမရှိကုန်၊ သတ္တဝါတို့သည် 'သတ္တဝါ' ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။ လို့ အတိအကျ ဖေါ်ပြထား လို့ပါ။-
ဒီအချက်ဟာ-၊
(၁) ကမ္ဘာက အရင်ဖြစ်၊
လူ- သတ္တ၀ါတို့ဖြစ်၊ ပြီးမှ နေ လ နက္ခတ်တို့ ဖြစ်-၊ ဆိုတဲ့ ဖြစ်စဉ်ကို ရှင် ဂေါတမက
သဗ္ဗညုဉာဏ်နဲ့ သိခဲ့ တယ်- ဆိုတော့၊ အဲ့ဒီ သဗ္ဗညုဉာဏ်ဆိုတာကို စောဒက တက်စရာ
ဖြစ်နေပါတယ် ဦးဇင်း (ဦးဇင်း နားလည်သလို ထပ်ဆင့် ရှင်းပြစေလိုပါတယ်။)
(၂) သတ္တ၀ါတို့သည်
ဓါတ်ကြီးလေးပါးကို အခြေခံပြီး ဖြစ်တည်လာတယ်လို့ ဗုဒ္ဓသီအိုရီက ပြောပါ တယ်။- အဆိုပါ
အဂ္ဂည သုတ်တော်အရ- လူတွေနဲ့အတူ အခြားတိရိစ္ဆာန်တွေလည်း ဖြစ်နေပြီ ဖြစ်ကြောင်း
မသမာသူကို နွားချေးဖြင့် ပစ်ပေါက်ကြသည် ဆိုတဲ့ စကားက ခိုင်လုံစေပါတယ် (အဂ္ဂည
သုတ်တော်ကို ဆုံးအောင် ဆက်ဖတ်ပါ)။ နေ မဖြစ်မှီ တေဇောဓါတ်က ဘယ်က လာပါ သလဲ- လို့
ဆက်မေးပါရစေ။ “လူကတော့ ကိုယ်ရောင်ရှိ လို့ ကိုယ်ရောင်က သူ့ဟာသူ အပူဓါတ် တေဇော ကို
ပေးခဲ့နိုင်တယ် ထား ပါတော့- အခြားသတ္တ၀ါတွေမှာ တေဇောဓါတ်ကို ဘယ်က ရလာခဲ့ပါသလဲ။”
(၃) လူတွေက အဘဿရဘုံက
လောကကို ဆင်းလာခဲ့တာ-၊ ဆိုတော့၊ အဲ့ဒီကာလ အခြားသော တိရိစ္ဆာန်များက ဘယ်ဘုံက
ဆင်း လာပါသလဲ။
(၄) ရှည်သောကာလလွန်လတ်သော်
တစ်ရံတစ်ခါ၌ ဤလောကသည် တည်၏၊-
ဒီနေရာမှာ ဒီ လောက်
စနစ်တကျ ဖြစ်တည်နေတဲ့ ကမ္ဘာ- လောက ဟာ သူ့အလိုလို ဖြစ်တည်လာတယ်လို့ ခံစား မိပါသလား။
သို့မဟုတ် ဘယ်အကြောင်းကြောင့် အကျိုးဆက် ဖြစ်တဲ့ ကမ္ဘာလောက က တည်လာရပါသလဲ။
(ကမ္ဘာလောက ဆိုတာမှာကော- ရှေ့ဘ၀ကံ ရှိနေလို့ အခုဘ၀မှာ ကမ္ဘာလောက ဖြစ်နေ ရ တာလား။)
ဖြစ်၊ ပျက် နိယာမ
အလျှောက် အလိုလို စနစ်တကျ ဖြစ်တည်လာတာလို့ ခံစားမိရင်- အဲ့ဒီလောက် စနစ်တကျ
ရှိနေတဲ့ ဖြစ်၊ ပျက် နိယာမကို ဖေါက်ပြန်ပြောင်းလဲခြင်း မရှိအောင် အထိန်းအကွပ်
မရှိဘဲ သဘာဝ အလျှောက် ဖြစ်တည်နေတယ်လို့ ခံစားမိပါသလား။
စာတစ်ခုကို ဖတ်တဲ့အခါမှာ
အတွေးလွန်ခြင်းနဲ့အတွေးခေါင်ခြင်းဆိုတဲ့ အစွန်းနှစ်ဘက်ကို ရှောင်ကြဉ် ရပါတယ်။
အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတယ်ဆိုတဲ့ နိယာမအနေနဲ့ကြည့်မယ်ဆိုရင် ဒကာ မေးထားတဲ့
ကွန်ပျူတာတီထွင်သူ မရှိဘူးဆိုတဲ့ မေးခွန်းက ထပ်ဆင့်မေးစရာတောင် လိုမည်မထင်ပါ။
ကွန်ပျူတာကို တီထွင်လိုက်တဲ့ ပညာရှင်ကြောင့် ကွန်ပျူတာဆိုတဲ့အရာ ပေါ်ပေါက် လာ တယ်။
သူတီထွင်လိုက်တာက အကြောင်း၊ ကွန်ပျူတာဖြစ်ပေါ်လာခြင်းက အကျိုးဆက်ပါ။ ပညာရှင်
တစ်ယောက်က တီထွင်မှုဆိုတဲ့ အကြောင်းမရှိဘဲ ကွန်ပျူတာဖြစ်ပေါ်လာပါသလား?
ဦးဇင်းရဲ့ အဖြေက
ရှင်းနေပါပြီ။ တီထွင်ပြုလုပ်သူ (ဖန်ဆင်းသူ) သူ ဆိုတဲ့ အကြောင်းမရှိဘဲ-
ဖြစ်တည်လာစေတဲ့အကျိုး မရှိဘူးပေါ့- ဒါဆိုရင် ကမ္ဘာလောကကရော- ဦးဇင်း?
နောက်ပြီးဘုရားသခင်က
ဖန်ဆင်းတယ်ဆိုရင် ပညာရှင်က မလုပ်ဘဲ ဘုရားသခင်ဖန်ဆင်းလို့ သူ့အလိုလို
မိုးပေါ်ကကျလာသလိုမျိုး ကွန်ပျူတာဖြစ်ပေါ်လာတာလား? နောက်ပြီး ဘုရားသခင် ဖန်ဆင်းတယ်
ဆိုရင် ပညာရှင်တစ်ဦးဦးက ကွန်ပျူတာမတီထွင်ခင်အချိန် က ဘာဖြစ်လို့ ဘုရား သခင်က
မဖန်ဆင်းတာလဲ? ဒီလိုပြောဆိုနေတာတွေက ဘုရားသခင်ကိုဖြစ်စေ၊ ဖန်ဆင်းရှင် ၀ါဒကိုဖြစ်စေ တိုက်ခိုက်ချင်လို့
ပြောဆိုတာမဟုတ်ပါဘူး။ ဒကာတော်ပြောတဲ့ ဥပမာနဲ့ပဲ ဒကာတော်ကို ပြန်ပြီး
မေးခွန်းထုတ်တဲ့သဘောပါ။
ဒါက ကျွန်တော့အနေနဲ့
ကွန်ပြူတာ ဆိုတာကို ဥပမာ ပေးလိုက်တာပါ။ တီထွင်ဖန်တီးသူ မရှိဘဲ သူ့အလိုလို
သဘာဝအလျှောက် ဘာမှ ဖြစ်မလာနိုင်ဘူး ဆိုတာကို ပေါ်လွင်စေလို့- လို့ ဖြစ်ပါတယ်။
အလားတူ ကမ္ဘာလောကကြီးဟာလည်း သူ့အလိုလို သဘာဝ အလျှောက် ဖြစ်လာတာ မဟုတ်ဘူး ဆိုတာကို
တွေးမိစေလိုတဲ့ စေတနာနဲ့ပါ။
ဒီနေရာမှာ ထပ်ဆင့်
ရှင်းပြစရာလေး ရှိပါတယ်။ ဖန်ဆင်းမှု (တီထွင်ပြုလုပ်မှု) မှာ သုံးဆင့်ရှိပါတယ်။
(၁) ပရမတ်ဘုရား
(အသင်္ခတဓါတ်တော်) အလ္လာဟ် က မူလဇစ်မြစ် ဖြစ်တယ်- ဒါကို အာရ်ဗီလို ဗဒိ လို့ခေါ်ပါတယ်။
(ကုရ်အံ ၆း၁၀၁)
(၂) အဲ့ဒီ
အသင်္ခတဓါတ်တော် အလ္လာဟ်ကမှ လောကဓမ္မကို ဖြစ်တည်စေတယ်- ဓါတ်တော်များနဲ့
ထပ်ဆင့်ကွပ်ကဲပေးတယ်- အဲ့ဒီ လောကဓမ္မနဲ့ ဖန်ဆင်းပေးခြင်း ဖြစ်တယ်။ (ကုရ်အံ ၁၀း၃)။
(၃) လူသားများကို
လောကအပေါင်းအတွက် အသင်္ခတဓါတ်တော် အလ္လာဟ်ရဲ့ ကိုယ်စားလှယ်များ အဖြစ် ဖြစ်တည်စေတယ်။
(ကုရ်အံ ၆း၁၆၅)
ဒါကြောင့်
လူသားများမှာ- လောကအပေါင်းရဲ့ ဘုရားအဖြစ် ထိန်းသိမ်းကွပ်ကဲနိုင်စေဘို့ လောက
အပေါင်းမှာ ရှိတဲ့ အရာများကို သိနိုင်စွမ်း ဉာဏ်ရည် ဖြစ်တည်နေပါတယ်။ ဒီဉာဏ်ရည်ကို
အရောင် တင်လေ ထွန်းတောက်လေ ဖြစ်ပါတယ်။ ဉာဏ်ရည် ထွန်းတောက်လာသူများက သူထွန်းတောက်
လာတဲ့ ကဏ္ဍမှာ သူထွန်းတောက်သလောက် လောကထဲက နိယာမတွေကို သိနိုင်တယ်။ အဲ့ဒီ နိယာမ
တွေကို ဖေါ်ထုတ်ပြီး- နောက်ထပ်လူသားတွေအတွက် အသုံးပြုမယ့် ၀တ္ထုပစ္စည်းတွေကို ထပ်ဆင့်
ဖန်ဆင်းပေးနိုင်တယ်။
အရာဝတ္ထုများ
ဖြစ်တည်စေခြင်းရဲ့ အက္ခရာက လောကဓမ္မ ဖြစ်နေလို့ပါ။- ဒီနေရာမှာ အဓိက သော့ချက်က “ဉာဏ်”
ဖြစ်ပါတယ်။ ဉာဏ်ပွင့်မှ လောကဓမ္မကို သိနိုင်တာပါ။ သာမန် ဉာဏ်မပွင့်သူများက ဘာဆို
ဘာမှ တီထွင်ဖန်ဆင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒီတော့ လောကမှ ၀တ္ထုပစ္စည်းတစ်ခု
ဖြစ်လာတိုင်း အဲ့ဒါရဲ့ အခြေခံ ဇစ်မြစ်က ဉာဏ် ကြောင့် ဆိုတာကို သိစေလိုပါတယ်။
အဲသလို ပဲ--၊ လောကအလုံးစုံ ဖြစ်တာလည်ရတာဟာလည်း မူလဇစ်မြစ် ဉာဏ် တစ်ခုအခြေခံ
မပါဝင်ဘဲ ဖြစ်တည်လာဘို့ရာ အကြောင်း မရှိပါ။-- လို့ ဆွေးနွေးလိုပါတယ်။ (ဦးဇင်းရဲ့
အမြင်ကို သိပါရစေ၊)
ဦးဇင်းတို့အနေနဲ့ သိပ္ပံပညာရှင်စတဲ့ပညာရှင်တစ်ယောက်ယောက်က
အရာဝတ္ထုပစ္စည်းတစ်ခုကို တီထွင်လိုက်လို့ အရာဝတ္ထုတွေဖြစ်ပေါ်လာတာကို
ယုံကြည်လက်ခံပါတယ်။ လက်တွေ့လည်း ကျပါတယ်။ ဘုရားသခင်က ဖန်ဆင်းလို့ဖြစ်ပေါ်လာ တာကို
လက်မခံတာပါ။ အဲဒါကို ခွဲခြားပြီးနားလည် စေချင်ပါတယ်။
သိပ္ပံပညာရှင် ဆိုတဲ့ ရုပ်ကလပ်က အရာဝတ္ထုကို ဖန်ဆင်းပေးတာလား၊ သူ့မှာ
မှီဝဲတဲ့ ဉာဏ်က ဖန်ဆင်း ပေးတာလား- ဦးဇင်း ဝေခွဲ ဆင်ခြင်ကြည့်ပါ။ ဦးဇင်းပြောသလို
အရာတစ်ခုဟာ အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ဘူး- ဆိုတဲ့ အဆိုနဲ့ တွဲပြီး
ဆင်ခြင်ကြည့် ရင်- ကမ္ဘာလောကကြီးက ရော အလိုလို ကျလာပါသလား-၊ ဆက်လက် ဉာဏ်ဆန့်ကြည့်ပါ
ဦးဇင်း- ပြီးရင် ပြန်လည် စောဒကကို သိလိုပါတယ်။
ဒကာတော်ပြောတဲ့စကားထဲမှာ အဖြေကပါပြီးသားလို ဖြစ်နေပြီလေ။
စာကြိုးစားရင် စာမေးပွဲ အောင်တယ်ဆိုတာ သူကြိုးစားလို့ အောင်တာလား? ဘုရားသခင်က
ဖန်ဆင်းပေးလို့ အောင်တာလား? ကျရှုံးရင်လည်း အတူတူပါဘဲ။ သူစာမကြိုးစားလို့
ကျရှုံးတာ လား? ဘုရားသခင်က ကျရှုံးအောင် ဖန်ဆင်းလိုက်တာလား? မိမိကိုယ်တိုင်က ကျရှုံးအောင်လုပ်ချင်တယ်ဆိုရင်
မဖြေဘဲနေလို့ ရ သလို အောင်မှတ်မရအောင် အမှားတွေချည်းဘဲဖြေလို့ကော မရနိုင်ဘူးလား?
အောင်ခြင်း ကျခြင်း ဆိုတာ တွေကတော့ လူတွေခေါ်ဆို မှတ်သားရအောင် သတ်မှတ်ထားတဲ့
သတ်မှတ်ချက်ပညတ်တစ်မျိုးပါ။ ဥပမာ- ထမင်း၊ ရေ၊ သစ်ပင်စသည်ဖြင့် သတ်မှတ်ခေါ်ဆိုသလိုမျိုးပေါ့။
အဲဒီလိုသတ်မှတ်ချက်ဆိုတာ မရှိရင် ဖြေနိုင်လို့ အောင်မြင်သွားရင် (သို့)
မဖြေနိုင်လို့ကျရှုံးသွား ရင် အောင်တယ်/ကျတယ်လို့ ပြောစရာမရှိဘဲ လူတွေသိအောင်
ဘယ်လိုပြောမှာပြမှာလဲ? အောင်တယ်/ကျတယ် ဆိုတဲ့နာမည် ပညတ်တွေဟာ ဘုရားသခင်က
ဖန်ဆင်းလို့ဖြစ်ပေါ်လာတာမျိုး မဟုတ်ဘဲ လူတွေသတ်မှတ်ခြင်းဆိုတဲ့ အကြောင်းကြောင့်
ဖြစ်ပေါ် လာတယ်ဆိုတာ သဘောပေါက်စေချင်ပါတယ်။
ဦးဇင်းရဲ့
စောကြောထောက်ပြမှုက ကောင်းပါတယ်။ ဦးဇင်းက ကျွန်တော်ထောက်ပြတဲ့ ဥပမာမှာ ဖန်ဆင်းရှင်
ဆိုတဲ့ စကားလုံး မပါ ၀င်သေးပါ။ ဦးဇင်းအနေနဲ့ ဖန်ဆင်းရှင်ဝါဒကို ကြိုတင် ငြင်းဆန်နေတယ်လို့
ခံစားမိပါတယ်။ လက်တွေ့ မစောကြောသေးပဲ ကြို တင်ငြင်းဆန်မှုဟာ ကာလာမသုတ်လား
ဝိဘဇ္ဇ၀ါဒနဲ့လည်း မကိုက်ညီပါ။ ကျွန်တော်မေးထားတဲ့ မေးခွန်းက အောင်ခြင်း၊ ကျခြင်း
ပညတ်ကို ပညတ်ထားမှု မရှိဘဲ ဘယ်လောက်ကြိုးစား ကြိုးစား အောင်ခြင်း ကျခြင်းဆိုတာ
ဖြစ်လာမှာ မဟုတ်ဘူး လို့ ပြောတာ ပါ။ အောင်ခြင်း ကျခြင်းကို ကာယကံရှင်ကိုယ်တိုင်က
ပညတ်တာလား- ကာယကံရှင် မဟုတ်သူက ပညတ်တာလား- ဆိုတာပါ။ ကာယကံရှင်ကိုယ်တိုင်က
သူ့ကြိုးစားမှု အလျှောက် အကျိုး ခံစားခွင့် အောင်ခြင်း ကျခြင်းကိုသာ
ခံစားခွင့်ရှိတယ်- မဟုတ်လား လို့ ထောက်ပြခြင်း ဖြစ်ပါတယ်။ ကိုယ်ကြိုးစားပြီး ကိုယ့်ဟာကို
အအောင်ပေးတဲ့ သဘော ဘယ်နေရာမှာများ တွေ့ဘူးပါသလဲ။ အခု ဦးဇင်း ဒေါက်တာ
အဆင့်ကျမ်းပြုနေတယ်ပဲထား-၊ ဒေါက်တာအဆင့်မှီ- မမှီကို ဦးဇင်းကိုယ်တိုင်က
ကြိုးစားပေမယ့်- ဦးဇင်း ကိုယ်တိုင် မိမိကိုယ်မိမိ စာမေးပွဲ အအောင်ပေးလို့ရပါသလား။
ဒါကိုပဲ မေးတာပါ။ အလားတူပဲ ကံ-ကံ၏ အကျိုးဆိုတာကို မိမိကိုယ် မိမိ
ဆုံးဖြတ်သတ်မှတ်လို့ ရပါသလား- စဉ်းစားဖြေဆိုပေးပါ။
ဒကာတော်အနေနဲ့ ကံတရားနဲ့ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ဆိုလိုချက်အမှန်ကို
တစ်ကယ် နားမလည်ဘူးဆိုတာ ဒကာတော်ရဲ့စာကို ကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။
စောဒကသဘောနဲ့ဆွေးနွေးချင်တယ်ဆိုရင် ဒီထက်ပိုပြီး နားလည်အောင် အားထုတ်စေချင်ပါ တယ်။
မြတ်ဗုဒ္ဓက ဖြစ်သမျှအကြောင်း အားလုံးဟာ ကံကြောင့်ချည်း ဖြစ်နေတယ်လို့
ဆိုလိုတာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ဆူးပုံကို မြင်တဲ့ လူတစ်ယောက် ဟာ ဆူးစူးနိုင်မှန်း
သိရဲ့နဲ့ အဲဒီဆူးပုံကို တက်နင်းမယ်ဆိုရင် အဲဒီလူဆူးစူးခံရတာဟာ ကံကြောင့်
မဟုတ်ပါဘူး။ အဲဒီလိုဘဲ ဒကာတော်အနေနဲ့ တစ်နေရာကိုဘဲသွားဖို့အတွက် ခြေလှမ်း,
လှမ်းတယ်ဆိုရင်လည်း အဲဒီခြေလှမ်းဟာ ဒကာတော်ရဲ့အားထုတ်မှုကြောင့်ဖြစ်ပေါ်လာတာပါ။
ကံတရား ကြောင့် မဟုတ်ပါဘူး။ အဲဒီသဘောတရားကို အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်မှာ
အတိအလင်း ဟောထားတာ ရှိပါတယ်။ ဒီလောက်ဆိုရင် မီးခဲကိုင်လို့ ပူတာဟာ ကံရှိသလောက်ပူတာ
မဟုတ်ဘူး ဆိုတာ ရှင်းပြီထင်ပါတယ်။
ဦးဇင်းအနေနဲ့လည်း
ဖန်ဆင်းမှု သီအိုရီ ဆိုတာကို ကြားဘူးနားဝ အဆင့်မျှသာ ရှိပါသေးကြောင်း မိရိုးဖလာအရ
အကြောက် အကန်ငြင်းဆန်သလို ဖြစ်နေသေးကြောင်း ဦးဇင်းရဲ့ စာသွားစာလာအရ သိနိုင်ပါတယ်။
ဒါပေမယ့် “ဒီကိစ္စကို မင်းမသိသေးပါဘူး ကွာ” ဆိုတဲ့ စကားလုံးမျိုးနဲ့ နှစ်ဦးနှစ်ဘက်
ဆွေးနွေးမှုဟာ သေချာကောင်းမွန်တဲ့ အဖြေတစ်ခုကို မရောက်နိုင်ပါ။ မတော်တဆ
ကျွန်တော့ဘက်က ဦးဇင်းပြောသလို ကံ-အကြောင်းကို မသိသေးဘဲ လျှောက်ပြောနေမိရင်
ကျွန်တော့ကို အကုသိုလ်သင့်နိုင် သလို၊ ဦးဇင်းဘက်ကလည်း ဖန်ဆင်းရှင်ကို သေချာတိကျစွာ
မသိသေးဘဲ ငြင်းဆန်နေမိရင် ဖန်ဆင်းရှင်ဆိုတာ တကယ်ရှိနေရင် ဦးဇင်းလည်း
အကုသိုလ်သင့်နိုင်ပါ တယ်။ ဒါကြောင့် မင်း မသိသေးပါဘူးဆိုတဲ့ စကားလုံးမျိုးကို
ရှောင်ပြီး ရိုးသားဖြူစင်စွာ ပဲ ဆွေးနွေးပေးလိုပါတယ်။
လက်ခံတာ လက်မခံတာက
ဦးဇင်းနဲ့ ကျွန်တော်တို့ရဲ့ တစ်သီးပုဂ္ဂလ ကိစ္စသာ ဖြစ်ပါတယ်။ -- ဒီ- မီးခဲ ဥပမာမှာ
မီးခဲသည် သူ့နဂို သတ်မှတ်မှု အပူရှိန် ဒီဂရီ ဆိုတာ ရှိနေပြီး ဖြစ်တယ်- ဆိုတာကို
ဦးဇင်း သတိထားမိစေလိုတဲ့ သဘောနဲ့ တင်ပြတာပါ-၊ အဲ့ဒီ သူ့နဂို သူ့အတွက် ရှိနေတဲ့
သတ်မှတ်မှု ဒီဂရီကို ဘယ်အရာက သတ်မှတ်ထားပါသလဲ- အသိဉာဏ်လုံးဝ မရှိတဲ့ သဘာဝ တရားက
သတ် မှတ် ထားတယ်လို့ ဦးဇင်းတွေးမိပါသလား-၊ သို့မဟုတ် အသိဉာဏ်ရှိနေတဲ့ အရာတစ်ခုကသာ
နိယာမ ဆိုတာကို သတ်မှတ်နိုင် သလား- ဦးဇင်း ဆင်ခြင်ပြီး ဦးဇင်း အတွေးအတိုင်း
ပြန်လည်ဆွေးနွေး ပေးစေလိုပါတယ်။
နောက်တစ်ချက်အနေနဲ့ ဒကာတော်ကပြောတဲ့ လူဆိုတာအရည်အသွေးသာ
မတူညီချင်နေမယ် “လူ” ဆိုတဲ့ဂုဏ်ရည်မှာ အားလုံး တူညီတယ်ဆိုတဲ့ စကားမှာ
အဲဒီလိုအရည်အသွေးတွေ မတူညီတာက ဘာကြောင့်ပါလဲ? တချို့ဖြူတယ် တချို့မည်းတယ်
တချို့ ချမ်းသာတယ် တချို့ဆင်းရဲတယ် အဲဒီလို အရည်အသွေးအားဖြင့် ကွဲပြားနေတာက
ဘုရားသခင်က ဖန်ဆင်းတာကြောင့်ဘဲလား? လူတွေ အပေါ်မှာ မေတ္တာထားပါတယ်ဆိုတဲ့ ဘုရားသခင်က
ဘာကြောင့်တန်းတူညီတူ မဖန်ဆင်းတာလဲဆို တာတော့ လူတိုင်း သိချင်နေကြတဲ့ ကိစ္စပါ။
အပေါ်ယံဆန်တယ်ဆိုတဲ့ စကားနဲ့ရှောင်လွှဲဘို့ မကြိုးစားစေ ချင်ပါဘူး။ စိတ်ကျေနပ်စေမဲ့
အဖြေမျိုး ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ နောက်ပြီး ဒကာပြောတဲ့ “အရည်အသွေး ပြည့်သွားတဲ့
လူ” ဆိုတာ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ တိုင်းတာ ပါသလဲ? ဦးဇင်းတို့ဘာသာမှာတော့
အရဟတ္တဖိုလ်ရသွား တဲ့ ပုဂ္ဂိုလ်အားလုံးကို “၀ိမုတ္တိရသကို ခံစားတဲ့သူ”
အဖြစ် သတ်မှတ်ပါတယ်။
ဟုတ်ပါတယ် ဦးဇင်း
စိတ်ကျေနပ်တဲ့ အဖြေမျိုးကို ပေးသင့်ပါတယ်။ ဒါဟာ တရားမျှတတဲ့ တောင်းဆိုမှု ဖြစ်ပါ တယ်။-
ပြသနာက လူတွေဟာ တရားမျှတတဲ့ တောင်းဆိုမှုကိုပဲ တောင်းဆိုတတ်လေ့ရှိပြီး- ပြန်လည်
ဖြေဆိုသူက တရားမျှတတဲ့ အဖြေမျိုး ဘယ်လောက်ပေးပေး- အဖြေဟာ တရားမမျှတဘူး၊
စိတ်ကျေနပ်ဘွယ် မဖြစ်ဘူး လို့ ခံစားလေ့ ရှိပါတယ်။ ဒီလို ဖြစ်ရတာဟာ “ဟေတု” ဆိုတဲ့
အကြောင်း ရင်းကြောင့်ပါ။ အစ္စလာမ်ကတော့ “ဟေတု” ဆိုတာကို မိရိုးဖလာအုပ်ဆောင်းလို့
ပြောဆိုပါတယ်။ ဦးဇင်းလည်း နိဗ္ဗာန်တို့ သုံးဆယ့်တစ်ဘုံတို့ကို ရှင်းရတဲ့ အခါများမှာ-
ရှင်းပြခံရသူများဘက်က တန်ပြန် စောဒကပေါင်းများစွာကို ကြုံရမှာပါ။ ဒါဟာ နဂိုဓါတ်ခံ
(ဟေတု) နဲ့ ဆိုင်ပါတယ်။
အခုအပေါ်ယံ
ခံစားမှုများကို အနည်းငယ် ရှင်းပါမယ်။ (အားလို့ အချိန်ရရင် ဒီကိစ္စတစ်ခုတည်းကို သီးခြား
ခေါင်းစဉ်နဲ့ ဆွေးနွေးပါ။- တတ် အားသမျှ ရှင်းပြပါမယ်။)
(၁) အသားရောင်ပြသနာ-၊
ဒါကို လူသားတွေက သတ်မှတ်တာပါ။ ကုရ်အံကျမ်းမှာ အသားအရောင် မျိုးနွယ် ခွဲခြား သတ်မှတ်
ဖြစ် တည်စေတဲ့ အကြောင်းရင်းက လူသားချင်း လွယ်ကူစွာ မှတ်မိစေဘို့သာ ဖြစ်တယ်လို့
ဆိုပါ တယ်။ ခွဲခြား ဆက်ဆံဘို့ မဟုတ်ပါ။- ဒါကြောင့် အစ္စလာမ်လောကမှာ အသားဖြူ အသားမဲ
ခွဲခြားထားမှု မရှိပါ၊ အားလုံးဟာ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်ကြပါတယ်။
အပြင်လောကမှာ-
နိုင်ငံရေးအာဏာလုနေတာက ဖြစ်တည်လာတဲ့ ပြသနာ ဖြစ်ပါတယ်။ လူမဲနဲတဲ့ အရပ်မှာ လူမဲက
အနှိမ်ခံဖြစ် တယ်။ လူများစု လူဖြူတွေက အာဏာနဲ့ အုပ်ချုပ်ခွင့်ကို ကိုင်ထားချင်တာကိုး-
အလားတူ လူမဲများတဲ့ အရပ် ဥပမာ မာဒါဂါ့စ်ကာ ကျွန်းနိုင်ငံကြီးမှာ လူဖြူ
မလေးမျိုးနွယ်တွေက အစဉ်အလာနဲ့ အနှိမ်ခံ နေရဆဲပါ။ အာဖရိက နိုင်ငံများ အားကောင်းစဉ်က
မလေး၊ အင်ဒို ဘက်ထိ ရေတပ်တွေ ရောက်ပြီး မလေး အင်ဒိုက မလေးလူဖြူများကို ဖမ်းဆီးက
ကျွန်အဖြစ် ပြုကျင့်ခဲ့ ပါတယ်။ အဲ့ဒီ မျိုးဆက်က အာဖရိက ကမ်းရိုး တမ်းနိုင်ငံတွေမှာ
အခုထိ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ အထူးသဖြင့် မာဒါဂါ့စ်ကာ မှာ အခုထိ အကြီး အကျယ်
ရှိပါတယ်။
ဒါက
နိုင်ငံနယ်တစ်မိတ်တစ်ခုကို သတ်မှတ်တဲ့ ဧရိယာအတွင်းမှာ လူများစု လူနည်းစု ပြသနာလို့
ခေါ်ပါတယ်။ အရေပြားပြသနာ မဟုတ်ပါ။ အရေပြားအရောင်က အာဏာမက်သူတွေရဲ့ အကြောင်းပြ
ချက်တစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း ဒီပြသနာ ရှိနေတာပဲ- ဗမာနဲ့ ကရင်အကြားပြသနာ၊
ဗမာနဲ့ မွန် အကြား ပြသနာ- အရေပြားကို အကြောင်းပြလို့ မရရင်- အခြားရတဲ့နည်းနဲ့
အကြောင်းပြနေတာပဲ လေ။ နောက်ဆုံး လူမျိုးတူ အရောင်တူ ဘာသာတူ ဖြစ်ရင်တောင် ပါတီ၊
ခံယူချက် မတူညီတာကို အကြောင်းပြပြီး- အနိုင်ရတဲ့ အုပ်စုက အနိုင်မရတဲ့ အုပ်စုကို
နည်းမျိုးစုံ ဖိနှိပ်နေတာပဲ မဟုတ်လား။ ဒီတော့ ဒီကိစ္စကို
ဘုရားသခင် က ဘာဖြစ်လို့ တစ်ပြေးညီ မလုပ်ထားတာလဲ- ဆိုတဲ့ မေးခွန်းက ကလေးဆန်တဲ့
မေးခွန်းပါ။ ဒါပေမယ့် နားမလည်သူအတွက် မေး သင့် ပါတယ်။-
ဇစ်မြစ်ရှင် ဖြစ်တဲ့ အသင်္ခတဓါတ်တော်
ပရမတ်ဘုရားက- လူသားကို လောကအပေါင်းအတွက် ဘုရား ဖြစ်စေဘို့ ဖြစ်တည်စေ တာ- လို့ ကုရ်အံ ၆း၁၆၅ မှာ
ပြောထားပါတယ်။ ပြီးတော့ အဲ့ဒီ လူသားထဲက အဖြူစင် အသန့်ရှင်းဆုံးသူသည်သာ
အမြင့်မြတ်ဆုံး အဖြစ် ဖြစ်တည်စေတယ်လို့ ၉၅း၎ မှာ ပြောထားပါတယ်။
တစ်ကယ်လို့ လူသားကိုသာ ဘုရားဖြစ်စေဘို့ဆိုတဲ့
ဂုဏ်ရည်ဓါတ် မပါဝင်ဘဲ ဖြစ်တည်စေမယ်ဆိုရင် လူသားဟာလည်း
အခြား ရုပ်ဝတ္ထုပစ္စည်းတစ်ခုလို (ဥပမာ ကျောက်ခဲတစ်ခုလို) ဘာ စောဒကမှ မရှိဘဲ လောကမှာ
အလိုက်သင့်နေတဲ့ ပစ္စည်းတစ်ခု ဖြစ်နေ မှာပါ။
ဘုရားဖြစ်စေမယ့် အရာမှာ
ဘုရားဖြစ်မယ့် အရည်အချင်းဓါတ် “ဉာဏ်” လိုအပ်သလို- အဲ့ဒီ ဉာဏ်အတွက် တွန်းအား ဆန္ဒ
လိုအပ် ပါတယ်။ အဲ့ဒီ ဆန္ဒ ဆိုတာကလည်း အရာအားလုံးကို သိနိုင် စပ်စုနိုင်ဘို့
လွတ်လပ်ခွင့် လိုအပ်ပါတယ်။ လွတ်လပ်ခွင့် မရှိရင် သူ့မှာ ဆန္ဒ ဘယ်လောက်ရှိရှိ
သူစပ်စုဘို့ အခွင့်မရခဲ့တာကို သိနိုင်အား မရှိပါ။
ဥပမာ-
မွတ်စလင်ကလေးတစ်ဦးကို သူ့မိဘများက ဇာတ်ပျက်မှာ စိုးလို့ ဆိုပြီး-
ဘုန်းကြီးကျောင်းတို့ စေတီပုတိုး တို့ကို သွား လာခြင်းက တားမြစ်ထားတာမျိုး
ရှိတတ်တယ်။- ဒီတော့ အဲ့ဒီကလေးဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက် ပြီး လေးလေးနက်နက် တိတိ ကျကျ
သိနိုင်ဘို့ရား အားနည်းသွားတယ်။ ဒီတော့ သူ့မှာ သိအပ်တဲ့ အသိတစ်ခု
ချို့ယွင်းနေတယ်လို့ သုံးသပ်နိုင်တယ်။ သူ့မှာ ကြားဘူးနားဝလောက်သာ ရှိမယ်။
ဗုဒ္ဓဘာသာရဲ့ ပြင်ပက ဗုဒ္ဓ ဘာသာအကြောင်း မကောင်းဝါဒဖြန့်တာများကိုပဲ
သိခွင့်ပိုရှိမယ်။ ဒီလို ဆိုရင် သူဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ ကို ကောင်းမွန်စွာ
သိခွင့်မရဘူးပေါ့။--
အလားတူပဲ-
ပရမတ်ဘုရားရှင်က လူသားကို ဘုရားဖြစ်စေဘို့ ဂုဏ်ရည်နဲ့ ဖြစ်တည်စေတယ်။ ဒါပေမယ့်
သူ့မှာ အဲ့ဒီ ဉာဏ်ကို ပံ့ပိုးပေးမယ့် ဆန္ဒ ဆိုတာ မပါဝင်ဘူး၊ ဆန္ဒ ဆိုတာ
ပါပြန်တော့လည်း ဆန္ဒက မလွတ်လပ်ဘူး ဆိုရင် သူက သူ့ဉာဏ်ရည်ကို ဘယ်လိုများ
ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင် မလဲ-၊ ဉာဏ်မဖွံ့ဖြိုးရင် သူဟာ ဘယ်လိုလုပ်ပြီး ဘုရား
ဖြစ်နိုင်မလဲ။ ဒါကြောင့် ဆန္ဒကို လွတ်လပ်ခွင့်ပုံစံနဲ့ ပြဌာန်းထားပြီး ဖြစ်ပြန်တယ်။ အဲ့ဒီ ဆန္ဒရဲ့
လွတ်လပ်ခွင့်ထဲမှာ- ဆန္ဒကို ၀ိုင်းရံအားဖြည့်တဲ့ လောဘ၊ ဒေါသ၊ မာန၊ မောဟ တွေက
ရှိလာပြန် တယ်။- ဒါတွေဟာ ဒွန်တွဲ ဖြစ်တည်စေတဲ့ နိယာမတွေ ဖြစ်ပါတယ်။
ဥပမာ ကွန်ပြူတာတစ်လုံး
ဆိုပါတော့- အထဲက စက်ချည်း မတည်ဆောက်ဘူး- အပြင်က အကာ၊ လျှပ်စီးလမ်း ကြောင်း ကီးဘုတ်
စတာတွေနဲ့ ၀ိုင်းရံပေးပြီး အားလုံးပေါင်း တစ်ခု ဖြစ်စေတဲ့ သဘောပါ။ ဒါတွေရဲ့ အချုပ်က ဉာဏ် ဆိုတဲ့ အရာကို
ဝိုင်းရံပေးရတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဉာဏ်ကြီးလေ အဲ့ဒီ အရာကြီးလေပဲ။
သဘာဝဉာဏ် လောက်သာ
ပိုင်ဆိုင်တဲ့ အခြားတိရိစ္ဆာန်တွေမှာ အဲ့ဒီအရာများ ပါဝင်ခြင်းက အလွန်အားနည်း ပါတယ်။
ဥပမာ တိရိစ္ဆာန်တစ်ကောင်မှာ လောဘ ဆိုတာ မရှိဘူး- သူ စားဘို့လောက်ပဲ သူလိုက်ရှာလေ့
ရှိတယ်။ ဒါပေမယ့် အစာလုတဲ့ သဘောတွေကို တွေ့ရမယ်-၊ အဲ့ဒါတွေက မတော်လောဘကြောင့်
မဟုတ်ဘူး-၊ သူ့ဝမ်းက တောင်းဆိုမှုကြောင့်သာ ဖြစ်တယ်။ သူ့ဝမ်းပြည့်သွားရင် သူ့အနေနဲ့
နောက်နေ့စားဘို့ အပို သယ်မသွားဘူး။ သူ့ဟာသူ လှည့်ပြန်သွားပါတယ်။ ကျန်တဲ့အကောင်တွေ
စားလို့ ရပါတယ်။ ဒါတွေ ဟာ သတ္တ၀ါတစ်ကောင်ချင်းစီမှာ ဖြစ်တည်စေထားတဲ့ မိမိကိုယ်မိမိ
ရပ်တည်ရှင်သန်စေခြင်း အတတ်လို့ သတ်မှတ် ပါတယ်။
လူဟာ ရုပ်အားဖြင့်
အခြား တိရိစ္ဆာန် တစ်ကောင်ကဲ့သို့ ဖြစ်တယ်။ ဉာဏ်အားဖြင့် အခြားတိရိစ္ဆာန်များထက် သာတယ်။
(အထက်မှာ ရှင်းပြခဲ့ပါပြီ)။ ဒီမှာ ဉာဏ်ဟာ ဉာဏ်အလုပ်ကိုသာ လုပ်ဆောင်ရင် သို့မဟုတ်
ရုပ်နဲ့ ဉာဏ်ကို အလုပ်ခွဲခြား လုပ်ကိုင်တတ်ရင် (အလုပ်ခွဲခြား လုပ်ကိုင်နည်းလည်း
ရှိပါတယ်။) လူ ဖြစ်ရခြင်း ဂုဏ် ရည် (ဉာဏ်ပိုင်ရခြင်း ဂုဏ်ရည်) အလျှောက် ဘုရား
ဖြစ်ခြင်း ဆီသို့ ဒီဂရီ အလျှောက် နီးစပ်လာပါတယ်။
ဒီလိုမဟုတ်ဘဲ- ဉာဏ်က
ရုပ်အလိုချည်း လိုက်နေရင်- (ရုပ်က သူ့တစ်နပ်စာ သူဝရင် ကျေနပ်သွားပေမယ့်- ဉာဏ်က နောက်နေ့
နောက်နှစ် သားစဉ်မျိုးဆက် စားဘို့ပါ တိုက်တွန်းနေရင်) ဉာဏ်ကို လောင်စာပေးတဲ့ ဆန္ဒ ဟာ
ဉာဏ်ရဲ့ လောင်စာ မဟုတ်တော့ ဘဲ ရုပ်ကို မြှောက်ပင့်ပေးတဲ့ လောင်စာလို ဖြစ်သွားပါတယ်။
(သူက လွတ်လပ်ခွင့် ရှိနေတာကိုး)။
တကယ်တော့ ဆန္ဒက ဉာဏ်ကို
ဖြူဖြူစင်စင်အားပေးမှ ဉာဏ်က ဖြူစင်ကောင်းမွန်မှုနဲ့ ဖွံ့ဖြိုးလာမှာပါ။ ဒီနေရာမှာ စောဒက တစ်ခု ရှိပြန်တယ်- အဲ့ဒီ ဆန္ဒကို အဲ့ဒီ ပရမတ်ဘုရားက ဘာဖြစ်လို့ ဖြူဖြူစင်စင်ပဲ ဉာဏ်ကို
အားပေးဘို့ မပြဌာန်းထားတာလဲပေါ့။
ဟုတ်ပါတယ်- ဒီလိုဆိုရင်
ဆန္ဒ အတွက် “လွတ်လပ်စွာ” ဆိုတဲ့ စကားက
တစ်ခြမ်းပဲ့သွားပါလိမ့်မယ်။ လူတစ်ဦးက လူငယ်တစ်ဦး ကို “မင်း လွတ်လွတ်လပ်လပ်
အိမ်ထောင်ဘက်ကို ရွေးပါ။ ဒါပေမယ့် ဦးနီရဲ့ သမီးကိုပဲ ယူရမယ်၊” ဆိုတာမျိုး
ဖြစ်နေပါလိမ့် မယ်။ နောက်ထပ်စောကြောမှု တစ်ခုက- ဒီလိုဆိုလည်း လူတွေကို ဒုက္ခ
မဖြစ်စေမယ့် အရာတွေချည်း ဖန် ဆင်းထားပေါ့- လို့ ပြောနိုင်ပါတယ်။
ဒါလည်း အင်မတန်မှ
အတွေးအခေါ်နိမ့်တဲ့ မေးခွန်းပါ။ တစ်ကယ်တော့ ကမ္ဘာလောကမှာ ဒုက္ခ၊ သုခ ဆိုတာ အားလုံးက
မာယာတွေ ပါပဲ။ လွတ်လပ်ခွင့်ပေးထားတဲ့ ဆန္ဒက ထပ်ဆင့်ဖန်ဆင်းထားတဲ့ အရာများသာ ဖြစ်ပါ တယ်။
“ဆန္ဒ” ဆိုတာသာ မရှိခဲ့ရင်- ဒုက္ခ တို့ သုခ တို့ မရှိဘူးလို့ ပြောပါရစေ။
ဥပမာ- အလိုဆန္ဒနည်းတဲ့
(ရောင့်ရဲနိုင်တယ်ဆိုတဲ့ ပညတ်အောက်က လူသားတွေနဲ့) အလိုဆန္ဒများတဲ့ လူသား တွေ-
နှိုင်း ယှဉ်ကြည့်ပါ။ ဘယ်သူတွေက ဒုက္ခ- သုခ ပိုများသလဲ တွေ့နိုင်ပါတယ်။ အလို
ဆန္ဒများသူများသာ သုခ ပိုရှိနိုင်တယ်- (သူဌေး ကြီး ဖြစ်ပြီး တိုက်ကြီး တာကြီး
ကားကြီးတွေနဲ့ နေနိုင်တယ်။) ဒုက္ခလည်း ပိုများနိုင် တယ် (လိုတာ မရလွန်းလို့
ခံစားရတဲ့ ဝေဒနာ များပါ။) အလိုဆန္ဒ မများတဲ့ လူများက အဲ့လောက် ဒုက္ခ ဆိုတဲ့
ခံစားချက်၊ သုခဆိုတဲ့ ခံစားချက်များ မရှိနိုင်ပါ။ ဒါကြောင့် လူ ပီသ စွာ မဖြစ်သေးတဲ့
(ဖလောင်းအဆင့်မျိုး) လူတွေပြောဆို ခံစားနေတဲ့ ဒုက္ခ သုခ ဆိုတာမှာ ဘာသာရေးဝန်ဆောင်
စစ်စစ်များက ခံစားနေခြင်း မရှိဘဲ-၊ လူစစ်သွားရင် အားလုံးအတူတူပဲလို့ ဒဲ့ဒိုး
ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ (ဦးဇင်း မေးလိုရာကိုဆက်မေးပါ။)
ဒကာတော်အနေနဲ့ ဒီနေရာမှာ
ဥတုနိယာမ၊ ဗီဇနိယာမ၊ ကမ္မနိယာမ၊ စိတ္တနိယာမ၊ ဓမ္မနိယာမဆိုတဲ့ နိယာမ (၅) မျိုးကို
နား လည်အောင်လေ့လာထားသင့်တယ်လို့ အကြံပြုပါရစေ။ အားလုံးကို ရှင်းပြနေရင်
စာရှည်နေမှာစိုးလို့ ဗီဇနိယာမနဲ့ဘဲ ဥပမာပေးပြီး ရှင်းပြပါ့မယ်။
မျိုးစေ့လို့ခေါ်တဲ့ဗီဇဟာ သရက်စေ့ဆိုရင် သရက်ပင်ပေါက်မှာဖြစ်ပြီး မန်ကျည်းစေ့ဆိုရင်
မန်ကျည်း ပင်ပေါက်ပါလိမ့် မယ်။ အဲဒီနေရာမှာ တစ်စုံယောက်က ဖန်ဆင်းတာမျိုး မဟုတ်ဘဲ
မျိုးစေ့ရဲ နိယာမသဘောတရားအရ သရက်စေ့က သရက် ပင်ပေါက်တဲ့ သဘောပါ။ ဒါကို
ဗီဇနိယာမလို့ခေါ်ပါတယ်။ အဲဒီလိုဘဲ ကံတရားက အကျိုးပေးတဲ့အခါမှာ ကောင်းတဲ့ ကုသိုလ်ကံ က
ကောင်းတဲ့အကျိုးတရားကိုဖြစ်စေပြီး မကောင်းတဲ့ကံက မကောင်းတဲ့အကျိုးတရားကို
ဖြစ်စေပါတယ်။ အဲဒီလို အကျိုးပေး တဲ့နေရာမှာ တစ်စုံတစ်ယောက်ကနေပြီး
စီမံအမိန့်ပေးတာမျိုးမဟုတ်ဘဲ ကမ္မနိယာမသဘောတရား အရ သူ့အလိုလို
အကျိုးပေး တာဖြစ်ပါတယ်။ ငရုတ်သီးစားရင် စပ်တယ်ဆိုတယ်ဆိုတာ ငရုတ်သီးမှာ စပ်စေတဲ့ အစွမ်းက
ပါပြီးသားမို့ပါ။ တစ်စုံတစ်ယောက် ကနေပြီး ဒီပုဂ္ဂိုလ်စားရင် စပ်စေ ဟိုပုဂ္ဂိုလ်စားရင်
မစပ်ပါစေနဲ့ဆိုပြီး အမိန့်ပေးတာမျိုးကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် ဒကာပြော တဲ့
auto တံခါးမှာလည်း တံခါးဖြစ်ပေါ်လာအောင် ပြုလုပ်ထားခြင်းသည် အကြောင်း
တံခါးဖြစ်ပေါ်လာခြင်းသည် အကျိုးတရားပါ။ အဲဒီတံခါးကို ဘယ်သူမှ မဖွင့်ဘဲ ဒီအတိုင်းဘဲထားရင်
ပွင့်လာစရာအကြောင်းမရှိပါဘူး။ တစ်ယောက်ယောက်က ဖွင့်လိုက်မှသာ လျှင် ပွင့်လာ မှာပါ။
တစ်စုံတစ်ယောက်ပယောဂကြောင့် ပွင့်လာတယ်ဆိုရင် အဲဒီအားထုတ်မှုပယောဂသည်အကြောင်း
ပွင့်လာခြင်း သည် အကျိုးတရားလို့ မှတ်ထားစေချင်ပါတယ်။
ဦးဇင်းနဲ့ ကျွန်တော်
ဆွေးနွေးတာမှာ တစ်စုံတစ်ခုတော့ ကွာဟနေပါတယ်။ ကျွန်တော်က ဇစ်မြစ်မူရင်း ကို
ပြောဆိုတင်ပြတယ်- ဦးဇင်းက အဲ့ဒီ ဇစ်မြစ်မူရင်းကို ဖျောက်ပြီး
ကြားဖြတ်ပြောဆိုနေတဲ့ သဘော ဖြစ်ပါတယ်။ ဥပမာ- ရန်ကုန်က ထွက်လာတဲ့ ကား တစ်စီး
မန္တလေးရောက်တော့၊ “ဘယ်က လာခဲ့ သလဲ” လို့ မေးတာကို “ပဲခူး ကျော်လာတယ်ကွာ” လို့
ဖြေသလိုဖြစ်နေပါတယ်။ အခု ကျွန်တော်မေးနေတာက “ဗီဇနိယာမ” ဆိုတာမှာ “နိယာမ” ဆိုတဲ့
ပြဌာန်းချက်က ရှိနေပြီး ဖြစ်တယ်- အဲ့ဒီ နိယာမကို ဘယ် အရာ ပြဌာန်းထားပါသလဲ- လို့
မေးတာပါ။ နိယာမကြောင့် ဖြစ်တာတဲ့ အကျိုးဆက်ကို မေးတာ မဟုတ်ပါ။ နိယာမ ဆိုတဲ့
အရာဖြစ် လာရတဲ့ အကြောင်းရင်းကို မေးနေခြင်း ဖြစ်ပါတယ် ဦးဇင်း-၊ ငြုတ်သီးဟာ စပ်တယ်
ဆိုရင်- အဲ့ဒီ ငြုတ်သီးကို စပ်စေတာ သူ့ရဲ့ ဗီဇ နိယာမ ကြောင့်ဖြစ်တယ်။ အဲ့ဒီ
ဗီဇနိယာမတိုင်းကို ဆင်ခြင်ကြည့်ပါ- တိကျမှန်ကန်နေတယ်။ ငြုတ်စေ့ က သရက်ပင်
မပေါက်ဘူး၊ သရက်စေ့က ဖရဲပင် မပေါက်ဘူး-၊ သူ့အတိုင်း မှန်ကန်ညီညွတ်နေတယ်-၊
ဒီလောက်တိကျသေချာ နေတာများကို ဘာအသိဉာဏ်မှ မရှိခဲ့တဲ့ သဘာဝတရားက ဖြစ်စေတာလား- လို့
မေးခြင်းပါ။
ပြီးတော့
ဒီချင်းချက်မှာ ဗီဇနိယာမ အလျှောက် အလိုလိုဖြစ်တယ် ဆိုတဲ့ စကားကို ဦးဇင်း
ထည့်ပြောမိ နေပါတယ်။ ကျွန်တော်မေး ထားတာမှာ Auto တံခါးတစ်ချုပ်ဟာ အလိုလို
ဖြစ်နေပါသလားလို့ မေးထား တာပါ။ ပြန်လည်ဆက်စပ် ဆင်ခြင်ပြီး ဆွေးနွေးစေ လိုပါတယ်။
(ဒီကိစ္စမှာလည်း ဖန်ဆင်းရှင်ကို မထိုးချပါနဲ့ ဦး တီထွင်ရှင် မရှိဘဲ
အလိုလိုဖြစ်မဖြစ်ကိုပဲ အရင် ဖြေပေးစေလိုပါတယ်။)
ကျန်တာတွေ ဒီမှာ ဆက်ဖတ်ပေးပါရန်-
အရှင်ကောမလ (ခ) ဆန်နီနေမင်း နှင့် ဒုတိယအကြိမ် မေး/ဖြေ (၂)